ပြည်သူတွေကို ရွေးကောက်ပွဲပညာ ဘာကြောင့်ပေးဖို့ လိုလဲ

0
7612

မုဒုံမြို့ မြို့မ (၁) ရပ်ကွက်၏ ပျံကျဈေးနံက်ခင်း သဲသဲမဲမဲ ရွာသွန်းနေသည့် တော်သလင်း မိုးကြီးအောက်တွင် ဟောင်းနွမ်း အရိုးကျိုး ထီးကိုဖြန့်ကာ မိမိကိုယ်ထက် အကြော်စုံဗန်းအား မိုးဒဏ်လေဒဏ်မှ ကာကွယ်ရင်း အသက် (၅၅) အရွယ် ဒေါ်အေးမြင့်က “၂၀၁၀ တုန်းက မဲထည့်ခဲ့တယ်၊ အခု ရွေးကောက်ပွဲ လုပ်မှာကိုလဲ သိပါတယ် ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှကို မသိနေဘူး ဒီနေ့ထိလည်း မုဒုံမှာ ပါတီ ဘယ်လောက်ရှိတယ် ဘယ်သူတွေ အရွေးခံမယ် ဘယ်သူမှလည်း လာမပြောဘူး ဘယ်သူ့ကို မဲထည့်ရမှန်းလဲ မသိသေးဘူး ထမင်းမငတ်အောင် မိုးလင်းမိုးချုပ် အရပ်တကာလှည့်ပြီး ဈေးရောင်းနေရတာနဲ့ပဲ အချိန်ကုန်နေတော့ မဲစားရင်းလည်းသွားမကြည့်လိုက်ရဘူး” ဟု ပြောသည်။

ဒေါ်အေးမြင့်လိုဘဲ မုဒုံမြို့နယ်မှာ ရွေးကောက်နှင့် ပတ်သက်ပြီး နားမလည်သူတွေ မသိသူတွေ အများကြီးရှိနေသည်။

“ယနေထိ ဒို့ရွာမှာ ဘယ်သူတွေ ဘယ်ပါတီတွေ ဝင်ပြိုင်ကြမယ် ဆိုတာရယ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးလို့လည်း ဘယ်လိုမျိုးပေါ့ ရွေးကောက်ပွဲ လုပ်မှာကိုတော့ သိတယ်။ ကျနော့်လို တစ်နေ့၄-၅ ခေါက်လောက် မြို့တက်နေတဲ့ လူတောင် မသိနေတော့ မင်း – ရွာကိုသွားပြီးမေးကြည့်လိုက် လူတိုင်းလိုလို မသိဘူးလိုဘဲ ဖြေကြမယ်” ဟု မုဒုံမြို့နယ် ကော့ပရံကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ကားသမား ကိုလှထွန်းက ပြောသည်။

မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်လူထုအား လာမည့်-၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် စနစ်တကျမဲပေးနိုင်ရေး အသိပညာပေးလှုပ်ရှားမှုများ များစွာ လိုအပ်နေသေးသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့က ပြောသည်။

“မဲဆန္ဒနယ်မြေတစ်ခုမှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထောက်ခံမဲအများဆုံးရရှိသူကသာ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် သတ်မှတ်တဲ့ နိုင်သူအကုန်ယူ FPTP (First Past The Post) စနစ်ဖြစ်တယ် ဒါကြောင့်လည်း မဲဆန္ဒရှင်လူထုက မဲပေးပုံ မဲပေးနည်းကို စနစ်တကျတတ်မြောက် သိရှိ နားလည်ထားဖို့လိုတယ် စနစ်တကျ ဆန္ဒမဲ ပေးတက်မှ ပယ်မဲတွေနဲလာမယ် ပယ်မဲတွေကြောင့်လည်း ကိုယ်ဖြစ်စေချင်တဲ့ ကိုယ်လိုချင်တဲ့ တကယ်တမ်း လူထုအကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲ မရောက်ခဲ့တာတွေကို ကျနော်တို့(၂၀၁၀) ရွေးကောက်ပွဲဖြစ်စဉ်မှာ ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်တယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှား ကိုမင်းနိုင်က ပြောသည်။

မုဒုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမြင့်သောင်းက “အောက်တိုဘာ ဒုတိယအပတ်လောက်မှ မဲပေးပုံ မဲပေးနည်းနဲ့ ပတ်သက်ပြီး လူထု၊ မဲရုံမှူး၊ ဒုမဲရုံမှူး မဲရုံမှာ ပါဝင်တဲ့အဖွဲ့ဝင်တွေရယ် မဲရုံကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးပါတီတွေကိုလည်း မဲရုံသရုပ်ပြဖို့ရှိတယ်”

