“ကမ္ဘာ့ရွာက မြန်မာတို့ရဲ့အိမ်ဂေဟာ”

0
7442

(က)
တစ်နေ့ကဂျာနယ်တစ်စောင်ရဲ့မျက်နှာဖုံးမှာ “အပြည်ပြည်ဆိုင်ရာ ကျားများနေ့တွင် မီးမီးခဲကိုပွဲထုတ်မည်” ဆိုတဲ့ သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်တယ်။ ပေးထားတဲ့ခေါင်းစဉ်ကိုစိတ်ဝင်စားသွားပြီး ဖေါ်ပြထားတဲ့စာမျက် နှာအတိုင်း အတွင်းစာသားတွေကို ရှာကြည့်လိုက်တယ်။ မီးမီးခဲဆိုတာကျွန်တော်ထင်ထားသလိုမဟုတ်ဘဲ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က ကျားမ ဒေစီ မွေးထားတဲ့ကျားပေါက်မလေး ဖြစ်နေတယ်။ အဲဒီကျားပေါက်မလေးရဲ့ သွားလာ လှုပ်ရှားမှုတွေနဲ့ ကျွမ်းကျင်မှုတွေကိုတင်ဆက်ပြသမယ်ထင်ပါတယ်။

လွန်ခဲ့တဲ့(၆)နှစ်(၂၀၁၀)ပြည့်နှစ်ကတည်းက အပြည်ပြည်ဆိုင်ရာကျားများနေ့ကိုကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန် မြို့မှာတော့ ပြီးခဲ့တဲ့နှစ်(၂၀၁၅)ခုနှစ်မှာမှစပြီး ကျင်းပခဲ့တယ်လို့ဆိုပါတယ်။ ဒီနှစ်မှာအပြည်ပြည်ဆိုင်ရာကျားများနေ့ ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဇူလိုင်လ(၂၉)ရက်နံနက်(၉)နာရီကစတင်ပြီး ကျင်းပပြုလုပ်မယ်ဆိုတဲ့အကြောင်း ၂၈-၇-၂၀၁၆နေ့ကထုတ်ဝေတဲ့ ပြည်မြန်မာဂျာနယ်မှာ ဖေါ်ပြခဲ့တယ်။ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ကျား တွေနေထိုင်ရာနေရာတွေနဲ့ ကျားတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေကိုပညာပေးအစီအ စဉ်တွေအဖြစ် ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်(၅)ရက်မှ(၆)ရက်ထိ“သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာနနှင့်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့”(World Wide Fund for Nature W.W.F) တို့ ပူး ပေါင်းပြီးနေပြည်တော်(Grand Amara)ဟိုတယ်မှာကျင်းပခဲ့တဲ့ လူနှင့်ဆင်ပဋိပက္ခလျှော့ချရေးအလုပ်ရုံဆွေးနွေးပွဲမှာ “လူနှင့်ဆင်ပဋိပက္ခလျှော့ချရေးအတွက် ပဲခူးရိုးမတောင်ပိုင်းကို စံချိန်မီမြေယာအသုံးပြုမှုမြေပုံ(Standard Land Use Mapping) ရေးဆွဲဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။

ရှေးမြန်မာမင်းတွေလက်ထက် ကုန်းဘောင်ခေတ်(၁၈၇၉)ခုနှစ်ကတည်းက ဆင်ထိန်းသိမ်းရေးဥပဒေကို ပြ ဌာန်ခဲ့ပြီး (၁၈၈၃)ခုနှစ်မှာပြန်လည်ပြင်ဆင်ရေးဆွဲ ပြဌာန်းခဲ့တယ်။(၁၉၉၄)ခုနှစ်မှာထုတ်ပြန်ပြဌာန်းခဲ့တဲ့ “တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့်သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ”အရဆင်တွေကိုလုံး၀ ကာ ကွယ်ထားတဲ့တိရစ္ဆာန်အဖြစ် ထိန်းသိမ်းကာကွယ်ထားတယ်။

