ကျွန်တော်တို့ရဲ့ လမ်းကလေး

0
8134

ဌေးဝင်း

(က)
မိုးကလည်း ပြတ်တယ်ကိုမရှိ။ နေ့လည်း နေ့မို့။ ညလည်းညမို့။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ ဆိုရိုးစကားက ဒီလို မျိုး သည်းထန်စွာ အဆက်မပြတ် ရွာသွန်းတတ်တဲ့ မိုးကိုများ ရည်ညွှန်းပြီး ရှေ့လူကြီးများက ပြောခဲ့ကြတာ ထင်ပါရဲ့။ ရွာပြီ ဟေ့ဆိုရင် ကျွန်တော်တို့ ပဲခူးမြို့ကတော့ ရေနစ်တာ ရိုးရာမပျက်ပါဘဲ။ ကျွန်တော်ကလည်း သိပ်ပြီး ကျန်းမာရေး မ ကောင်းလှသူ ဆိုတော့ ဘယ်မှလည်း မထွက်ဖြစ်။ အိမ်ထဲမှာဘဲ နေရင်း.. စာဖတ်လိုက် ဖေ့စ်ဘုတ် ပွတ်လိုက်နဲ့ စခန်းသွား နေရတာပေါ့။ အဲဒီလို အိမ်တွင်းအောင်းနေရခိုက် ခြံရှေ့က

´အကိုကြီး..ရေ။ အကိုကြီး.. တံခါးဖွင့်ပါဦး´

´ဖွင့်ဝင်ခဲ့လေ.. ကိုဦး။ သော့ခတ်မထားဘူး။ အငယ်ရေ.. ကိုဦးလာတယ်..ဟေ့။ မိုးတွေလည်းမိလို့။ ကော်ဖီ ဖျော်ပါဦး။ ရေနွေးလည်း ချပေးပါဦး´
လို့ ကျွန်တော်လည်း ကိုဦးလာလည်တာကို ဝမ်းသာအားရနဲ့ ပါးစပ်က ကရားရေလွှတ်ပြောဆိုနေမိတယ်။ ကိုဦးဟာ ကျွန်တော့ထက် သုံးနှစ်လောက်ကြီးပေမဲ့ ကျွန်တော့ မိန်းမ ခေါ်တဲ့အတိုင်း သူလည်း ကျွန်တော့ကို အကိုကြီးလို့ဘဲ ခေါ် တယ်။ ကိုဦးဟာ ကျန်းမာရေးသိပ်ကာင်းတယ်။ ဒေါင်ဒေါင်မြည်။ လူငယ်လေးတယောက်လိုဘဲ။ သွက်လိုက်သမှ လှစ်.. လှစ်.. လှစ် နေတယ်လို့ပြောရမဲ့ အစားထဲက။ သူဟာ သုံးဘီးတစီးနဲ့ ကျောင်းကြိုပို့ လုပ်လိုက်၊ ဆန်အိတ်တွေ တင်ပို့ လိုက်။ ကယ်ရီရရင်လည်း လိုက်ပို့နဲ့။ အားတယ်ကိုမရှိ.. အလုပ်နဲ့လက် ဇယ်ဆက်သလို မပြတ်တမ်း လုပ်နေတဲ့သူကို ပြပါဆိုရင် ကိုဦးကို ပြရမလားဘဲ။ သူတင်ဘဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့သက်ထား မနော်က လည်း မောင်တထမ်း မယ်တရွက် ချက်ချက်ချာချာ ရှိလှတယ်။

´ထိုင်..ကိုဦး။ ဒီနေ့ အလုပ်ပါးလို့လား။ ဘယ်က..လှည့်ဝင်လာတာလဲ။ နေ့တိုင်းဆို ခင်ဗျားကို တွေ့ချင်လို့တောင် တွေ့ရ တာ မဟုတ်ဘူး´
´ဒီနေ့က စနေနေ့ဆိုတော့ ကလေးကျောင်းကြို မရှိဘူး..အကိုကြီး။ ပြီးတော့ မနက်ဖြန် အကိုကြီးက ယိုးဒယားကို ပြန် တော့မှာဆိုတော့ အလ္လာပ သလ္လာပ စကားလေး ဘာလေးလည်း ပြောနေချင်လို့ ကားမဆွဲဘဲ အကိုကြီးဆီ ဝင်ခဲ့တာ´

