ရေးမြို့မိုးရေချိန် ရွာသွန်းမြဲအောက်လျော့နည်းနေသော်လည်း ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လအတွင်း မိုးရွာသွန်းမှုသတိထားစောင့်ကြည့်ရန်လိုအပ်

ရေး ၊ ဇူလိုင် ၁၃

ရေးမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ်အထိ မိုးရွာသွန်းမှုအနေဖြင့် ရွာသွန်းမြဲအောက် လျော့နည်းနေ သော်လည်း လာမည့် ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ်လတို့အတွင်း မိုးရွာသွန်းမှုအခြေအနေအား သတိ ထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးဆန်းငွေက သံလွင် တိုင်းမ်သို့ ပြောသည်။

“ အယ်နီညိုရာသီဥတုဖြစ်စဉ်က အကြောင်းခံခဲ့တယ်၊ ခု အယ်နီညိုရာသီက အဆုံးသတ်သွားပြီ၊ ဇွန်လနဲ့ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးရေချိန်ကို ပြန်သုံးသပ်ရရင် ရွာသွန်းမြဲအောက် ရောက်နေတယ်၊ ဒါပေမယ့် ဇူလိုင်လနောက်ဆုံးပတ်နဲ့ သြဂုတ်လအတွင်းမိုးရွာသွန်းမှု အခြေအနေကိုတော့ သတိထားစောင့်ကြည့်သင့် တယ် ” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်၏ ပုံမှန်ရွာသွန်းသည့်မိုးရေချိန်မှာ တစ်နှစ်လျှင် လက်မ ၂၀၀ ကျော်ရှိကြောင်း၊ မိုးပြင်းအား အခြေအနေပေါ်မူတည်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလေ့ရှိသည်ကို မှတ်တမ်းများအရသိရကြောင်း၊ ယင်း လက်မ၂၀၀ ကျော်တွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်များအတွင်း ၁၃၀ လက်မ ခန့်ရွာသွန်းကြောင်းနှင့် ယင်းအထဲတွင် ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လတွင် အများဆုံးရွာသွန်းသဖြင့် သတိထားစောင့်ကြည့်ရဖို့လိုကြောင်းလည်း ၎င်းက သံလွင်တိုင်းမ်သို့ ပြောသည်။

“ မှတ်တမ်းတွေအရတော့ ဆယ်စုနှစ်အတွင်းမှာ ရေကြီးမှုဖြစ်စဉ်တွေက ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ဖြစ်လေ့ရှိတယ်၊ ၂၀၀၈၊ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ်တွေရဲ့ ရေကြီးခဲ့မှုဖြစ်စဉ်တွေမှာ ဇူလိုင်လ နောက်ဆုံးပတ်နဲ့ သြဂုတ်လအတွင်းမှာပဲ၊ အဲဒီကာလတွေတုန်းက မိုးရေချိန်က ပုံမှန်ထက် လက်မ ၃၀ ပိုမိုရွာသွန်းခဲ့တယ် ” ဟု ဦးဆန်းငွေက ဆိုသည်။

ရေးမြို့နယ်တွင် ၁၉၉၇ ခုနှစ်၊ သြဂုတ်လက ၂၄ နာရီအတွင်း မိုးရေချိန်လက်မ ၁၈.၄၄ လက်မစံချိန်တင် ရွာသွန်းခဲ့ပြီး နှစ် ၂၀ အတွင်းအမြင့်ဆုံးမိုးရေချိန်လက်မဖြစ်ခဲ့ကာ ရေးတောင်ခြမ်းတွင် ရေကြီးခြင်း၊ တောင်ပြို ခြင်းတို့ကြောင့် လမ်း၊ တံတားများ၊ ကျေးရွာအချို့ပျက်စီးခြင်းနှင့် လူသေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ် မိုးလေဝသဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.