နိုင်စဝေါမွန်နှင့်တွေ့ဆုံမေးမြန်းခြင်း

0
8141

ဒီမိုကရေစီ ဖော်ဆောင်ရေး ကာလအတွင်း နိုင်ငံတကာအစိုးရတွေရဲ့ အထောက်အပံ့နဲ့ လူငယ်ပညာရေး မြှင့်တင်ခြင်း အစီအစဉ်တွေ၊ ပညာတော်သင်ဆုတွေ ပေးနေတာက အများကြီးပါ။ အဲဒီအခွင့်အလမ်းတွေကို သိရှိနိုင်ဖို့နဲ့ ဆုပ်ကိုင်နိုင်မှုကို လူငယ်တွေ သတင်းအရင်းအမြစ် ရရှိနိုင်မှု အားနည်းနေတယ်

swm
အမေရိကန်ပြည်ထောင်စု George W.Bush Institute မှ ပြုလုပ်သည့် Young Liberty and Leadership Forum အစီအစဉ်ကို ပါဝင်ခဲ့သူ မွန်တိုင်းရင်းသား နိုင်စဝေါမွန်နှင့် တွေ့ဆုံပြီး သူတွေ့ကြုံခဲ့ရသည်များ၊ လေ့လာခဲ့ရသည်များကို သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များ သိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။

အမေရိကန်ပြည်ထောင်စု George W.Bush Institute မှ ပြုလုပ်သည့် Young Liberty and Leadership Forum အစီအစဉ်ကို ပါဝင်ခဲ့သူ မွန်တိုင်းရင်းသား နိုင်စဝေါမွန်နှင့် တွေ့ဆုံခြင်း

(၁) အမေရိကန်ပြည်ထောင်စုကို ဘာအစီအစီနဲ့ သွားပါသလဲ။

အမေရိကန် သမ္မတဟောင်း George W. BUSH က ဦးဆောင်ပြီး၊ သူသမ္မတရာထူး တာဝန်ကနေ အငြိမ်းစား ယူပြီးနောက်ပိုင်း၊ သူကိုယ်တိုင် တည်ထောင်ထားတဲ့ GEORGE W.BUSH Instituteရဲ့ Human Freedom Program နှင့် Southern Methodist University (SMU) တို့ ပူးပေါင်းလုပ်ဆောင်ပြီး၊ Young Liberty and Leadership Forum ဆိုတဲ့ ပညာရေးအစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဒါးလက်စ် မြို့မှာ သွားရောက်ပြီး သည်ပညာရေးအစီအစဉ်ကို တက်ရောက်ခြင်း ဖြစ်ပါတယ်။ အစီအစဉ်ကတော့ လူငယ် ခေါင်းဆောင် လို့ခေါ်တဲ့ Youth Leader ဆိုတာထက်၊ မြန်မာ့ ဒီမိုကရေစီအကူးအပြောင်းမှာ ပါဝင်လှုပ်ရှား နေပြီး၊ လက်ရှိ မိမိတို့ရဲ့ လူမှုဝန်းကျင်ရှိ ဒီမိုကရေစီ လှုပ်ရှားမှုလုပ်ငန်းစဉ်တွေမှာ ဦးစီးဆောင်ရွက်နေတဲ့ တိုင်းရင်းသား လူရွယ်ခေါင်းဆောင် Young Leader ဆိုတဲ့ လူတွေကို (၁၈) ဦးခန့် ရွေးချယ်ပြီး၊ သည် ပညာရေးအစီအစဉ်မှာ ပါဝင်သက်ရောက်ခွင့် ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အစီအစဉ်ကတော့ (၁၁) လောက် ကြာတယ်။ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်၊ ဂျွန်လလောက်မှာ ကျွန်တော်တို့တတွေ အမေရိကန်မှာ သုံးပတ်ခန့်ကြာပြီး စာသင်ခဲ့ရပြီး၊ အဲဒီက ပြန်လာပြီးနောက်ပိုင်း သူတို့အစီအစဉ်ကနေ မြန်မာပြည်မှာ ပြည်တွင်း သင်တန်း (၃) ကြိမ်ခန့်လုပ်ပေးခဲ့တယ်။ ဒီနှစ် (၂၀၁၆) မေလမှာ အမေရိကန်ပြည်ကို ပြန်သွားပြီး ကိုယ်စိတ်ပါဝင်စားရာ လုပ်ငန်းအဖွဲ့အစည်းတွေမှာ အလုပ်သင် လေ့လာရေးအဖြစ်လည်းကောင်း၊ စုပေါင်းလေ့လာရေးအဖြစ်လည်း ကောင်းပြုလုပ်ပြီး ကျွန်တော်တို့ တတွေကို ဂုဏ်ပြုလက်မှတ်ချီးမြှင့် ပေးအပ်ခဲ့တာပါ။