´ခင်ဗျားလာလည်တာ ကျွန်တော် အရမ်းဝမ်းသာတယ်။ ပြီးတော့ အငယ်က ပြောပြထားလို့ ခင်ဗျားရဲ့ ပရဟိတ စိတ် ဓာတ်ကို အရမ်းလေးစားနေတာ.. ဗျ။ ကဲ..ကဲ.. ကိုယ်လေးဘာလေး နွေးထွေး သွားအောင် ကော်ဖီ ပူပူလေး သောက်လိုက် ပါဦး´
road-
´မငယ်ကတော့ အကိုကြီးကို ဘာတွေ လျှောက်ပြောထားလဲ မသိဘူး။ ကျွန်တော့်မှာ ဘာမှ သိပ်ပြီး ထူးထူးခြားခြား လေး စားစရာ ကောင်းလောက်အောင် အရည်အချင်း ရှိတယ်လို့ မထင်မိပါဘူး..ဗျာ။ အထူးသဖြင့် အကိုကြီးတို့လို စာရေး ဆ ရာတွေ ပညာတတ်တွေက အရမ်းလေးစားပါတယ်လို့ အပြောခံရလောက်အောင် ကျွန်တော် ဘာမှလည်း မလုပ်ထား မိ ဘူး ထင်တာဘဲ။ ဒါပေမဲ့ ခုလို အကိုကြီးပြောတာကို ကြားရတော့ ဝမ်းသာ ဂုဏ်ယူမိတာ အမှန်ဘဲ ဗျာ´

ထိုသို့ ကိုဦးက ပြောလေရာ မငယ်က

´အငယ်က ကိုဦးတို့ ကိုဖိုးကီးတို့ ဒီလမ်းကို ကောင်းအောင် ဘယ်လို ကြိုးစား ခင်းခဲ့ကြတယ်ဆိုတာကို ပြောပြထားတာပါ။ ဒါကို အကိုကြီးက သိပ်သဘောကျနေတာ.. ကိုဦးရဲ့။ အဲဒါ ရှင့်ကို မေးပြီး စာများရေးမယ် စိတ်ကူးနေလား မသိပါဘူး´

´ဒီလိုလား.. မငယ်။ ဒါကတော့ အကိုကြီးရေ.. ကိုယ့်လမ်းကို ကောင်းအောင်ပြင်ရမယ်ဆိုတာ လမ်းထဲမှာနေကြတဲ့ လမ်း သူ လမ်းသားတိုင်းရဲ့တာဝန်ဘဲ မဟုတ်လား.ဗျာ။ အခု အကိုကြီးတို့ မငယ်တို့လည်း ကျွန်တော်တို့ လမ်းထဲ ပြောင်းလာ နေပြီဆိုတော့ ဒီလမ်းသားတွေ ဖြစ်သွားပြီမဟုတ်လား။ ဒီတော့ အကိုကြီးတို့လည်း ဒီလမ်း သာသာယာယာ ရှိလာအောင် ဝိုင်းလုပ်ရမှာဘဲလေ´

´ဒါကြောင့် မငယ်က ပြောတာကိုး။ ကိုဦးက အတော် စည်းရုံးရေး ကောင်းတဲ့လူ..လို့။ ဟုတ်ကဲ့ပါ.. ကျွန်တော်တို့လည်း လမ်းသားတယောက်ဖြစ်တဲ့အတွက် တတ်နိုင်တဲ့ဘက်က ပါဝင်ပါ့မယ်ဗျ´

(ခ)
ကိုဦးတို့ မိသားစု ဒီလမ်းထဲမှာ အခြေချ နေထိုင်လာတာ သိပ်မကြာသေးပါဘူး။ ၂၀၁၃ ခုနှစ်လောက်မှ သူတို့ တမိသား စုလုံး ထိုင်းကနေ အပြီးပြန်လာကြတာ။ ကိုဦးပြောပြချက်အရ ရနောင်းမှာ ဆယ့်ငါးနှစ် နီးနီး အလုပ် သွားလုပ်ဖူး တယ်.. တဲ့။ ဒီလမ်းကို ပြီးအောင်မခင်းနိုင်သေးချိန်က အခြေအနေကို သူပြောပြတာက…

