“တပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြပါတယ်”

တပ်မတော်ခေါင်းဆောင်အများစုသည် တိုင်းရင်းသားတို့၏ ခံစားချက်ကို နားလည်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာကောင်းသည်ဟု ထင်ရှားသည့် ချင်းတိုင်းရင်းသား နိုင်ငံရေးသမား တစ်ဦးက ပြောသည်

peace-intervew-tapmadaw

ဖြိုးသီဟချို

တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစုများသည် နိုင်ငံ၏ ဆိုးမွေကို အတူတကွ ခံစားနေရသူများ ဖြစ်သည့်အတွက် အပြန်အလှန် အပြစ်တင်နေပါက ဖြေရှင်းရမည့် ပြဿနာများ ပြေလည်မည်မဟုတ်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီဝင် တစ်ဦး ဖြစ်သူ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောလိုက်သည်။

နိုင်ငံတကာ အတွေ့အကြုံ များပြားသည့် ဆလိုင်းလျန်မှုန်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ထိုးပြီးဖြစ်သည့် ချင်းအမျိုးသားတပ်ဦး၏ ဒုဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည်။

မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် တပ်မတော်နှင့်ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ၊ တိုင်းရင်းသားအရေးတို့နှင့်ပတ်သက်ပြီး ဆလိုင်းလျန်မှုန်း ပြောပြထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး – ၂၁ ရာစုပင်လုံနဲ့ NCA နှစ်ခုကြားက အဆက်အစပ်က ဘယ်လိုရှိပါသလဲ။

ဖြေ – NCA မှာ ကျွန်တော်တို့ သဘောတူထားတဲ့ အခြေခံအချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ထောင်ရမယ်ဆိုတာပါပဲ။ ဒီအချက်က နိုင်ငံရေးအရ ဆိုရင်တော့ အရေးအပါဆုံးပါပဲ။ ဒုတိယ အရေးကြီးဆုံးက အဆင့် ၇ ဆင့်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံပါပဲ။ (၁) က NCA လက်မှတ်ထိုး ရမယ်။ (၂) က နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက်ယူရမယ်။ (၃) အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရမယ်။ (၄) က ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ လုပ်ရမယ်။ (၅) က ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ရမယ်။ (၆) ဒါကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရမယ်။ (၇) ဒါကို အကောင်အထည် ဖော်ရမယ် ဆိုပြီး လုပ်ထားတယ်။ ခုက ၂၁ ရာစုပင်လုံညီလာခံ ဆိုပြီးတော့ သုံးလာကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတဲ့ အစည်းအဝေးမှာ NLD ဘက်က ပြောတာက NCA စာချုပ်ပေါ်မှာ အခြေခံရမယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုတာက နာမည်လည်း လှတယ်၊ အနှစ်သာရလည်း ပြည့်ဝတယ်။ ၂၁ ရာစု ပင်လုံဆိုတာကလည်း နာမည်လည်းလှတယ်၊ အနှစ်သာရလည်း ပြည့်ဝတယ်။ ပြီးတော့ (၁၉၉၈ မှာ NLD နဲ့ တိုင်းရင်းသား လူမျိုးစု ပါတီတွေ စုပေါင်း တည်ထောင်တဲ့) ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီခေတ် ကတည်းက ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာ သုံးလာကြတာ၊ အဲဒီဆက်စပ်မှုကို ဖော်ချင်တယ်။ အဲဒီအတွက်ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ဆိုပြီးတော့ သုံးထားတယ်။ ဆက်စပ်မှုက အဲဒီမှာ ခိုင်မာသွားတာပေါ့။

မေး – ငြိမ်းချမ်းရေး ညီလာခံရဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် အကြောင်း ပြောပြပေးပါ။

ဖြေ – NLD ရွေးကောက်ပွဲနိုင်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီမှာ သူနဲ့ကျွန်တော်တို့နဲ့ သဘောတူညီချက်က မူဘောင်ကိုရေးဆွဲတဲ့ အခါမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရမယ် ဆိုပြီး သဘောတူထားတယ်။ NCA လမ်းကြောင်းပေါ်မှာတော့ အခြေခံမယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးပြီး NLD အစိုးရ တက်တဲ့အချိန်မှာ လူအပြောင်းအလဲလုပ်ဖို့ လိုမယ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲမှာ NCA ကို လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ လာရင်လည်း သူတို့ဆန္ဒကို ဖော်ပြပေးဖို့လိုတယ်။ အဲဒီအတွက်ကြောင့် မူဘောင်ကိုတော့ ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင်လုပ်ရမယ်လို့ ကျွန်တော်တို့ သဘောတူညီမှုရခဲ့တယ်။

