အမျိုးသားတိုးတက်ရေးပါတီက သံဃာတော်များ မဲပေးပိုင်ခွင့် ရှိ၊ မရှိ လွှတ်တော်တွင် မေးခွန်းထုတ်မည်ဆို

0
7767

နိုင်ငံတော် သမ္မတ၏ အကြံပေးရာထူးမှ အငြိမ်းစား ယူထားသူ ဒေါက်တာနေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ (NDP) က လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသည့် ကိုယ်စား လှယ်များ လွှတ်တော်ထဲရောက်သည့်အခါ သံဃာတော်များ မဲပေးခွင့်ရှိ မရှိဆိုသည်ကို မေးမြန်း သွားမည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ပါတီမဲဆွယ်စည်းရုံးဟောပြောပွဲနှင့် ပါတီ ကိုယ်စားလှယ်လောင်းများကို သံဃာတော်များနှင့် ဒေသခံများထံ အပ်နှံပွဲတွင် ပါတီဥက္ကဌ ဒေါက်တာ နေဇင်လတ်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၂ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အမျိုးသား တိုးတက်ရေးပါတီ မဲဆွယ်စည်းရုံး ဟောပြောပွဲ၌ တက်ရောက်လာသည့် သံဃာတော် တစ်ပါးက ပါတီ အနေဖြင့် လွှတ်တော်ထဲ ဝင်ရောက်နိုင်ပါက သံဃာတော်များ မဲပေးခွင့်ကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည့် အကြောင်း မေးမြန်းရာတွင် ဒေါက်တာနေဇင်လတ်က ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ဒီမိုကရေစီ အဖြစ်ပြောင်းလဲပြီးတော့ ဒီမိုကရေစီ ကျင့်စဉ်တွေ ကျင့်တဲ့နိုင်ငံမှာ ညီတူညီမျှဖြစ်ဖို့လိုတယ်။ တပည့်တော်တို့ရဲ့ ပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ကိုရောက်တဲ့အခါမှာ အခြားသောပါတီတွေက ကိုယ်စားလှယ်ကို မေးခွန်းပြန်ထုတ်ပါ့မယ်။ တပည့်တော်တို့နိုင်ငံမှာ အခြားဘာသာဝင်တွေရဲ့ ဘာသာရေး ခေါင်းဆောင်တွေဟာ မဲပေးခွင့်ရှိသလား သူတို့ရှိတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ တပည့်တော်တို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ သံဃာတော်တွေက မဲပေးခွင့်မရှိရမှာလဲ” ဟု ပြောသည်။

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ အရ ဆန္ဒမဲပေးပိုင်ခွင့် မရှိသူများမှာ သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ် ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူ၊ လူမွဲအဖြစ် ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ အရ တားမြစ်ခြင်း ခံရသူ၊ နိုင်ငံခြားသား သို့ နိုင်ငံခြားသား အဖြစ် ခံယူထားသူများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သံဃာတော် ဦးရေ ငါးသိန်းဝန်းကျင် ရှိသည်။

ယင်းအပြင် ပါတီ အနေဖြင့် မကြာသေးခင် ပြဌာန်းလိုက်သော မျိုးစောင့် ဥပဒေများကို ထောက်ခံပါသလားဟု သံဃာတော်က မေးခွန်း ထုတ်ရာတွင်လည်း ပါတီဥက္ကဌ ဒေါက်တာနေဇင်လတ်က “ပြတ်ပြတ်သားသား ထောက်ခံသည်” ဟု လည်း ပြောသည်။

၎င်းပြင် မိဘပြည်သူများက ယုံကြည်ပြီး ရွေးချယ်လိုက်သည့် အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်များ လွှတ်တော်ရောက်ပါက ထူးထူးခြားခြား ကိုယ်စားမပြုနိုင်သည့် ကိုယ်စားလှယ်ရုပ်သိမ်းပိုင်ခွင့် ဥပဒေ စတင်ပြဌာန်းသွားမည်ဟုလည်း ပြောသွားသည်။

မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားတိုးတက်ရေးပါတီ၏ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲနှင့် ကိုယ်စားလှယ်လောင်း အပ်နှံပွဲသို့ ဒေသခံ ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့တွင် အမျိုးသားတိုးတက်ရေးပါတီနည်းတူ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောပွဲနှင့် ကိုယ်စားလှယ်လောင်း အပ်နှံပွဲကို အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ရာမညအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

အမျိုးသားတိုးတက်ရေးပါတီသည် မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၆ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၃ နေရာနှင့် ပြည်နယ် လွှတ်တော် ၄ နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းပါတီအနေဖြင့် တနိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်း ၃၅၃ နေရာ ဝင်ပြိုင်မည်ဖြစ်သည်ဟု ဒေါက်တာနေဇင်းလတ်က ပြောသည်။

အမျိုးသား တိုးတက်ရေးပါတီသည် ၂၀၁၅ ခုနှစ် အတွင်းကမှ တည်ထောင်လိုက်သည့် ပါတီဖြစ်ပြီး တည်ထောင်ခွင့် လျှောက်ထားသည့် ရက်မှာ ၂၀၁၅ ခုနှစ် မတ်လ ၂၀ ရက်ဖြစ်ပြီး ပါတီ မှတ်ပုံတင်ခွင့် ပြုသည့် ရက်မှာ ဇူလိုင် ၉ ရက် ဖြစ်သည်။ ခွင့်ပြုသည့် ပါတီ အမှတ်စဉ်မှာ ၉၅ ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.