´ဒီလမ်းမပြီးခင်ကဆိုရင် လမ်းက တဝက်တပျက်ဘဲရှိတယ်။ ကားတွေ ဘာတွေ ဝင်လို့မရဘူး။ တစ်ခြမ်းက ဗွက်တွေနဲ့။ တစ်ခြမ်းက ကွန်ကရစ် ခင်းထားတယ်ဆိုတော့။ ဒီလို မိုးတွင်းဘက် မနက်ပိုင်းတွေဆို အကိုကြီးရာ.. သံဃာတော်တွေ ဆွမ်းခံကြွလာရင် ဗွက်ထဲမှာ ရုန်းနေရတယ်။ သွားလို့လာလို့ မရဘူး။ ကလေးတွေလည်း ထိုနည်းလည်း ကောင်းဘဲ။ ဒီလို ရဟန်းသံဃာတွေကအစ ဗွက်ထဲမှာရုန်းပြီး သွားလာနေရတာ မြင်တွေ့နေရတော့ ကျွန်တော့စိတ်ထဲ မကောင်းဘူး ဗျာ။ နောက်တချက်က သာရေး နာရေး..။ နာရေးရှိလို့မှ အသုဘကားတွေ ဝင်လို့ထွက်လို့မရတဲ့ အခြေအနေ.. ဒိပြင်လမ်းက နေ ထွက်နေရတယ်ဆိုတော့ သူများတွေ ပြောတာဆိုတာတွေကို ကိုယ့်နားနဲ့ ဆတ်ဆတ် ကြားနေရတယ်။ ဒီလိုတွေ ကြောင့် လမ်းကို ပြင်မယ်ဆုံးဖြတ်ပြီး ပြင်ခဲ့ကြတာ´

လို့ ကိုဦးပြောပြနေတဲ့ လမ်းကတော့ ပဲခူးမြို့ ဥဿာမြို့သစ် သီးသန့် (၁) ရပ်ကွက် (၄) လမ်း ဖြစ်ပါတယ်။ ဒီရပ်ကွက်ဟာ ဟိုတုန်းကတော့ လယ်မြေတွေပေါ့။ အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ်သစ်ကြီး တည်ဆောက်မယ်ဆိုတာနဲ့ အဲဒီ လေယဉ်ကွင်းဧရိယာနဲ့ မလွတ်တဲ့ ရပ်ကွက်ကလူတွေကို ပြန်လည်နေရာချထားပေးတဲ့ ရပ်ကွက်ပါ။ ဒီလိုရပ်ကွက်ထဲမှာဘဲ ကျူးကျော် ရပ်ကွက်ဆိုတာလည်း ထပ်ရှိနေသေးလေရဲ့။ ဒီလိုရပ်ကွက်မျိုးကတော့ မရှိဆင်းရဲသာ လက်လုပ်လက်စားတွေ အနေများတာပေါ့။ ဒါပေမဲ့ ကိုဦးတို့ ခင်းထားတာက ကွန်ကရစ်လမ်းကလေးဆိုတော့ သွားလို့လာလို့ အတော်ကောင်း သွား ပြီ။ ဟိုတုန်းကဆို သီးသန့်မှာ ၄ လမ်းက အဆိုးဆုံးလမ်းတလမ်း ဖြစ်ခဲ့တယ်။ ခုတော့ အကောင်းဆုံးလမ်း ဖြစ်နေပြီ။

´အခု လမ်းကလေးက ရပ်ကွက်ထဲက လမ်းတွေထဲမှာ အကောင်းဆုံး လမ်းလို ဖြစ်နေပြီဆိုတော့.. ခင်ဗျားတို့ ဘယ်လို စီမံခဲ့ကြသလဲ..ဗျ။ လုပ်စမ်းပါဦး။ စိတ်ဝင်စားစရာ ကောင်းလွန်းလို့´

´ဒီလမ်းကို ကျွန်တော်တို့ မပြင်ခင်ကလည်း အရင် လူကြီးတွေ ပြင်ခဲ့ကြတာတွေ ရှိပါတယ် အကိုကြီး။ ဒါပေမဲ့ သူတို့ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ခဲ့ကြဘူး´