(၂) ဘာတွေ သင်ယူလေ့လာဖြစ်ခဲ့သလဲ။

– အဓိကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအရ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားရေး အထောက်အပံ့ ဖြစ်စေရေးအတွက်ဆိုတော့ ခြုံပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ကို ဒီမိုကရေစီ လှုပ်ရှားမှု အတွက် ခေါင်း ဆောင်မှုပိုင်း၊ ဦးဆောင်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခေါင်းဆောင်မှုအရည်သွေး မြှင့်တင်နိုင်မည့် အတွေး အမြင်နှင့် သက်ဆိုင်သော ဘာသာရပ်တွေကတစ်ပိုင်း၊ ဒီမိုကရေစီ စံတန်းဖိုး အတွက် ဆိုရင် အမေရိကန်ရဲ့ ဒီမို ကရေစီစနစ်ရယ်၊ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအကြောင်းတွေ၊ လက်ရှိ၎င်းတို့ရဲ့ ဖက်ဒရယ်စနစ်အကြောင်းနှင့် ယဉ်ကျေးမှုပေါင်းစုံဖက်ဒရယ်အတွေးအမြင်တွေ၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွား ရေးစနစ် ဘာသာရပ်တွေ၊ ကမ္ဘာ့နိုင်ငံ ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ခဲ့တဲ့ အကြောင်းတွေရယ်ကို သင်ပေးပါတယ်။ နောက် တစ်ပိုင်းကတော့၊ အဖွဲ့အစည်း ရေရှည်တည်တန့်နိုင်မှုဆိုင်ရာ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုအပိုင်းတွေပါ သင်ခဲ့ရပါတယ်။

(၃) အမေရိကန် နိုင်ငံရေးနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး ဘာတွေကွာခြားတယ်ဆိုတာ လေ့လာဖြစ်ခဲ့လဲ။

သေချာတာတစ်ခုက အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်ပြီး နိုင်ငံသားအားလုံးက အမေရိကန် နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူကြတယ်။ မြန်မာပြည်မှာလည်း လူမျိုးပေါင်းစုံနေထိုင်တယ်၊ ဒါပေမယ့် တိုင်းရင်းသားများစွာတို့က မြန်မာပြည်သားဖြစ်ရတာ မဂုဏ်ယူနေပါဘူး။ နှစ်နိုင်ငံစလုံးက ခေတ်အဆက်ဆက် အင်အားကြီးသူလူမျိုးစုက အင်းအားနည်းသူ လူမျိုးစုတွေကို နှိပ်စက်ငြင်းပန်းခဲ့တာခြင်း အတူတူ၊ သမိုင်းကြွေးပေးဆပ်ပြီး၊ လူတိုင်းတန်းတူရေးနှင့် အခွင့်အရေးလေးစားမှုကို လုပ်နိုင်ခဲ့တယ်ဆိုတာ အမေရိကန်မှာ ဖြစ်ရပ်မှန် တွေရှိခဲ့တယ်။