လက်ရှိတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများကလည်း ခရိုင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလမ်းညွှန်ချက်အရ ရပ်ကွက် ကျေးရွာထိ မဲဆန္ဒရှင်အချို့နှင့် တွေ့ဆုံကာ မဲစာရင်းပြန်လည်လျှောက်သည့်ကိစ္စ ကြိုတင်မဲကိစ္စနှင့် မဲပေးပုံ ပေးနည်းကိစ္စတို့ကို လိုက်လံ ရှင်းလင်းလျက်ရှိသည်ဟု ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုများကို မုဒုံ မွန်လူငယ်အဖွဲ့နှင့် အားမာန်သစ်လူငယ်အဖွဲတို့က လိုက်လံ လုပ်ေဆောင်ပေးတာရှိသလို ရွေးကောက်ပွဲဝင်သည့် နိုင်ငံရေးပါတီတို့က လုပ်ဆောင်နေတာတွေရှိပေမယ့် ပြည်သူလူထုများ နားလည်လာအောင် များစွာ လုပ်ဆောင်ပေးဖို့ လိုသည်ဟု အားမာန်သစ် မုဒုံလူငယ်အဖွဲ့မှ ကိုသိန်းဇော်က ပြောသည်။

မုဒုံမြို့နယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မွန်အမျိုးသားပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့တို့က နေရာအပြည့် ဝင်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီနှင့် အမျိုးသမီးပါတီ (မွန်)၊ တသီးပုဂ္ဂလတို့ကလည်း ဝင်ပြိုင်ကြမည်ဖြစ်သည်။

ဝင်ပြိုင်ကြမည့် ပါတီများမှ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၈)ဦး၊ အမျိုးသား လွှတ်တော်အတွက် (၆) ဦး၊ ပြည်နယ်လွှတ်တော် အမှတ် (၁) အတွက် ကိုယ်စားလှယ် (၇) ဦးနှင့် အမှတ်(၂) အတွက် ကိုယ်စားလှယ်လောင်း (၆)ဦး ဝင်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသား ကိုယ်စားလှယ်လောင်း ၂၁ ဦးနှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်သည်။

ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများကို ၁၉၅၁ ခုနှစ်၊ ၁၉၅၆ ခုနှစ်၊ ၁၉၆၀ ခုနှစ်၊ ၁၉၉၀ ခုနှစ်၊ ၂၀၁၀ ခုနှစ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ရလာဒ်တွေက အခြေခံလူတန်းစားတွေ နိမ့်ပါးသည်ထက်နိမ့်ပါး နွမ်းပါးသည်ထက် နွမ်းပါးလာကြောင်း အသက် (၇၄) နှစ်အရွယ် အငြိမ်းစားကျောင်းအုပ်ဆရာ၊ နိုင်ငံရေးပင်စင်စား ဦးဝမ်ထိန်က ပြောသည်။

“နဂိုကတည်းက ရွေးကောက်ပွဲ အတွေ့အကြုံ နုနယ်ပြီး ရွေးကောက်ပွဲအပေါ် ကြောက်ရွံ့စိုးရိမ် နားမလည်မှုများ ခံစားနေကြရတော့ ပြည်သူလူထုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြေခံမဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် မဲစားရင်းသွားကြည့်ရှုရမယ်၊ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်ရမယ် မဲစားရင်းမှာ နာမည်ပါမှ မှတ်ပုံတင်ရှိမှ သက်သေခံကဒ်ပြားရှိမှ မဲပေးခွင့်ရမယ် စတဲ့ အချက်တွေက လူထုတကယ် မဲပေးချင်စိတ်ကို ဟန့်တား နှောင့်ယှက်သလိုဖြစ်စေတယ်၊ ရပ်ကွက်ရုံးကို ဘယ်သူကမှ အချိန်ကုန်ခံပြီး မဲစာရင်းသွားမကြည့်လိုကြဘူး နောက်ပြီး မဲပေးပိုင်ခွင့်ရှိသော်လည်း မဲလာမထည့်လည်း နေလို့ရတဲ့အချက်ကလည်း ကိုယ်စားလှယ်လောင်းရဖို့ အခက်လည်း ဖြစ်စေတယ်” ဟု ၎င်းက ဆက်ပြောသည်။

Pyidaungsu Institute မှစုစည်းတင်ပြသည့် “အတိတ်ကပြောသော အနာဂတ်စိန်ခေါ်မှု” တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ် မြို့နယ်များရှိ ပြည်သူ့လွှတ်တော်နယ်တွင် ပယ်မဲ (၅၈၇၁၆) အမျိုးသား လွှတ်တော်တွင် (၄၅၇၅၄) ပြည်နယ် လွှတ်တော်တွင် (၅၀၇၉၄) ဦးရှိသည်။ ထို့အတူ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း လစ်လပ်နယ်မြေများ၌ ပြည်သူ့လွှတ်တော်တွင် (၂၃၄၁၆၀) ဦး အမျိုးသားလွှတ်တော်တွင် (၈၃၄၅၅) ဦး ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် (၈၁၈၀) ဦးရှိကြောင်း ဖော်ပြထားသည်။ ယင်းတို့ကိုထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုများ စနစ်တကျ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အသိပညာပေးမှုများ လိုအပ်လျက်ရှိကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.