´ဟုတ်တာပေါ့။ ဒါနဲ့ ခင်ဗျားတို့လက်ထက်ကျတော့ ဘာကြောင့် ပြီးမြောက် အောင်မြင်ရတာလဲ´

´၂၀၁၃ ခုနှစ်လောက်က ခင်းထားတဲ့ တဝက်တပျက်လမ်းကို ၂၀၁၆ ခုနှစ်မှာ အရင်က ရပ်ကွက်လူကြီးဖြစ်ခဲ့တဲ့ ကိုမင်းက လမ်းပြင်ချင်တယ်ဆိုပြီး တိုင်ပင်လာတယ်။ ဒါကြောင့် ကိုမင်း၊ ကိုဖိုးကီးနဲ့ ကျွန်တော်တို့ သုံးယောက် အမာခံ လုပ်ပြီး ပြင်ခဲ့ ကြတယ်.. အကိုကြီးရေ။ ကျွန်တော်တို့လမ်းက အကျယ် ၉ ပေ အရှည် ၂၂၀ ပေ ရှိတယ်။ လမ်းထိပ်ကနေ စပြီး ကွန်က ရစ် ခင်းတာ။ တဖြတ်ကို ပေ ၄၀ နှုန်းနဲ့ ခြောက်ဖြတ် ခင်းရတာပေါ့။ ပထမ တဖြတ်ကို သုံးသိန်းနဲ့ စခင်းခဲ့တယ်။ ဒါပေမဲ့ မရဘူး။ ပိုက်ဆံ မလောက်ဘူး။ လမ်းစခင်းတော့ ၄ လမ်းကလူတွေဆီမှာ အလှူမခံဘူူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်က အလှူခံပြီး လုပ်ခဲ့တာ လမ်းပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ လက်ထက်မှာ ဒီလိုအဖြစ် မခံနိုင်ဘူး။ ဒါကြောင့် ဒီအမာခံ ၃ယောက်က တယောက်ကို သုံးသိန်းကျပ်စီ မတည်ထည့်ပြီး စလုပ်တာ´

´ကောင်းလိုက်တာ.. ဟုတ်တာပေါ့။ အရင်လူတွေ မအောင်မြင်တဲ့ လမ်းစဉ်ကို မလိုက်ဘဲ အစီအစဉ်သစ်နဲ့ ခင်ဗျားတို့ လုပ်တာ အတုယူစရာဘဲ´

´သုံးသိန်းနဲ့ စမ်းလုပ်ကြည့်တာ။ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ လမ်းထဲက မစန်းစန်း၊ ဦးငယ်လေးတို့ကို ခေါ်ပြီး နောက်ထပ် အမာခံ နှစ်ဦး ထပ်ခေါ်လိုက်တယ်။ အိုကေ။ သူတို့ကလည်း သဘောတူတယ်။ တယောက်ကို တသိန်းကျပ်စီ မထည့်နိုင်တာတော် ၅ သောင်းကျပ် ၂ သောင်းကျပ် ထည့်ဝင်ကြတယ်။ လူ ၅ ယောက်က ဦးဆောင်ပြီး ဒီလမ်းကို ဆက် ပြင်ခဲ့ကြတယ်။ နောက် နှစ်ဖြတ်ကျတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်တွေ ညီအကို မောင်နှမတွေဆီ က လိုက်အလှူခံပြီးလုပ်ခဲ့တယ်။ လေးဖြတ်ကို ရောက်တော့မှ သီးသန့် (၁) ၄လမ်းမှာ ရှိတဲ့ အိမ်ခြေ ၄၄ အိမ်ကို တအိမ် ဆင်း တအိမ်တက် တအိမ်ထောင်ကို ၂၀၀၀၀ ကျပ်နှုန်းနဲ့ တလကို ၁ သောင်းစီနဲ့ ၂လ ကောက်ခံခဲ့တယ်´

´ကိုဦးရေ.. ခင်ဗျားတို့ကိုတော့ တကယ် ချီးကျူးပါတယ်ဗျာ.. အလုပ်တခုကို မဖြစ်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ လုပ်နိုင်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားပြီး ဖြစ်နိုင်မဲ့နည်းလမ်းကို အပီရွေးပြီး လုပ်သွားကြတဲ့ ခင်ဗျားတို့ကို တကယ် လေးစားတယ် ကိုဦး..ရေ´

´ဒါက ဒီလိုရှိတယ် အကိုကြီး.ရ။ ရပ်ကွက်မှာ အလုပ်တခု လုပ်မယ်ဆိုရင် အောက်ခြေ လူတန်းစားတွေ အဆင်ပြေစေဖို့ အတွက် အဓိက အရေးကြီးတယ်။ ဥပမာ လမ်းတခု ပြီးစီးအောင် ခင်းမယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ရှေ့က လုပ်သွားတဲ့လူတွေ လုပ်တာ လမ်းမှားနေခဲ့ရင် သူတို့ကို အပြစ်ဖို့နေဖို့ထက် ကိုယ်က သူတို့လို မမှားအောင် ဘယ်လို လုပ်မလဲ။ ဘယ်လို လုပ်ရမလဲ ဘယ်လိုကိုင်ရမလဲ ဆိုတာကို တွေးပြီး လိုအပ်တာလေးကို ကျွန်တော်တို့ ဖြည့်ဖို့ လုပ်ရ မယ်´