မြန်မာနိုင်ငံမှာပဲ မျိုးသုဉ်းလုသားရဲတိရစ္ဆာန်တွေကို ရွှေစက်တော်ဘေးမဲ့တော၊မင်းဝံတောင် ဘေးမဲ့ တောနဲ့ လောကနန္ဒာဘေးမဲ့တော သုံးနေရာမှာသုတေသနပြုခြံလှောင်မွေးမြူရေးစနစ်နဲ့ သားဖောက်ထိန်းသိမ်းဖို့လည်း စီစဉ် နေပြန်တယ်။ရှားပါးကြယ်လိပ်တွေကို အဲဒီဘေးမဲ့တောသုံးနေရာမှာ သုတေသနပြုသားဖောက်မွေးမြူခဲ့တာ အခုဆို ကောင်ရေတစ်သန်းလောက်ရှိနေပြီး တခြားရှားပါးမျိုးစိတ်တွေကိုလည်း အခုလိုသားဖောက်စနစ်တွေနဲ့ ကျင့်သုံးသွား ဖို့ရှိတယ်လို့လည်း ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရဲ့တောအုပ်ကြီးဦးအောင်မြတ်စိုးကပြောခဲ့တယ်။

အဲဒီလိုဆောင်ရွက်နိုင်ဖို့ ပြည်ပကNGOတွေ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီပြည်ပအဖွဲ့အစည်းတွေက ငွေကြေးနဲ့နည်းပညာ အဓိကစိုက်ထုတ်ဆောင်ရွက်ပေး သွားမယ်လို့ဆိုပါတယ်။အဲဒီလိုမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အဖွဲ့အစည်းတွေဟာ တိရစ္ဆာန်တွေ မ ပျောက်ကွယ်သွားအောင်ထိန်းသိမ်းဖို့အတွက် ဘာကြောင့်များဒီလောက်တောင် အသည်းအသန် ကြိုးပမ်းဆောင် ရွက်နေကြသလဲဆိုတာ မေးစရာရှိပါတယ်။ တိရစ္ဆာန်ဆိုတာ လူတွေမှ မဟုတ်ဘဲ။ သင်းတို့တွေ ကမ္ဘာပေါ်မှာ ရှိချင်ရှိ မရှိချင်နေ ဘာများဂရုစိုက်စရာလိုသလဲပေါ့။

(ခ)
တရုတ်ပြည်မှာ မော်စီတုန်းလက်ထက်က လယ်ယာမြေတွေမှာ ငှက်အုပ်တွေပျံသန်းလာပြီး စပါးနဲ့ ကောက်ပဲ သီးနှံတွေကိုစားသောက်ဖျက်ဆီးကြတဲ့အတွက် လယ်သမားတွေ ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံကြရတယ်။ဒီ တော့အစိုးရက ငှက်တွေကိုနှိမ်နင်းဖို့စီမံချက်တွေရေးဆွဲပြီးတစ်ပြည်လုံးအတိုင်းအတာနဲ့နှိမ်နင်းလိုက်ကြတဲ့အခါ ငှက် တွေမရှိတော့သလောက်ဖြစ်သွားခဲ့တယ်။ ငှက်တွေရှားပါးသွားတဲ့အခါ ဘာပြဿနာဖြစ်လာသလဲဆိုတော့ ငှက်တွေ ရဲ့အစာဖြစ်တဲ့ခရုတွေ အမြောက်အမြားပေါက်ပွားလာပြီး ခရုတွေဟာ စပါးပင်တွေကိုကိုက်ဖြတ်စားသောက်ဖျက်ဆီး လိုက်ကြတာ ငှက်တွေကြောင့် ပျက်စီးဆုံးရှုံးသွားတာထက် အဆများစွာပိုမိုဆုံးရှုံးသွားခဲ့တော့တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်က ရေကန်ကြီးတွေမှာ မိကျောင်းတွေအစုလိုက်အပြုံလိုက်သေကုန် ကြတဲ့အဖြစ် ပေါ်ပေါက်တယ်။ မိကျောင်းသေတွေကို ခွဲစိတ်ကြည့်တော့လည်း ဘာရောဂါပိုးမှရှာမတွေ့ခဲ့ဘူး။ ရေ နစ် သေတာပဲ တွေ့ရတယ်။ မိကျောင်းဟာ ကုန်းနေရေနေတွားသွားသတ္တဝါဖြစ်ပြီး ပါးဟက်ပါတဲ့ငါးလိုမဟုတ်တဲ့ အတွက် လေရှူဖို့တစ်ချက် တစ်ချက် ရေမျက်နှာပြင်ပေါ်ကိုတက်ကြရတယ်။ ကျွမ်းကျင်သူတွေထပ်ပြီး လေ့လာ ကြည့်တော့မှ သေတဲ့မိကျောင်းတွေအားလုံးဟာ ဦးနှောက်ဆဲလ်တွေဆိုးဆိုးရွားရွားပျက်စီးနေတာ တွေ့ရတယ်။

