မွန်ပြည်နယ်တွင် တပ်မတော်သားအတွက် ကြိုတင်မဲလက်မှတ် ၄၀၀၀ ကျော် ထုတ်ပေး

0
7302

မွန်ပြည်နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များမှ ကြိုတင်မဲပေးမည့် တပ်တော်သား ၄၀၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် ကြိုတင်မဲလက်မှတ်များကို မြို့နယ်အလိုက် ထုတ်ပေးလျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။
ပြည်နယ်တခုလုံးရှိ တပ်ရင်း တပ်ဖွဲ့ ၆၄ ခုတို့မှ ကြိုတင်မဲပေးရန် တောင်းခံထားသည့် တပ်တော်သား ၄၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
မော်လမြိုင်မြို့နယ်ရှိ တပ်ရင်း တပ်ဖွဲ့ ၁၇ ခုမှ ကြိုတင်မဲပေးရန် တောင်းခံထားသည့် တပ်တော်သား ၈၄၇ ဦးအတွက် ကြိုတင်မဲလက်မှတ်များကို အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပေးခဲ့သည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးလွင်က ပြောသည်။
၎င်းက “မော်လမြိုင်မြို့နယ်မှာ တပ်ရင်း တပ်ဖွဲ့ ၁၇ ခုရှိပါတယ် အဲဒီတပ်ရင်း တပ်ဖွဲ့ ၁၇ က ကြိုတင်မဲပေးရန် တောင်းခံထားသူ တပ်မတော်သား ၈၄၇ ဦးရှိပါတယ်၊ တပ်ရင်း တပ်ဖွဲ့က တာဝန်ရှိသူတွေကို ထုတ်ပေးတာဖြစ်တယ်”
ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ကြိုတင်မဲလက်မှတ်များကို မြို့နယ်ကော်ရှင်အဖွဲ့ခွဲတို့က သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများအား ထုတ်ပေးခြင်းဖြစ်သည်။
“သင်တန်းသားတွေထဲက ရှေ့တန်းထွက်မယ့်သူ ၁၄ ဦးအတွက်ကို ကြိုတင်မဲလက်မှတ်တွေ လာထုတ်ပေးတာပါ” ဟု မော်လမြိုင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲလက်မှတ် လာထုတ်သည့် အမှတ် (၆) ပညာရေးကျောင်းမှ ဗိုလ်ကြီးမြင့်နိုင်က ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နောက်ဆုံးမဲဆန္ဒရှင်စာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၅ သိန်း ၁ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၉၁၉ ရုံရှိမည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.