ဒီတော့ ကျွန်တော်တို့ ခုလုပ်နေတာက NCA လမ်းကြောင်းနဲ့လည်း ကိုက်ညီတယ်။ ပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံကနေပြီးတော့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်ကတော့ မျှော်လင့်ချက် ကြီးကြီးမားမားကို ထားတယ်။ အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်။ တပ်မတော်ကလည်း NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အပြည့်အဝ ထောက်ခံတယ် ဆိုတာကို သွားပြီး သတိထားမိတယ်။

မေး – တပ်မတော်က မဟာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဝေဖန်သူတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်ဆိုတာ လက်ရှိတပ်မတော်လား၊ လက်ရှိတပ်မတော်က နာမည်ဆိုးကို အမွေဆက်ခံနေရတာလား၊ ဒါကို ခွဲပြီးတော့ ကြည့်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့ပြီး တပ်မတော်ကို အလွဲသုံးစား လုပ်ခဲ့တဲ့လူတွေက ၁၉၆ဝ ကာလလောက်က တပ်မတော်လို့ ကျွန်တော် ပြောချင်တယ်။ အဲဒီအရှိန်အဝါကြီးက ကြီးနေတော့ ၁၉၉ဝ နအဖ၊ နဝတ စစ်အစိုးရအထိတောင် အရှိန်က မသေဘူး။ ဒါပေမယ့် ကျွန်တော် ၂ နှစ်၊ ၃နှစ်လောက် တပ်မတော်နဲ့ ဆွေးနွေးလာခဲ့တော့ … လက်ရှိ တပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ကြပါတယ်။ ဒီပြည်တွင်းစစ်ပြဿနာ၊ ဒီတိုင်း ပြည်ရဲ့ပြဿနာ စပေါ်တုန်းက ကျွန်တော်တို့အားလုံးဟာ မွေးတောင်မမွေးသေးပါဘူး။ ကျွန်တော်တို့အားလုံးက ဒီတိုင်းပြည်ရဲ့ ဆိုးမွေကို အတူတကွခံစားနေရတာပါ။ ဘယ်သူက မဟာလူမျိုးကြီးဝါဒသမားလဲ၊ ဘယ်သူက ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ရှိသူလဲ ဆိုပြီးတော့ အချင်းချင်း အပြစ်တင်ပြီး ရန်ရှာနေတာထက် ပေါင်းပြီးတော့ လုပ်မှဖြစ်မယ်၊ တိုင်းပြည်ပြဿနာကို အတူတကွ ဖြေရှင်းဖို့ လိုတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ချဉ်းကပ်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်မှာဖြစ်တယ်။ အဲလိုမှမဟုတ်ဘဲ တပ်မတော်က ကျွန်တော်တို့ တိုင်းရင်းသားတွေကို အပြစ်တင်လိုက်၊ ကျွန်တော်တို့က တပ်မတော်ကို အပြစ်တင်လိုက်၊ NLD ကို ကြားမှာခံလိုက်နဲ့တော့ ဒီပြဿနာဟာ ပြေလည်မှာမဟုတ်ပါဘူး။

မေး – NLD ဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာမှာ အကြပ်ရိုက်သွား၊ ကြားညပ်သွားနိုင်ပါသလား။

