မွန်ပြည်နယ် နောက်ဆုံး မဲဆန္ဒရှင်စာရင်း တစ်သိန်းနီးပါး ထပ်တိုးလား

0
3823

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၏ နောက်ဆုံး မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၅ သိန်း ၁ သောင်းကျော်ရှိလာပြီး ခန့်မှန်း အခြေခံမဲဆန္ဒရှင် စာရင်းထက် တစ်သိန်းနီးပါး ထပ်တိုးလာသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မွန်ပြည်နယ်တွင် ခန့်မှန်းအခြေခံ မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ခဲ့စဉ်က မဲဆန္ဒရှင်စာရင်း ၁၄ သိန်း ၂ သောင်းကျော်ရှိခဲ့သည်။
“၁၅ သိန်း ၁ သောင်းကျော်သွားပြီးနော် မဲဆန္ဒရှင်တွေ ၃-က တွေပါတယ်၊ ၃-က တွေ နှစ်သောင်းကျော်တယ် ရွှေ့ပြောင်း လုပ်သားတွေရယ်လို့မဟုတ်ဘူး ၃-က လျှောက်နဲ့တာ ရက်ပေါင်း ၁၈၀ ပေါ့ဗျာ” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
နောက်ဆုံးအဆင့် မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာ ၂ ရက်နေ့မှစပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်ရုံးတွေမှာ မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်အောင် ပြန်ကပ်ပေးသွားမည်ဟုလည်း ပြောသည်။
၎င်းပြင် ကြိုတင်မဲလက်မှတ်များကိုလည်း အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်နေသလို တပ်မတော်သားများအတွက် ကြိုတင်မဲလက်မှတ်ကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပေးလျက်ရှိပါတယ်
“ကြိုတင်မဲကိစ္စကတော့ ကော်မရှင်ကနေ သွားပြီးတော့ မေးမြန်းမယ်ဆိုလို့ရှိရင် လိုက်နိုင်တယ် ပြောတယ် ပြီးတော့ သက်ဆိုင်ရာ ရပ်ကျေးရုံးတွေမှာ ကပ်ထားမယ်ဆိုတော့ အဲဒါကိုကြည့်ပြီး သူတို့သွားတဲ့ရက်ကို လိုက်သွားရုံပေါ့” ဟု မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောသည်။
ကြိုတင်မဲကိစ္စနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိပါက သာမာန် ပါတီငယ်များအတွက် အများကြီး ထိခိုက်နစ်နာသည်ဟု မွန်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း နိုင်စန်လှိုင်က ပြောသည်။
၎င်းက “၂၀၁၀ တုန်းက ကြိုတင်မဲကိစ္စက အများကြီးဖြစ်ခဲ့တယ် ကြိုတင်မဲလက်မှတ်ကတော့ နိုင်ငံတကာမှာလည်း ပေးနေရတဲ့ကိစ္စပါ ဒါပေမယ့် သူ့ရဲ့စည်းဘောင် သဘောက ဖြစ်သင့်ဖြစ်ထိုက်တာကို ကျော်လွန်ပြီးတော့ ဖြစ်တဲ့အခါကျရင်တော့ ကျနော်တို့ ဒီသာမာန်ပါတီအတွက် အများကြီး ထိခိုက်တဲ့ကိစ္စပါ”
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကော်မရှင်မှာ အဓိက တာဝန်ရှိသော်လည်း ပွင့်လင်းမြင်သာစွာဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဆက်စပ်ပတ်သက်နေသည့် အဖွဲ့အစည်း၊ ပါတီ၊ ကိုယ်စားလှယ်လောင်း၊ မီဒီယာ၊ CSO နှင့် မဲဆန္ဒရှင် ပြည်သူများ၏ ဝိုင်းဝန်းကူညီပေးမှု လိုအပ်သည်ဟုလည်း မွန်ကော်မရှင်က ပြောသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.