´ သိပ်မှန်တဲ့ စကားပေါ့ဗျာ။ အခု ကျွန်တော်တို့ တိုင်းပြည် ငါးပါးရော သံဃာစင်ပါ မှောက်နေတာ ကိုဦးတို့ တွေးသလို တွေးပြီး အလုပ်လုပ်တဲ့ ခေါင်းဆောင်တွေ နည်းလို့ပေါ့။ အမှန်က ခင်ဗျားတို့လိုလူတွေ လွှတ်တော်မှာ တက်ရမှာ´

´ဟာ ..အကိုကြီးကလည်း မလုပ်ပါနဲ့။ ကျွန်တော်က ဘာပညာမှ တတ်တာလည်း မဟုတ်ဘဲနဲ့။ ကျွန်တော့ စကားကို ဆက်ပြောဦးမယ်။ ဒီလိုဖြည့်တဲ့နေရာမှာလည်း ကိုယ်လိုချင်တဲ့ အတိုင်းအတာကိုဘဲ ဇွတ်ဆွဲလို့မရဘူး။ ကိုယ့်လူတွေ တတ်နိုင်ရဲ့လား။ မတတ်နိုင်ဘူးလား ကြည့်ရမယ်။ ဥပမာ ကျွန်တော်တို့ လမ်းလုပ်တဲ့ နေရာမှာ.. မြို့ထဲမှာဆိုရင် တအိမ် ထောင်ကို တလကို သုံးသောင်း ကောက်တယ်။ နှစ်လစာ ခြောက်သောင်း ကောက်ပြီးလုပ်ကြတယ်။ ကျွန်တော်တို့ ရပ် ကွက်မှာ အဲသလို လုပ်လို့ မရဘူး။ တလကို တသောင်းနဲ့ နှစ်လတွက် နှစ်သောင်းဘဲ ကျွန်တော်တို့ ကောက်တယ်။ ဒါ လမ်း ထက်ဝက်လောက် ပြီးတဲ့အချိန်မှာမှ စကောက်တာ။ ကျွန်တော်တို့ အဲသလို ရှေ့ကနေ လုပ်သွားတယ်။ အလှူ မခံဘူး။ ရှေ့ကလူတွေ မအောင်မြင်ခဲ့တဲ့ လမ်းကို ကျွန်တော်တို့ ဆက်မသွားဘူး။ လိုက်အလှူခံရင်လည်း လမ်းထဲက လူတွေက ပြောကြမယ်´

´ဘယ်လိုများ ပြောာကြမလဲ´

´အရင်က လုပ်တဲ့ လူကြီးတွေကိုလည်း ပြောကြတယ်။ ကျွန်တော်တို့ကိုလည်း ပြောကြတာဘဲ။ မကောင်းကြောင်း တွေ ပေါ့။ အတင်းအဖျင်းတွေပေါ့။ ဒီကောင်တွေလုပ်လည်း ပြီးမှာ မဟုတ်ပါဘူးကွာတဲ့။ သူများတွေ ဘယ်လိုပြောပြော ဘယ် ဘက်နားက ကြားတဲ့စကားကို ညာဘက်နားက ထုတ်ပစ်လိုက်တယ်။ အဲဒီ အပြစ်ပြောနေသူတွေ အတင်းတုပ်နေသူတွေနဲ့ ပြန်ပြီး လှည့်ပြောနေဖို့ ကျွန်တော်တို့ မအားဘူး။ အချိန်လည်း မပေးနိုင်ဘူး။ ကျွန်တော်တို့ လျှောက်ရမဲ့လမ်း။ ကျွန်တော် တို့ ရောက်ရမဲ့ နေရာ၊ ကျွန်တော်တို့ ပစ်မှတ်ကို ပစ်ဖို့ဘဲ အဓိကဘဲ။ သူတို့နဲ့ ကိုယ် ရန်ဖြစ်နေဖို့ လုပ်နေတာ မဟုတ် ဘူး။ ကျွန်တော်တို့ ရောက်ချင်တဲ့ ပန်းတိုင်ကို အဓိက ကျွန်တော်တို့ ရောက်အောင် လျှောက်လှမ်းဖို့ပါဘဲ။ အချိန်တိုအ တွင်း မိုးမကျခင် ပြီးအောင်လုပ်ဖို့ အရေးကြီးတယ်´