ဖြေ – မညပ်နိုင်ပါဘူး။ ပြန်စဉ်းစားကြည့်ပါ။ ပြည်တွင်းစစ်ကို အကြောင်းပြပြီးတော့ စစ်အာဏာရှင်စနစ် ကြာရှည်လာတယ်။ လူထုက မခံနိုင်တော့ ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ NLD ပေါ်ပေါက်လာခဲ့တယ်။ ၁၉၉ဝ အလွန် ကာလတွေတုန်းက နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာကို ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ပြဿနာလို့ပဲ မြင်တယ်။ တိုင်းရင်းသားပြဿနာကို တွဲမမြင်ကြဘူး။ သူတို့ နိုင်ငံတကာက သိထားတာက The Beauty and the beast ပေါ့၊ အလှမယ်လေးကတော့ အိမ်ထဲမှာ အကျယ်ချုပ် ခံထားနေရတယ်၊ စစ်ဘီလူးတွေက အပြင်မှာ သောင်းကျန်းနေကြတယ်ပေါ့၊ The Beauty ကို လာကယ်ချင်ကြတယ်၊ ကျွန်တော်တို့ တိုင်းရင်းသား ပြဿနာကို ပြောမယ်ဆိုရင်တော့ သူတို့ နားမထောင်ချင်ကြဘူး။ လက်ရှိအနေအထားမှာ NCA က ဘာကြောင့် အရေးကြီးနေလဲဆိုတော့ အဓိက အခြေခံ အကြောင်းအရာဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ် ထိုးထားတာဖြစ်နေတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ အခြေခံပြီးတော့ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့က အခြေခံကို ကိုင်ပြီးသားဖြစ်မယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးသွားမယ်၊ ကျန်တဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာတွေကို CSO Forum လို့ ခေါ်တဲ့ အရပ်ဘက်အဖွဲ့များနဲ့ တွေ့ဆုံပွဲ မှာ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်လို့ သိရတယ်။

ဖြေ – ပြည်တွင်းစစ်က ထပ်ဆင့် ဖန်တီးလိုက်တဲ့ ပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လိုတယ်။ ဒီတော့ လူမှုရေးကဏ္ဍမှာ ဖော်ပြလိုက်တဲ့ ပြန်လည်နေရချထားရေးလို ကိစ္စမျိုးတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ မဆွေးနွေးဘဲ CSO ကို သွားပို့လိုက်တာဟာ လက်တွေ့မကျဘူး။ ပြီးတော့ မြေယာကိစ္စ…။ ပြည်တွင်းစစ် စဖြစ်တုန်းက ကရင်အများစုက ဧရာဝတီတိုင်းနဲ့ ရန်ကုန်မှာ နေတယ်။ ဒီတော့ သူတို့ပြန်လာရင် ဘယ်ကိုလာမလဲ။ ဒါတွေကို လူမှုရေးကဏ္ဍဆိုပြီး သွားထားလို့ မရဘူး။

မေး – ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရခဲ့ရင်တောင်မှ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်ဘက်က လက်ခံနိုင်ပါ့မလား။

ဖြေ – အဲဒါကတော့ ကျွန်တော်တို့သဘောတူထားပြီးသားအချက်နဲ့ပြောပါ့မယ်၊ NCA မှာ ကျွန်တော်တို့ ဘယ်လိုရေးထားသလဲ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကနေပြီးတော့ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်တဲ့ အခါမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့၊ ပြုပြင်သင့်တာ ပြုပြင်ဖို့၊ ပြောင်းလဲသင့်တာပြောင်းလဲဖို့ အခြေခံဖြစ်ရမယ်ဆိုတာကို တပ်မတော်ကလည်း သဘောတူပြီးသားဖြစ်တယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြဖို့ တိုင်းရင်းသားတွေကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – ကျွန်တော်တို့ ဘဝတစ်ခုလုံးကို ပေးပြီးတော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ပြည်ထောင်စုအတွက် ကျွန်တော်တို့ အားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့ ပေးဆပ်တာကိုတော့ ခုထိ အသိအမှတ် မပြုသေးဘူး။ အဲဒါကို အသိအမှတ်ပြုဖို့တော့ လိုလိမ့်မယ်။ ပင်လုံစာချုပ်ကဲ့သို့သောစာချုပ် ပြန်လုပ်ဖို့လိုတယ်ဆိုတာက ကျွန်တော်တို့ မရသင့်မရထိုက်တဲ့ အခွင့်အရေးတွေ၊ မဖြစ်နိုင်တာတွေကို တောင်းဆိုဖို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေကိုလည်း ပြည်ထောင်စုထဲမှာ ပေါင်းထည့်လိုက်ပြီးပြီ၊ ကျွန်တော်တို့ လူမျိုးရဲ့ ကံကြမ္မာအားလုံးကိုလည်း ဒီတိုင်းပြည်ရဲ့ ကံကြမ္မာထဲမှာ ပေါင်းထည့်လိုက်ပြီ။ ယနေ့ထိကျွန်တော်တို့ကို အသိအမှတ်မပြုသေးဘူး။ အသိအမှတ်ပြုဖို့တော့ လိုပါတယ်။ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.