NLD ပါတီ မြဝတီမြို့နယ်ရုံး ဖောက်ထွင်းခံရပြီး မဲဆန္ဒရှင် စာရင်းနှင့် ဖိုင်တွဲအချို့ ပျောက်ဆုံးနေ

0
7660
gfgfjtj

ဖိုးဉာဏ်စင် (မြန်မာစာ)။    ။ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး မြို့တစ်မြို့ ဖြစ်သော ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံခဲ့ရပြီး ပြုစုထားသော မဲဆန္ဒရှင်စာရင်းများ အပါအဝင် ဖိုင်တွဲအချို့ ပျောက်ဆုံးနေသည်ဟု မြို့နယ် NLD ပါတီမှ အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောသည်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ ရှိနေခြင်းကြောင့် ယင်းသို့ ဖောက်ထွင်း ခံရခြင်းကို အောက်တိုဘာ (၁၂) ရက် (တနင်္လာနေ့) ရုံးတက်ချိန်မှ သိရှိကာ မည်သည့် အချိန်တွင် ဖောက်ထွင်းခံရကြောင်း အတိအကျ မသိဟုလည်း ၎င်းက ပြောသည်။ အဆိုပါဖောက်ထွင်းခံရမှုအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ဦးသန့်ဇင်အောင်က “နယ်မြေအလိုက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စာရင်း ပြုစုထားတဲ့ ဖိုင်တွေကော အချို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါသွားပါတယ်။ ကျနော်တို့ဘက်က ရွေးကောက်ပွဲကို အလေးထား ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီလိုတွေ ဖြစ်လာတာကတော့ မကောင်းဘူးဗျာ” ဟု ပြောသည်။

အဆိုပါ ရုံးသည် ရုံးတံခါးကို အထပ်သားများဖြင့် ကာရံထားခြင်းဖြစ်သည်။

မြဝတီမြို့နေ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး နိုင်ငံရေး စိတ်ဝင်စားသူ ဦးမျိုးမင်းက “မြဝတီမှာ ဒီ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လာရင် ဘာတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေတာ။ အခု ဒီလိုပုံစံတွေ ဖြစ်လာပြီ။ မြင်လာရပြီ။ ရှေ့လျှောက် ပါတီတွေဘက်က ဒီလိုသာပေါ့လျော့ကြမယ် ဆိုရင် ဒီထက်ဆိုးတာတွေ ဖြစ်လာဦးမယ်” ဟု ဆိုသည်။

မြဝတီမြို့တွင် ၂၀၁၅ -ခုနှစ် ရွေးကောက်ပွဲ၌ မဲပေးနိုင်သူ မဲစာရင်းကို ကို အတိအကျရရှိနိုင်ရန် သက်ဆိုင်ရာ မြို့နယ်/ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက လုပ်ဆောင်ခဲ့ကြသလို နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများကလည်း ဝိုင်ဝန်းလုပ်ဆောင်မှုများ ရှိသည်။ မြဝတီမြို့သည် ရွေ့ပြောင်းအခြေချ နေထိုင်သူများက အများစုရှိနေသည့် မြို့လည်း ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် မြဝတီမြို့ခရိုင်၌ နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ပြိုင်မည်ဖြစ်ကာ ပါတီရုံးများ မြဝတီမြို့ပေါ်တွင် အသီးသီးဖွင့်လှစ်ထားရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.