ကိုဦးဟာ သူတို့ ဦးစီးပြီးခင်းခဲ့တဲ့ လမ်းအကြောင်းကို ပြန်ပြောပြနေရလို့ ထင်ပါရဲ့။ သူ့မျက်နှာမှာ ယုံကြည်မှုတွေ။ ဂုဏ်ယူ မှုတွေကို အထင်းသားတွေ့နေရတယ်။ ပီတိလွှမ်းနေတဲ့ မျက်ဝန်းနဲ့ ရွှင်လန်းတက်ကြွနေတဲ့ အပြုံးပန်းတွေနဲ့အတူ သူ့ ပြောလက်စ စကားကို ခုလို ဆက်ပြောပြခဲ့လေရဲ့။

´ကျွန်တော် ရောက်တဲ့နှစ်မှာလည်း လမ်းလုပ်ကြတယ်။ လုပ်အားပေး ကျွန်တော် ကိုယ်တိုင်လည်း လုပ်ခဲ့တယ်။ လုပ်တဲ့အ ခါ ငါးမိနစ် ဆယ်မိနစ် လုပ်ပြီး လုပ်နေတဲ့လူတွေက တဖြည်းဖြည်း ထွက်.. ထွက်သွားကြတယ်။ အလုပ်ကမပြီးဘဲနဲ့ ကျန်ခဲ့ တာတို့ အများကြီး တွေ့ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်အားပေးကို လုံး၀ မခေါ်ခဲ့ဘူး။ ပိုက်ဆံနဲ့ ခေါ်ပြီး အလုပ် လုပ်ခိုင်းတယ်။ သူတို့လည်း သူတို့လုပ်အားခကို အပြည့်အ၀ ရတယ်။ သူတို့ဘာသာ စေတနာနဲ့ ပန်းရံဆရာ တယောက် ဟာ တနေ့ တသောင်းရမဲ့ နေရာမှာ ငါ့ညီရေ လမ်းလုပ်တာ ဖြစ်လို့ ရှစ်ထောင်ဘဲ ယူပါ။ ကျေနပ်လား ပြောခိုင်း တော့.. ဟာ အကို ရတာပေါ့။ အဲသလိုကြားထဲကမှ လုပ်အားခကို မယူဘဲ သူ့လုပ်အားခကို လှူသွားတဲ့ လူလည်း ရှိသေးတယ်။ အဲဒီလို လှူတဲ့သူရဲ့ လုပ်အားခကို ပေါင်းပြီးတော့ လမ်းဖွင့်ပွဲ လုပ်တဲ့အခါ ကျွန်တော်တို့က သူတို့ရဲ့ နာမည်နဲ့ အလှူ စာရင်းလုပ်ပြီး ထည့်ပေးတယ်´

´နောက်ထပ် လေးစားစရာ ကောင်းတဲ့သူတွေ ပေါ်လာပြန်ပေါ့.. လုပ်စမ်းပါဦး..ဗျ။ နာမည်လေးများ မှတ်မိရင်´

´မှတ်မိပါတယ်။ ကိုမောင်သန်းနဲ့ ကိုသန်းထွန်း တို့ပါ´

´ဒီလိုလူမျိုးတွေ ကျွန်တော်တို့ တိုင်းပြည်မှာ မြို့တိုင်း ရွာတိုင်းမှာ များများစားစား ရှိကြရင် ဒီတိုင်းပြည် ဘယ်မှာ အောက် ကျ နောက်ကျ ဖြစ်ပါ့မလဲဗျာ။ လက်ညှိုးထောင် ခေါင်းညိတ် ဖော်လံဖားတွေက အမြဲတမ်း နေရာယူပြီး ဘုံးလို့ရသမျှ အ ကုန်ဘုံးခဲ့ကြတယ် မဟုတ်လား။ ဒါကြောင့် လူတွေက ဘယ်သူ့ကိုမှ အယုံအကြည် မရှိတတ်ကြတော့လို့ ဘယ်သူ လုပ်လုပ် မအောင်မြင် ဖြစ်နေတာ မဟုတ်လား ကိုဦးရေ´

