” တန် ၉၀ စွန့်ပစ်အရာများနဲ့ သူတို့ဘ၀ “

0
8285

ရဲနိုင်ဦး

အချိန်က မနက်စောစော။ သူတို့အနေဖြင့် နိစ္စဓူဝမြင်တွေ့ရလေ့ရှိတာက ရွံရှာဖွယ်အတိဖြစ်သော ထမင်းကျန်ဟင်းကျန်များ၊ သားငါးစိမ်းမှထွက်လာသော အရိုးအရင်းများ၊ အမျိုးသမီးသုံးစွန့်ပစ်ပစ္စည်းများ၊ အမျိုးမည်မသိထွက်ပေါ်လာသည့် အနံ့အသက်ဆိုးများ။ မျက်စေ့အမြင်၊ နှာခေါင်းအနံ့ နှစ်ခုလုံးက သာမန်လူအဖို့ ရှောင်ကွင်းကြသည်။ သို့သော်လည်း ဘဝရည်တည်ရေး၊ မိသားစုစားဝတ်နေရေးအတွက် အချို့သူတွေမှာတော့ မရှောင်လွှဲနိုင်ခဲ့။

” ဒီအလုပ်လုပ်ခါစမှာ မသတီစရာတွေမို့ ပျို့အန်ကြတယ်၊ စားဝတ်နေရေးအတွက် မလုပ်ရင်မဖြစ်တာမို့သာ လုပ်လာလိုက်တာ။ ခုဆို ၆ နှစ်လောက်ရှိပြီ ” ဟု ရေးမြို့စည်ပင်မှ အမှိုက်သိမ်းအမျိုးသမီးတစ်ဦးဖြစ်သူ မတင်ဝင်းက ပြောပြပါတယ်။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့ကတဆင့် ရေးမြို့တွင်ရှိသည့် အစ်မတစ်ယောက်ဆီလာရင်း ယခုအလုပ်ကို စားဝတ်နေရေးအတွက် လုပ်ကိုင်ခဲ့ရတာပါဟု သူကဆိုပါတယ်။ ခုတော့ အိမ်ထောင်ရက်သားကျ၊ သားသမီးတွေထွန်းကားပြီး ယောကျ်ားဖြစ်သူ စည်ပင်သန့်ရှင်းရေးဝန်ထမ်း တစ်ဦးနဲ့အတူ ဘဝရှေ့ရေး ဆက်လက်ရုန်းကန်နေရဆဲပါ။

ဒီအခြေအနေမျိုးကို သာမာန်လူအများကတော့ သတိထားစာနာမိတာမျိုးရှားပါပါတယ်။ “အိမ်တွင်းသုံးအမှိုက် တွေက နေ့စဉ်လိုလိုပါပဲ၊ အချို့အမှိုက်တွက နံစော်နေလို့ အိမ်ရဲ့အပြင်တစ်နေရာ သေချာထုပ်ပိုးပြီးတော့ ထားရတယ်၊ အမှိုက်သိမ်းသူ တွေရဲ့ဘဝကို သေချာမတွေးဖြစ်ဘူး၊ ခုလိုမေးမှ သေချာတွေးဖြစ်တယ်၊ ကားနားမှာ ကျွန်မတို့အမှိုက်တွေသွားပစ်တာတောင် နံလို့ အသက်အောင့် ထားရတာ၊ သူတို့တွေ ဒီအမှိုက်ပုံ ပေါ်မှာ နေ့စဉ် သွားလာရှူရှိုက်နေရတယ်ဆိုတဲ့အတွေးက အတွေးထဲမှာတင် ဆွံ့အသွားစေပါတယ် ” ဟု ရန်ကြီးအောင်ရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောပါတယ်။

မနက်ဆိုရင် ၇ နာရီ ကတည်းက လုပ်ငန်းခွင်ကိုစတင်ဝင်ရပြီး နေ့ခင်းထမင်းစားချိန်က အမြဲလိုလို မွန်းလွဲပိုင်း ရောက်စမြဲ။ အချိန်လွန်နေ့လည်စာကို စားပြီး အလုပ်ကိုပြန်ဆက်လုပ်ချင် ညနေစောင်းအချိန်အထိ။ တစ်နေ့တာ မိုးလင်းတာနဲ့ နံနက်စာစား၊ စည်ပင်ရုံးကို ၇ နာရီအရောက်သွားကာ အမှိုက်သိမ်းကားနဲ့ မြို့ထဲအနှံ့ သိမ်းဆည်း တာ၊ ပြန်လည်စွန့်ပစ်တာတွေကို နေ့စဉ်ရက်ဆက်နီးပါး ဆောင်ရွက်ကြတယ်။ သူတို့အဖွဲ့မှာ မတင်ဝင်းနဲ့အတူ မိန်းက လေး ၃ ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ပါတယ်။ ” မိုးရွာတာတို့ နေပူတာတို့မရှိ။ မိုးရွာလဲထွက်၊ နေပူလဲ ထွက်ရတာပါပဲ၊ သာမန်အမှိုက်တွေဆိုရင် အကျင့်ပါနေလို့ သိပ်မထူးခြားပေမယ့် မစင်ထုပ်၊ သေးထုပ်တွေ ကအစ အမှိုက်သိမ်းတဲ့နေရာမှာရော၊ အမှိုက်ပုံးထဲမှာရော လာပစ်ထားတဲ့နေကျရင်တော့ ကျွန်မတို့ ကံဆိုးတဲ့ နေ့ပါပဲ ” လို့ အမှိုက်သိမ်း ကားနဲ့အတူလိုက်ပါတဲ့ နေ့စားဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်စန်းဝင်းက ဆိုပါတယ်။