အသက်ရှင်ကျန်နေတဲ့အကောင်တွေကိုကြည့်တော့လည်း ကူးစက်ရောဂါပိုးတွေ ရှာမတွေ့ဘူး။ မိကျောင်း တွေဟာ ရေငုပ်ရေကူးရင်းကို လမ်းကြောင်းပျောက်ဆုံးမှု (Direction Lost) တွေဖြစ်၊အကြောတွေဆိုင်းသွားပြီး ရေနစ်သေရတာ။ ဒီတော့မိကျောင်းတွေရဲ့အစာကွင်းဆက်(Food Chain) မှာပြဿနာရှိမယ်လို့တွေးမိပြီး စစ်ဆေး ကြည့်မိတော့မှ ရေကန်ထဲမှာငါးသလောက်တွေအလွန်အကျွံများနေပြီး က ကတစ်လို အခြားငါးမျိုးစိတ်တွေ ပျောက် ကွယ်နေတာတွေ့ရတော့တယ်။

ဒါနဲ့ ကျွမ်းကျင်သူတွေက အမေရိကန်ရဲ့အခြားအရပ်မှာသီးခြားရှိနေတဲ့ မိကျောင်းတွေကိုဖမ်းပြီး နေ့တိုင်းငါး သလောက်ချည်းကျွေးပြီးစမ်းသပ်တယ်။ သိပ်မကြာခင်မှာဘဲ အဲဒီမိကျောင်းတွေဟာ ဦးနှောက်ဆဲလ်တွေ ယိုယွင်း ပြီး သေကုန်ကြတယ်။ ဒီတော့မှမိကျောင်းတွေအတွက် ငါးသလောက်ကလွဲပြီးအခြားရွေးချယ်စရာ အစာမရှိတော့တဲ့ အစားကွင်းဆက် ကမောက်ကမဖြစ်မှုဟာ မိကျောင်းတွေမျိုးပြုတ်စေတဲ့ အကြောင်းရပ်ဖြစ်ကြောင်းအဖြေကိုရှာတွေ့ တော့တယ်။ ငါးသလောက်မှာ( Thiaminase ) သိုင်ရာမိုင်နေ့ ဓာတ် သိပ်မြင့်တယ်။ ပိုဆိုးတားက ငါးသလောက်မှာ ရှိတဲ့သိုင်ရာမိုင်နေ့ဓာတ်ဟာ( Thiamine ) သိုင်ရာမင်လို့ခေါ်တဲ့ (Vitamin B1) ကို ဖြိုခွဲဖျက်ဆီးပြီး ဦးနှောက်ဆဲလ် တွေကို ယိုယွင်းပျက်စီးစေတယ်။ဦးနှောက်ဆဲလ် အသစ်ပြန်လည်ဖြစ်ထွန်းမှုကိုလည်း သိပ်နှေးကွေးစေတယ်။ငါး သလောက်စားပြီးရင် အိပ်ငိုက်တယ်ဆိုတာ ငါးသလောက်မှာပါတဲ့သိုင်ရာမိုင်နေ့ဓာတ်ကြောင့်ပဲ ဖြစ်တယ်။