အမေရိကန်မှာတော့ နိုင်ငံသားတိုင်းရဲ့ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ပြည်ထောင်စု ဖက်ဒရယ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာမခံထားတယ်။ ပြီးတော့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် အာဏာခွဲဝေထားတယ်။ သီးခြားဥပဒေ ပြဌာန်းပိုင်ခွင့်ရှိပြီး အာဏာစီးဆင်းမှုပုံစံ ရိုးစင်းတယ်။ နိုင်ငံသားတိုင်း အားလုံးနီးပါး ပညာတတ်တွေဖြစ်တော့ စီမံအုပ်ချုပ်မှုလုပ်ရတာ အစင်ပြေတယ်။ စစ်တပ်က အရပ်သားရွေးချယ် တင်မြှောက်တဲ့ သမ္မတက အမိန့်ပေးပိုင်ခွင့်ရှိတယ်။ စစ်တပ်နဲ့ပြည်သူ ယုံကြည်မှုရှိပြီးသား၊ လုံခြုံရေးရဲတွေ ကလည်း ကိုယ့်အခန်းကဏ္ဍနဲ့ကိုယ် ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ထမ်းဆောင်နေကြတော့ ပြဿနာတစ် ခုခုဖြစ်ရင်တောင်မှ ဖြေရှင်းရလွယ်တယ်။ ပါတီနိုင်ငံရေးသမားတွေမှာလည်း ရီပါပလစ်ကန်နှင့် ဒီမိုကရက်ဆိုတဲ့ အုပ်စုနှစ်ခုတည်းဆိုတော့၊ သူမဟုတ်ရင် ကိုယ်ပဲ၊ တစ်ပါတီက အစိုးရဖြစ်ရင် ကျန်တဲ့ပါတီက အတိုက်ခံလုပ်၊ အထိန်းအကွပ်များဖြင့် အချက်ကျကျနဲ့ နိုင်ငံတော်ကို စီမံအုပ်ချုပ်သွားရုံပါပဲ။

မြန်မာပြည်မှာက ဒီမိုကရေစီဖော်ဆောင်ရေးဆိုရင်လည်း ဒီမိုကရေစီအင်အားစု နှင့် အရင်က အာဏာရှင်လက်အောက် ရှိခဲ့ဖူးသည့် စစ်တပ်အင်အားစုတွေက ပုခုံးချင်းယှဉ်ပြိုင်နေရဆဲ ဖြစ်နေသေးပြီး၊ ဖဲချပ်ကစားသလို၊ အချိန်အဆနဲ့ အပေးအယူလုပ်နေရတဲ့ အခြေအနေရယ်။ နောက်ပြီး ဖက်ဒရယ်အရေးမှာလဲ တိုင်းရင်းသား တန်တူရေးပြဿနာနှင့် ၎င်းတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှုကဏ္ဍကလည်း တိုးမြင့်လာတဲ့ အနေထားမှာရှိနေပါတယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုများအပေါ် မြန်မာပြည်ရဲ့ လက်ရှိအစိုး ရဖြစ်တဲ့ NLD ရဲ့ မေတ္တာတရားကြီးမြတ်ပေးနိုင်မှုအပေါ်မှာ မူတည်နေပြီး၊ နိုင်ငံရေးဖြေရှင်း ပေးနိုမည့် ကိစ္စမှာလည်း စစ်တပ်ရဲ့ကဏ္ဍနှင့်လည်း သက်ဆိုင်နေသေးတဲ့ အနေထားပါ။ အဲဒီတော့ လူမျိုးရေးပြဿနာ ဖြေရှင်းရာမှာလည်း ဒီနိုင်ငံတော်ကြီးမှာ ပေါက်းဖွားရှင်သန်လာတဲ့ နိုင်ငံသားတိုင်းသည် ဤနိုင်ငံ၏ နိုင်ငံသားဖြစ်တည်မှုအပေါ်မှာ ဂုဏ်ယူနိုင်ခြင်း မရှိသေးသရွှေ့၊ ဒါမှမဟုတ် ယဉ်ကျေးမှုပေါင်းစုံ ဖက်ဒရယ်အတွေးအမြင်တွေကို နိုင်ငံသားတိုင်း လက်ခံနားလည်နိုင်ခြင်း မရှိသေးသရွှေ့ ကျွန်တော်တို့နိုင်ငံမှာ လူမျိုးရေး ပြဿနာများ ဆက်လက်ဖြေရှင်းသွားရပါအုံးမည်။