´သိပ်မှန်တဲ့ စကားပါ အကိုကြီးရာ။ ပြောရရင် အစိုးရတွေမှာ မကောင်းတာတွေရှိသလို ကောင်းတာတွေလည်း ရှိတာပေါ့။ လက်ရှိ အစိုးရလည်း ကြိုးစား လုပ်နေပါတယ်။ ခုနပြောသလို ဟိုဘက်က ပေတရာလမ်းမကြီးကို ပြင်ဖို့ လာတိုင်းတယ်။ ပြည်သူလူထုကတော့ ပြောတာဘဲ.. လာတိုင်းပြန်ပြီ..လာတိုင်းပြန်ပြီ ဘယ်လောက် ကြာဦးမလဲမသိသေးဘူး။ အဲဒီလို ပြော ကြတယ်ဆိုတာလည်း အကြောင်းမဲ့သက်သက် ပြောကြတာတော့ မဟုတ်ဘူး။ ရှေ့က လူတွေက လာတိုင်းလိုက် ဘယ် နေ့ လာမယ် စောင့်..စောင့်..စောင့် မပေါ်လာဘူး။ တရက်လည်းမလာ နှစ်ရက်လည်း မလာ။ သုံးရက်လည်း မလာ။ အခုလည်း ဒီလိုပါဘဲကွာလို့ ထင်ကြတာဘဲ။ အစမကောင်းတော့ အနှောင်း မသေချာ ဘူးဆိုတာ သိပ်မှန်တဲ့ စကားပေါ့´

´သွေးထွက်အောင် မှန်တဲ့ စကားပေါ့ ကိုဦးရာ..´

´ ဘယ်အစိုးရဘဲ တက်တက် ဘယ်သူဘဲ တက်တက် ကျွန်တော် ပြောချင်တာက အစိုးရတစ်ခုတည်းချည်း အားကိုးနေလို့ မရဘူး။ ကိုယ့်လမ်း ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ဘဲ လုပ်ရမှာ။ ဒီနေရာမှာ.. ကျွန်တော်တို့ လမ်း အကြောင်းဘဲ ပြောမယ်။ နိုင်ငံရေးတွေ ဘာတွေ မပြောဘူး။ အစိုးရကို မျှော်ကိုးပြီးတော့ အစိုးရချပေးမဲ့ဘတ်ဂျက်ကို စောင့် နေရင် ကျွန်တော်တို့ သေတာတောင် ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက နာလန်ထစ ဘဲ ရှိသေးတဲ့ တိုင်းပြည်။ ပြန်လည်ထူထောင်ခါစ တိုင်းပြည်။ အစိုးရမှာ အရေးကြီးတဲ့ လုပ်စရာတွေ အများကြီး ရှိတယ်´

´အင်း.. ခင်ဗျားက နိုင်ငံရေးအကြောင်း မပြောဘူး ဆိုပေမဲ့ တကယ်က ခင်ဗျား ပြောသွားတာ နိုင်ငံရေးတွေချည်းဘဲ..ဗျ´

´ဟာ.. အကိုကြီးက လုပ်ချလိုက်ပြန်ပြီ.. ကျွန်တော်တို့က သာမန် ဆင်းရဲသား ပြည်သူတွေပါဗျာ.. တော်ကြာ မင်းနား တထောင်တဲ့.. နိုင်ငံရေးနဲ့ ငြိနေမှဖြင့်´

´ဒီခေတ်ကြီးက ပြောလို့ ရနေပါပြီ။ ဒီလောက်လည်း မစိုးရိမ်ပါနဲ့။ တကယ်ပြောတာပါ။ ခင်ဗျားပြောပြတဲ့ စကားရဲ့ တကယ့် အနှစ်သာရကို တရုတ်ပြည်ကို ချမ်းသာ ကြွယ်ဝလာအောင် ပြန်လည် ပြုပြင် တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်ကြီး ဒင် ရှောက်ဖိန် ပြောခဲ့တဲ့ စကားဘဲဗျ´

´အဲဒီခေါင်းဆောင်ကြီးက ဘာပြောခဲ့လို့လဲ အကိုကြီး။ ကျွန်တော်က ခုမှ အကိုကြီး ပြောပြလို့ နာမည်ကြားဖူးတာ´

´သူ့စကားက ရိုးရိုးလေးပါ။ ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး.. ကြွက်ခုတ်ဖို့က အဓိက..တဲ့။ ဆိုလိုတာကတော့ အလုပ်ဖြစ် အောင်မြင်ဖို့သာ အဓိကလို့ ပြောချင်တာပါ။ အခု ခင်ဗျားတို့လည်း နိုင်ငံရေး ဝေါဟာရ Pragmatic အတိုင်း လုပ်သွားတာဲ မဟုတ်လား´