အဲဒီရေကန်တွေမှာ ငါးသလောက်ကလွဲပြီးအခြားငါးတွေမရှိတော့လောက်အောင် အစာကွင်းဆက်ပြတ်သွား တာ ဘာကြောင့်လဲဆိုပြီး ဆက်လက်စစ်ဆေးတဲ့အခါ ရေကန်ရဲ့ရေမျက်နှာပြင်ပေါ်မှာ ရေမှော်တွေတအားထူထပ်နေ တာတွေ့ရတယ်။ အဲဒီရေမှော်တွေဟာရေထဲကအောက်စီဂျင်တွေကိုစုပ်ယူလိုက်တဲ့အခါ ရေထဲမှာအောက်စီဂျင် တွေမလုံလောက်တော့လို့ က,ကတစ်ငါးတွေ အသက်မရှင်နိုင်တော့ဘဲ မျိုးတုံးသွားတယ်။ ရေမှော်စားတဲ့ငါးသ လောက်တွေကတော့အမြောက်အမြားပေါက်ပွားလာတော့တယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ကန်ရဲ့ပတ်ဝန်းကျင်ကို လူတွေအခြေချလာကြပြီး အပင်တွေစိုက်ပျိုး လာကြတဲ့အတွက် ဓာတ်မြေသြဇာတွေဟာ မိုးရေနဲ့အတူ ကန်ထဲစိမ့်ဝင်လာတယ်။ ဓာတ်မြေသြဇာတွေကြောင့် ရေ မှော်တွေပွားများလာတယ်။ရေမှော်တွေရဲ့ ရေထဲကအောက်စီဂျင်စုပ်ယူမှုကြောင့်ရေရဲ့အရည်အသွေးပျက်စီးပြီး ရေ ချိုငါးတွေတုံးသွားချိန်မှာ ရေမှော်ကြိုက်တဲ့ငါးသလောက်တွေ စံမြန်းရာရေကန်ဖြစ်လာတော့တယ်။

အဲဒီလို ရှိမြဲရှိနေသင့်တဲ့သတ္တဝါတွေပျောက်ကွယ်သွားတဲ့အခါ လူတွေရဲ့အကျိုးစီးပွားနဲ့ အခြားသတ္တဝါကြီး တွေရဲ့ရှင်သန်မှုထိခိုက်တာကို လူတွေသိလာတာမို့ ကမ္ဘာပေါ်မှာရှိတဲ့တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရ ကောင်းမှန်း လူတွေသဘောပေါက်လာကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ္ဘာကြီးဟာ လူသားတွေချည်းနေထိုင်ဖို့ မဟုတ်တာ သေချာနေပါတော့တယ်။