(၄) မွန်ပြည်နယ်က လူငယ်တွေအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်ဖို့ ဘာတွေ သင်ယူရရှိခဲ့လဲ။

မွန်ပြည်နယ်က လူငယ်တွေဟာ အများအားဖြင့် တိုင်းတပါးမှာ ပညာသင်သွားနိုင်ဖို့ထက် ဝင်ငွေရဖို့ အလုပ်သွားလုပ်ကြဖို့ စိတ်အားထက်သန်ကြတယ်။ ဒါကတော့ နိုင်ငံတော်ရဲ့ ဆင်းရဲတွင်းနက်မှု ပြဿနာ အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။ ဆိုတော့ကာ လေ့လာမိသလောက်ကတော့ လူငယ်တွေ ပညာရေး လေ့လာမှုဘက်ပိုင်းမှာ စိတ်ပါဝင်စားလာဖို့ ကျွန်တော်တို့တတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီး လို့မြင်တယ်။ မြို့ပြနေ လူငယ်တွေက တက္ကသိုလ်၊ ကောလိပ်တက်ရောက်နိုင်ဖို့ အခွင့်လမ်းတွေရှိနေနိုင် ပေမယ့်၊ တောဆန်တဲ့ ကျေးရွာက လူငယ်တွေက အထက်တန်းအောင်မြင်ပြီးနောက် ကျောင်းပညာရေးကို ဆက်လက်လေ့လာဖို့ စိတ်မပါတော့ဘူး။ နောက်ပြီး တက္ကသိုလ်တက်ရောက်ပြီးသွားသော လူငယ်တွေ တောင်မှ ဒီထက်မြင့်တဲ့ ပညာရေးကို လိုက်စားနိုင်ဖို့ အခွင့်အလမ်းနည်းနေသေးတယ်။ ကျွန်တော်မြင်တာက လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်ရေး ကာလအတွင်း နိုင်ငံတကာအစိုးရတွေရဲ့ အထောက်အပံ့နဲ့ လူငယ်ပညာရေး မြှင့်တင်ခြင်း အစီအစဉ်တွေ၊ ပညာတော်သင်ဆုတွေ ပေးနေတာက အများကြီးပါ။ အဲဒီအခွင့်အလမ်းတွေကို သိရှိနိုင်ဖို့နဲ့ ဆုပ်ကိုင်နိုင်မှုကို လူငယ်တွေ သတင်းအရင်းအမြစ် ရရှိနိုင်မှု အားနည်းနေတယ်။ ဒါကို တတ်သိနားလည်တဲ့ လူတွေက ဘယ်လိုမျိုး ဖြန့်ဝေပေးနိုင်မလဲဆိုတာကလည်း နည်းပညာတိုးတက်မှုရှိနေပြီးဆိုတော့၊ ဗျူဟာကောင်းတွေ ရှိနေဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အနာဂတ်သည် ကျွန်တော်တို့ရဲ့ လူငယ်အနာဂတ်နဲ့ ဆက်စပ်နေတယ်။ ပြည်နယ်အလိုက်၊ လူမျိုးစုအလိုက် လူငယ်တွေ ပညာတတ်ဖို့ လိုပါတယ်။