´ဘာလဲ အကိုကြီး ပြောတဲ့ နိုင်ငံရေး ဝေါဟာရ အဓိပ္ပါယ်က´

´အလုပ်ဖြစ်ရေးမူ.. အလုပ်ဖြစ်ရေးကို အသားပေး လုပ်ကိုင်တယ်ပေါ့.. ဗျာ´

´ဟုတ်ကဲ့လား အကိုကြီးရေ.. ကျွန်တော် တကယ် ကိုင်စွဲခဲ့မူက ဒီလိုဗျ။ ကျွန်တော်တို့ဟာ မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်ဆိုတဲ့စိတ်နဲ့ ကိုယ့်လမ်းကို ကောင်းအောင် လုပ်ခဲ့ကြတာ။ ဒီနေရာမှာ အရေးအကြီးဆုံးက ပရဟိတလုပ်မယ် ဆိုရင် ဟန်တွေ မာန်တွေ ငါသိတယ် ငါတတ်တယ် ငါလူကြီး ငါပညာတတ်တယ် ငါ ပိုက်ဆံတတ်နိုင်တယ် ဆိုတာတွေကို အသာ ဘေးမှာ ချထားခဲ့ပါ။ အမိန့်အာဏာ မသုံးပါနဲ့။ ကိုယ့်လမ်းအနေနဲ့ ညီညွတ်အောင် မျှတအောင် အဆင်ပြေအောင် ပြောဆိုတတ်ဖို့က နံပတ်တစ်အချက် အရေးကြီးတယ်။ နံပတ် နှစ်အချက် ရှေ့ကလူတွေ လုပ်သွား တာကို သူတို့ကို အပြစ်ပြောမနေဘဲ သူတို့ရဲ့ အသိညာဏ်နဲ့ ကိုယ်တို့ရဲ့ အသိညာဏ်က တယောက်နဲ့ တယောက်က မတူကြဘူူး။ တယောက်နဲ့ တယောက် အိုင်ဒီယာချင်းလည်း မတူဘူး´

´လူချင်းတူပေမဲ့ အသက်ရှူခြင်း ကွာတယ် ဆိုတဲ့ စကားတောင် ရှိတယ် မဟုတ်လား´

´အသိပညာ ဗဟုသုတ အပေါ်မှာလည်း မူတည်တာပေါ့။ တချို့ကျတော့ စာမတတ်ဘူး။ စာမတတ်ဘဲနဲ့ စာတတ်တဲ့လူ ထက် ပြောတာ ဆိုတာ လုပ်တာ ကိုင်တာ အောင်မြင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ အသိပညာရယ် အတတ်ပညာရယ် ဗဟု သုတရယ် လူနေမှု အဆင့်အတန်းရယ် ပေါင်းပေးမှ ။ ကျွန်တော် ပြောချင်တာက အောက်ခြေ လူတန်းစားတွေကို အဓိက ထားပြီး လုပ်ရမှာ။ အလုပ်တခု လုပ်တော့မယ်ဆိုရင် ရှေ့ကလူ ဘာလုပ်သွားလဲ။ ရှေ့မှာ သူများတွေ လုပ်သွားတဲ့ အမှား.. အဲဒီအမှားကို ကျွန်တော်တို့က ဝင်ပြီးတော့ ထောက်ရမယ်။ အဲဒီအမှားလေးကို ကျွန်တော်တို့ လိုအပ်နေတဲ့ ကွက်လပ် လေးလို့ သဘောထားပြီး လိုအပ်တဲ့နေရာကို ကျွန်တော်တို့ ဖြည့်ပေးလိုက်မယ်လေ။ အဲဒီနေရာမှာ အဲဒီလို မဖြည့်ဘဲနဲ့ ရှေ့ကလူ လုပ်သွားတဲ့အတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး´

ခုတော့ တချိန်က ဗွက်အလူးလူး ဖြစ်နေခဲ့သော လမ်းကလေးမှာ မာကြော ခိုင်ခန့်သော ကွန်ကရစ် လမ်းဖြစ်လို့နေပါပြီ။ လမ်းခင်းရာတွင် အမာခံ ဦးဆောင်လုပ်ကိုင်ခဲ့သူ ကိုဦး (ခ) ကိုမောင်မောင်ဦးနဲ့ သူငယ်ချင်းတွေလည်း လမ်းအကြောင်း ပြောတိုင်း ဂုဏ်ယူ ဝမ်းသာနိုင်ကြပါပြီ။ ဒီကနေတဆင့် နှစ် ၆၀ နီးပါး ဖျက်ဆီးခံခဲ့ရလို့ ပျက်စီးယိုယွင်း ချိနဲ့နေတဲ့ တိုင်းပြည်ကြီးကိုရော ခန့်ညား ထည်ဝါသော တိုင်းပြည်တခုအဖြစ် ခေတ်သစ် ပန်းပုဆရာများက အကောင်းဆုံး ထုဆစ်နိုင်ကြပါစေလို့ သစ်ခုတ်သမားဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.