(ဂ)
ချားလ်စ်ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ (The Evolution Theory) ကို စူးစမ်းလေ့လာတဲ့အနေနဲ့ ဇီဝဗေဒ ပညာရှင်အချို့ဟာ စမ်းသပ်မှုတစ်ခုပြုလုပ်ပါတယ်။ ကြွက် အထီးအမ သုံးစုံခန့်ကို လှောင်အိမ်ကြီးတစ်ခုထဲမှာ မွေးမြူပါတယ်။ ရေနဲ့အစာကို မှန်မှန်ပေးပါတယ်။ တဖြည်းဖြည်းကြွက်တွေ ပေါက်ပွားလာပါတယ်။ ကြွက်တွေ ပွားများလာလိုက်တာ လှောင်အိမ်ပြည့်ကျပ်လာတဲ့အထိပါပဲ။ လှောင်အိမ်လည်း သန့်ရှင်းမှုမရှိတော့ဘဲ ညစ်ပတ်နံ စော်လာတယ်။ ဒီလိုနဲ့ ကြွက်တွေရောဂါဝင်ပြီး တစ်ကောင်ကနေတစ်ကောင်ဆီကူးစက်ရာကနေ ကြွက်အကုန် လုံးနီးပါး သေဆုံးကုန်တယ်။ လှောင်အိမ်ထဲမှာ ကြွက်သုံးလေးကောင်ပဲ ကျန်တယ်။ အကောင်ရေနည်းလာတဲ့ အတွက် အစာရေစာ ၀၀လင်လင်နဲ့ သန့်ရှင်းမှုလည်းပြန်ကောင်းလာတဲ့အခါ ကြွက်တွေပွားများလာပြန်တယ်။နောက် များလာတဲ့အခါ ညစ်ပတ်လာရာကနေ ရောဂါဝင်ပြီးသေကုန်ပြန်ရော။ အဲဒီမှာ မသေဘဲကျန်ရစ်တဲ့ကြွက်တွေဟာ “သဘာဝရဲ့လက်ရွေးစင်”(Natural Selection),သို့မဟုတ်“သဘာဝနဲ့အံကိုက်ဖြစ် ကျန်ရစ်သူ” (Survival 0f The fitted), ဆိုတဲ့အကောင်တွေပဲ ဖြစ်ပါတယ်။

ဒီအတိုင်းပါပဲ။ သဘာဝတရားကြီးဟာ ကမ္ဘာပေါ်မှာ လူသားတွေတဖြည်းဖြည်း ပေါက်ပွားများပြားလာအောင် အခြေအနေတွေကို ဖန်တီးထားပေးပါတယ်။ နေသာတဲ့အခြေအနေမှာ လူတွေတဖြည်းဖြည်းပေါက်ပွားများပြားလာ တယ်။ ဒီလိုနဲ့ တစ်နေရာရာမှာ လူတွေအဆမတန်များစားလာတဲ့အခါ အစာရေစာရှားလာလို့ငတ်မွတ်ခေါင်းပါးလာ တယ်။ နေစရာနဲ့ အစာရေစာအတွက် လုယက်တိုက်ခိုက်သတ်ဖြတ်မှုတွေဖြစ်လာတယ်။မသန့်ရှင်းမှုကြောင့်အနာ ရောဂါတွေဝင်ပြီးသေဆုံးကြရတယ်။ အဲဒီအဖြစ်တွေကို လူတွေက ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ရောဂါအန္တရာယ်ဘေး နဲ့၊သတ်ဖြတ်တိုက်ခိုက်ဘေး(စစ်ဘေး)ဆိုတဲ့ ကပ်ကြီးသုံးပါးဆိုက်တယ်လို့ ဆိုပါတယ်။ အမှန်မှာကပ်ကြီးသုံးပါးဆို တာ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေနဲ့ လူတွေများလာရင်နည်းသွားအောင်၊ နည်းနေတဲ့အခါ များလာအောင် လိုတိုးပို လျှော့စနစ်နဲ့ ထိန်းညှိထားတဲ့ သဘာ၀ တရားကြီးရဲ့ပရိယာယ်တွေထဲက ပိုလာလို့လျှော့တဲ့နည်းပဲ ဖြစ်ပါတယ်။ ဒီ တော့ သဘာ၀ တရားကြီးဆီမှာ ဒီလိုပရိယာယ်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားဖို့အင်မတန် အရေးကြီးပါတယ်။