(၅) အမေရိကန် အိမ်မက်က မြန်မာနိုင်ငံမှာ သိပ်ကိုကြီးကျယ်ပါတယ်။ လက်တွေ့ကြုံခဲ့ရတဲ့ အမေရိကန် အခြေအနေကရော ဘယ်လိုလဲ။

လက်တွေ့ကြုံခဲ့ရတာကို ပြောရမယ်ဆိုရင်၊ သည်ပညာရေးအစီအစဉ်ကို လေ့လာနေစဉ်မှာပဲ အသိမြင်တခုကို ကျွန်တော်တွေးနေတာရှိတယ်။ မြန်မာပြည်နှင့် ပတ်သက်ပြီး လက်ရှိ အစိုးရဖြစ်နေတဲ့ ဒီမိုကရက်ပါတီက နိုင်ငံခြားမူဝါဒအရ “မီးစတဖက် ရေမှုတ်တဖက်” ဆိုတဲ့မူနဲ့လာပြီး State Sponsor နဲ့ အကြီးအကျယ်ထောက်ပံ့နေတာ အားလုံး အသိပါ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ အမေရိကန်ရဲ့ မူဝါဒဟာ အောင်မြင်ကြောင်း၊ အိုဘာမား အစိုးရရဲ့ မူဝါဒဟာအောင်မြင်ကြောင်း ပြသနေသကဲ့သို့ပဲ ရီပါပလစ်ကန်တွေကလည်း ၎င်းတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တွေရဲ့ မူဝါဒဟာ အာနည်းချက်ရှိနေကြောင်း၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီ အထောက်အပံ့ရေးမှာလည်း ၎င်းတို့ရီပါလပလစ် ကန်တွေရဲ့ ထောက်ပံ့မှုရှိကြောင်း အမေရိကန်နိုင်ငံသားတွေကို ပြသချင်တဲ့ အနေထားတွေ ရှိတယ်။ သေချာတာက ရီပါပလစ်ကန်ရော၊ ဒီမိုကရက်ရော မြန်မာပြည်အရေးမှာ စိတ်ပါဝင်စားမှုရှိနေသလိုပဲ၊ တဖက်မှာလည်း ၎င်းတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက်ကိုလည်း လာရောက်ဖော်ဆောင်မှာ ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ ကမ္ဘာ့နိုင်ငံရေး သံတမန် ဆက်ဆံရေးတွေပါ။

(၆) အမေရိကန်မှာနေစဉ်တစ်လျှောက် သင်ယူရတဲ့ သင်ခန်းစာတွေအပြင် အခြားဘာတွေရော သင်ယူရရှိခဲ့သလဲ။