လူတွေက တိရစ္ဆာန်တွေကိုပဲဖြစ်ဖြစ် လူတွေကလူတွေကိုပဲဖြစ်ဖြစ် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပွား များအောင်လုပ်တာချည်းပဲမဟုတ်ပါဘူး။ အဆမတန်မများလာရအောင် ပွားနှုန်းကို လျော့နည်းအောင် လုပ်တာ လည်း ထိန်းသိမ်းစောင့်ရှောက်တာပါပဲ ။အဲဒီတော့တိရစ္ဆာန်တွေကိုတောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လူတွေဟာ မိမိတို့တွေရဲ့ လူဦးရေ(Popoulation)ကို ထိန်းသိမ်းမှုနဲ့စောင့်ရှောက်မှုဆိုတာအရေးတကြီးလိုအပ်ပါတယ်။

ဒီနေ့အခြေအနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေအကျယ်အဝန်းနဲ့ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးရဲ့လူဦးရေ(Population)ဟာ သင့်တင့်မျှတတဲ့အခြေအနေမှာရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော် တို့နိုင်ငံမှာ လူဦးရေတိုးတက်နှုန်းသိပ်ပြီးမြင့်မားလာလို့မဖြစ်ပါဘူး။ ဒီကိစ္စကတော့အိမ်ထောင်စုတိုင်းမှာတာဝန်ရှိပါ တယ်။မိမိတို့မျိုးဆက်တွေရဲ့လူမှုရေး၊ပညာရေးနဲ့တိုးတက်ကြီးပွားရေးစတဲ့လူနေမှုအဆင့်အတန်း(Living Standard) မြင့်မားစေဖို့နဲ့လူဦးရေမဖေါင်းပွစေဖို့အတွက် မိခင်တိုင်း သားဆက်ခြားကဲ့သို့သောနည်းလမ်းများနဲ့ လူဦးရေ ကိုထိန်း ပို့အသိပညာရှိနေရပါမယ်။

အဲဒါအပြင် ပြင်ပပြဿနာအဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ဖေါင်းပွလာတဲ့လူဦးရေ တွေ ကျွန်တော်တို့နိုင်ငံထဲ စီးမဝင်လာဖို့ကို အုပ်ချုပ်သူတွေနဲ့တကွ နိုင်ငံသားတိုင်းမှာ မပြတ်သတိနဲ့ စောင့်ကြပ်တား ဆီးရမယ့်တာဝန် ရှိနေပါတယ်။

လူဦးရေတွေနိုင်ငံမှာ ထိန်းမနိုင်သိမ်းမနိုင် ပွားများလာမယ်ဆိုရင်တော့ ဒီဒေသမှာ ကပ်ကြီးသုံးပါး တစ်ပါးမ ကျန်ဆိုက်ရောက်လာမှာမို့ စစ်ဆိုတာကိုလည်းကျွန်တော်တို့တွေရှောင်လွှဲလို့မရတော့ပါဘူး။ ဒီတော့စစ်ဆိုတာနဲ့ သူ့ ဘက်ကိုယ့်ဘက် ဝင်ရောက်စွက်ဖက်လာတဲ့အခါ ကြီးကျယ်တဲ့ စစ်ပွဲကြီးတွေအထိဖြစ်လာပြီး နည်းပညာမြင့်မား တဲ့လက်နက်ဆန်းတွေကြားမှာ လူတွေသာမက ကြွယ်ဝမှုမှန်သမျှနဲ့ နည်းပညာတွေအားလုံး ပျောက်ကွယ်သွားမှာ ဖြစ်ပြီးကျန်ရစ်မယ်ဆိုရင်တောင် ဒီလူသားတွေရဲ့ဘဝဟာ တစ်ကပြန်စရမှာ ဖြစ်ပါတယ်။

(ဃ)
တလောကဗီဒီယိုဖိုင်တစ်ခုကြည့်လိုက်ရတယ်။ ဆင်သားလေးတစ်ကောင်ကို ခြသေ့ၤတစ်အုပ် ဝိုင်းပြီးကိုက် ခဲကြတယ်။ ဆင်လေးဟာ ရုတ်တရက် ရေထဲဆင်းပြေးတယ်။ ခြသေ့ၤတွေလည်း ဆင်လေးကိုဝိုင်းကိုက်ရင်း ရေထဲ ကိုပါသွားတယ်။ဆင်လေးဟာ ရေထဲမှာခြင်္သေ့တွေကိုပြန်လည်ခုခံတဲ့အခါ ရေထဲမှာကြာရှည်မနေနိုင်တဲ့ခြသေ့ၤတွေ ကုန်းပေါ်တက်ပြေးကြရတယ်။ ဉာဏ်ရှိတဲ့အတွက် တိုက်ပွဲနေရာကို ရွေးချယ်နိုင်စွမ်းရှိတဲ့ဆင်လေး အသက်ချမ်း သာသွားတာပဲဖြစ်တယ်။

ကမ္ဘာဦးက ဒီကမ္ဘာမှာ ဒိုင်နိုဆောတွေအမြောက်အမြားရှိခဲ့တယ်။ ယင်းတို့ဟာ အကောင်ကြီးပြီး ခေါင်းကနေ အမြီးအထိ အလျားလည်းအလွန်ရှည်တယ်။ဒါပေမယ့် သူတို့ရဲ့ဦးခေါင်းကသေးငယ်ပြီး ဦးခေါင်းထဲကဦးနှောက်က လည်းအင်မတန်သေးငယ်တဲ့အတွက် အာရုံခံစားမှုကလည်း သိပ်ကိုနှေးကွေးတယ်။ ဒီတော့ ကျားလိုသတ္တဝါတစ် ကောင်က သူ့အမြီးကိုကိုက်ဆွဲလိုက်တဲ့အခါ နာမှန်းသိပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဒိုင်နိုဆောရဲ့ကိုယ်တစ် ပိုင်းလုံး ကျားဆွဲလို့ကုန်နေခဲ့ပြီ။ ဘာကြောင့်လဲဆိုတော့ အမြီးကနေဦးနှောက်ဆီကို အာရုံကြော(Nervous System) အဖွဲ့အစည်းက ပေးပို့လိုက်တဲ့ နာကျင်မှုအာရုံကို သေးငယ်တဲ့ဦးနှောက်က မြန်မြန်ဆန်ဆန်လက်ခံဖမ်းယူနိုင်စွမ်းမ ရှိလို့ပါဘဲ။ ဒီနည်းနဲ့ ဒိုင်နိုဆောတွေကမ္ဘာပေါ်ကနေပျောက်ကွယ်သွားခဲ့တယ်လို့ဆိုပါတယ်။။ ဒီအဖြစ်ကို ကြည့်ရင် ဘယ်လောက်ကြီးမားတဲ့သတ္တဝါဖြစ်စေ အသိဉာဏ်နည်းပါးပြီး ထုံထိုင်းတဲ့သတ္တဝါတွေဖြစ်နေရင် ဒီကမ္ဘာပေါ်ကနေ လျင်လျင်မြန်မြန်ကြီးကိုပျောက်ကွယ်သွားရတယ်ဆိုတာ ကျွန်တော်တို့သိရပါတော့တယ်။ အသိဉာဏ်ရှိနေရင်တော့ ရန်သူဘယ်လောက်ဝိုင်းဝိုင်း၊ သဘာဝဘေးအန္တရာယ်ဘယ်လောက်ပဲဆိုးရွားဆိုးရွား တွန်းလှန်ကာကွယ်နိုင်ပြီး သ ဘာဝရဲ့ လက်ရွေးစင်(Natural Selection) အဖြစ် ကမ္ဘာတည်အောင်ကျန်ရစ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒေသတွေမှာ တိုင်းရင်းသားအချင်းချင်း စစ်ဖြစ်နေကြတယ်။ အစားအစာတွေ ငတ်မွတ်ခေါင်းပါးလောက်အောင်မရှားပေမယ့် စစ်ဖြစ်တော့ တိုင်းရင်းသားတွေအစာငတ်တယ်။ လူဦးရေမပြည့်ကျပ် ပေမယ့် စစ်ဖြစ်တော့ အခြေအနေမဲ့ရတယ်။ ဒေါင်ဒေါင်မြည်အောင်ကျန်းမာပေမယ့် အနေအစားဆင်းရဲတော့ ရောဂါတွေထူပြောရတယ်။ မိမိတို့ဘာသာ ဖန်တီးတဲ့ကပ်ကြီးသုံးပါးဆိုတော့ မိမိတို့အသိဉာဏ်တွေ ဘယ်ရောက် ကုန်ပြီလဲလို့ မေးရင် နာစရာအလွန်ကောင်းမယ်ထင်ပါတယ်။