၂၀၁၅ ခုနှစ်၊ ဇွန်လ၊ ပထမအကြိမ် သွားရောက်ခဲ့တုန်းက၊ စာသင်ခန်းထဲက သင်ခန်းစာတွေအပြင်၊ အမေရိကန်ရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာတော့ အရေးကြီးတဲ့ အစိုးရဌာနတွေ၊ ဗဟိုတရားရုံးတွေ၊ မြန်မာပြည် ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်တွေဆီ သွားရောက် လေ့လာ စကားပြော ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ မေလ၊ ဒုတိယအကြိမ်သွားတုန်းကဆိုရင် Job Shadow ဆိုတဲ့ ကျောင်းသား တစ်ဦးချင်းစီရဲ အဓိက လေ့လာလိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာဆန်ဆန် လေ့လာမှု အစီအစဉ်ဆိုတာ ရှိတယ်။ ကျွန်တော်အနေ့ဖြင့် အိုင်တီနည်းပညာဆန်တဲ့ မီဒီယာနှင့် ဒိုက်ဂျစ်တယ်ဘက်ပိုင်းကို ပိုပြီးလေ့လာ လိုတော့၊ တက္ကဆက်ပြည်နယ်ထဲက၊ ဒါလက်စ်မြို့မှာရှိ FOX4 NEWS TV Channel ကို သွားပြီး လေ့လာခဲ့တယ်။ အဲဒီမှာ သူတို့ရဲ့ သတင်းအစည်းအဝေးခန်း၊ ရုပ်သံလွှင့်ရုံထဲက တိုက်ရိုက်ထုတ်လွှင့်မှု ယန္တရားလည်ပတ်မှုတွေ၊ အခင်းဖြစ်ပွားရာနေရာကိုသွားပြီး ရုပ်သံတိုက်ရိုက်တင်ဆက်မှု နည်းပညာ တွေအကြောင်း လေ့လာဖြစ်တယ်။ အဲဒီထဲကမှ PSA (Public Services Announcement) ဆိုတဲ့ အစီအစဉ် ရိုက်ကူးမှုအပိုင်းကို ကျွန်တော်ပိုပြီး သဘောကျလို့ ပိုပြီး လေ့လာဖြစ်ခဲ့တယ်။ PSA ရုပ်သံဆိုတာ လူမှုရေးဆန်တဲ့ ပညာပေးလုပ်ငန်း၊ တိုက်တွန်းနိုးဆော်ရေး ကိစ္စတွေမှာ စိတ်ဝင်စားတဖွယ်နဲ့ အနုပညာဆန်ဆန် တင်ဆက်တဲ့ ရုပ်သံအစီအစဉ်ပုံစံမျိုးပါ။ ကျွန်တော်တို့နိုင်ငံရဲ့ TV Channel တွေမှာ တွေ့ရခဲပါတယ်။

(၇) အခြားမျှဝေချင်တာရှိရင် ပြောပေးပါအုံး။

ညီငယ်၊ ညီမငယ်တွေကို တိုက်တွန်းချင်ပါတယ်။ ပညာလို အိုသည်မရှိပါဘူး။ ကျွန်တော် (၈) တန်းနှစ်မှာကတည်း အဖေရော၊ အမေရော ဘဝတပါးကို ပြောင်းသွားခဲ့ပါပြီး။ ကျွန်တော့်ပညာရေး ဆုံးခန်တိုင် မရောက်မှာကို အမြဲတမ်း စိတ်ပူခဲ့ရပါတယ်။ နောက်ပြီး အခက်ခဲတွေများစွာနဲ့ တက္ကသိုလ်ကျောင်းပြီးသည်အထိ တက်ရောက်ခဲ့ပြီး ဘွဲ့ရခဲ့ပါတယ်။ ရိုးရိုးသာမာန် ဘွဲ့တစ်ခုနဲ့ မရောင့်ရဲနိုင်သေးလို့ ကြံမိကြံရာနဲ့ပဲ၊ “ဘွဲ့ရပြီးရင် နိုင်ငံခြားထွက် အလုပ်လုပ်ရမည်” ဆိုတဲ့ မိဘဆွေးမျိုးတွေ လက်ခံကျင့်သုံးနေတဲ့ အစဉ်အလာကို ဖောက် ထွက်ပြီး၊ ပညာရေးတဖက် အလုပ်တဖက်ဖြစ်တဲ့ လူမှုဝန်းကျင်မှာ ကျင်လည်ဖို့ ကြိုးစားခဲ့တာပါ။ မိမိပညာ ရေးဖြင့် မိမိဘဝမြှင့်တင်နိုင်ရေး ဆိုတဲ့ ဆန္ဒကြောင့်ပါပဲ။ အခုချိန်ထိ ပညာရေးနှင့် သက်ဆိုင်တဲ့ အခွင့်အလမ်းကို ရှာဖွေနေဆဲပါ။ ပညာမြင့်မှ ကျွန်တော့်ဘဝကို မြှင့်တင်နိုင်မည်ဖြစ်ပြီး တခြားသူများကိုလည်း အကူအညီပေးနိုင်မည်လို့ ကျွန်တော် ယုံကြည်ထားတာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.