ဒီစစ်ပွဲတွေရပ်စဲဖို့အရေး အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ကြပေမယ့်ယနေ့တိုင်အောင် တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုရင်း စစ်ပွဲတွေရပ်စဲလိုက် တိုက်ခိုက်လိုက်နဲ့ စစ်သံသရာရှည်နေပါ တယ်။ စင်စစ် တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖက်ဒရယ်မူဆိုတာ ဖက်မတွယ်(မမှီခို) ဖယ်မထွက်ဆိုတဲ့အတိုင်း ပြည်ထောင်စုသားအချင်းချင်း သာတူညီမျှနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဖြစ်ပါတယ်။ဒီမူကိုအခြေခံပြီး အစိုးရအစု အဖွဲ့၊တပ်မတော်အစုအဖွဲ့၊လွှတ်တော်အစုအဖွဲ့၊လက်နက်ကိုင်တိုင်းရင်းသားအစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ မျှော်လင့်ချက်ကြီးမားစွာ ၂၀၁၆ခုနှစ်သြဂုတ်လ(၃၁)ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် (၂၁)ရာစုပင်လုံညီလာခံမှာ ညှိ နှိုင်းဆွေးနွေးရင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါဝင်သူ အားလုံးဟာ ရိုးသားဖြောင့် မတ်တဲ့စိတ်ထားနဲ့ လူမျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကိုသာ အာရုံထားမယ်ဆိုရင်ဖြင့် ပြည်သူတွေမျှော်လင့်နေတဲ့အတိုင်း ညီလာခံကြီးက အလုံးစုံသောပြည်တွင်းငြိမ်းချမ်းရေးကိုဖေါ်ဆောင်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါတော့တယ်။

ကမ္ဘာပေါ်မှာ ရှိရင်းစွဲ တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရသလို လူတွေဟာလည်း ရှိသင့်တဲ့လူဦးရေ ထက်လျော့နည်းမသွားအောင်နဲ့မတန်တဆများစားမလာအောင် ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံမှာလူဦးရေနည်းသွားရင် တိုင်းတပါးကအလုံးအရင်းနဲ့ဝင်ရောက်လာပါက ကျွန်တော်တို့ အမျိုးတွေပျောက်သွား ပါမယ်။ လူဦးရေထူထပ်လာပါကလည်း ကပ်ကြီးသုံးပါးဆိုက်ပါမယ်။

ကျွန်တော်တို့တွေဟာ အသိဉာဏ်ရှိတဲ့လူသားတွေပီပီ အသိဉာဏ်ကို လွှာသုံးပြီး ပြဿနာတွေကို ဖြေရှင်း မယ်ဆိုရင် သဘာဝတရားရဲ့ ကပ်ကြီးသုံးပါးနဲ့ မိမိတို့ဘာသာဖန်တီးတဲ့ကပ်ကြီးသုံးပါးကို တားဆီးနိုင်ပါလိမ့်မယ်။

Credit to Dr Khoon Nyo Thway and Minn Aung Khant Zaw
တင်အောင်စန်း(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.