အသေကောင်တွေဖြစ်တဲ့ ခွေးသေ၊ ကြောင်သေများကိုပင် စည်ပင်အမှိုက်ပုံးမှာပဲ လာရောက်စွန့်ပစ်သူတွေရှိပြီး တစ်ခါတရံ အမှိုက်ပုံးထဲမထည့်ပဲ အနီးဝန်းကျင်မှာ ဒီအတိုင်းလာရောက်စွန့်ပစ်သွားတဲ့အတွက် ခက်ခက်ခဲခဲ သိမ်းဆည်းရကြောင်းလည်း သူတို့က ပြောပြကြပါတယ်။ ” ခွေးသေ၊ ကြောင်သေတွေအပြင်မှာလာပစ်တော့ ခွေးဆွဲဘာဆွဲနဲ့ ရုပ်ပျက်ဆင်းပျက်တွေဖြစ်တယ်၊ ချီးထုပ်သေးထုပ်တွေဆိုလဲ အဲဒီအတိုင်းပဲ ဒီလိုပဲ အဆင်ပြေ အောင် မြေမြှုပ်သင့်တာမြုပ်၊ ပစ်သင့်တာပစ်ပေါ့၊ တစ်ခါခါ ကားပေါ်မှာ အဲဒါတွေတင်လာတော့ အနံ့တွေက အမှိုက်ကန်မရောက်မချင်း ရှူပေရော့ပဲ ” ဟု မတင်ဝင်းက ကြုံတွေ့ရတာကို ရင်ဖွင့်ပါတယ်။

” အမှိုက်ကားလိုက်သူအများစုက ကွမ်းစားတတ်သွားကြတယ်၊ ဘာလို့ဆိုတော့ အနံ့တွေကဆိုးတယ်၊ မခံနိုင်ဘူး၊ အော်လီဆန်တယ်၊ ကွမ်းကို ငုံထားလိုက်တော့ သက်သာတယ်၊ ကျွန်မဆို ခု အမှိုက်တစ်ခေါက် လိုက်ရင် ကွမ်းက ၂၀၀ ဖိုးလောက် ဝယ်သွားရတယ် ” လို့ အမှိုက်သိမ်းလုပ်သားဖြစ်လာပြီး ကွမ်းစားဖြစ်လာ ပုံကို ပြောပါတယ်။

ဒီလိုဆိုးဆိုးရွားရွား လှုပ်ရှားရုန်းကန်နေရတဲ့ သူတို့ဘဝတွေကို မစာနာတတ်သူအချို့နှင့်လည်း ကြုံတွေ့ကြ ရလေ့ရှိတယ်လို့ သူတို့အတွေ့အကြုံတွေကို မတင်ဝင်းက အောက်ပါအတိုင်း ပြောပါတယ်။

” အချို့အိမ်တွေမှာက လူငယ်တွေမရှိကြတော့ သက်ကြီးဘိုးဘွားတွေပဲရှိတာတွေ့တယ်၊ ကိုယ်တိုင် ဆင်းယူပြီး တော့ အမှိုက်တွေကို ကားပေါ်တင်ပေးတယ်။ ဒါကိုအခွင့်ကောင်းယူသူအချို့က သူတို့အိမ်ကအမှိုက်တွေကိုပါ အောက်ကို လာပြီး ဆင်းကြုံးစေချင်ကြပြန်ရော၊ စာနာတတ်တဲ့အိမ်ရှင်တွေကတော့ အလိုက်တသိ ဂရုတစိုက်နဲ့ အမှိုက်ကိုစွန့်ပစ်ကြပါတယ်။ ရေသန့်ဘူးတွေပေးတယ်၊ အချိုရည်ဘူးတွေပေးကြတယ် ” လို့ သူက ဆိုပါတယ်။ ” တစ်ခါတစ်ခါ အဆင်မပြေရင် အောက်ငေါက်တာကိုလဲ ခံရပါတယ်၊ မင်းတို့က ဝန်ထမ်းတွေပဲ လုပ်ရမှာပေါ့ ဆိုတဲ့သူတွေနဲ့လဲ တွေ့ရပါသေးတယ်။ ကျွန်မတို့မှာ သည်းခံတာကလွဲလို့ ဘာမမရှိပါဘူး။ သူတို့ကဌာနကိုသွား တိုင်ရင် အဆူခံထိပြန်ရော ” လို့ မတင်ဝင်းက ပြောပြပါတယ်။

လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများ မကြာခဏကြုံတွေ့နေရပြီး ကျန်းမာရေးအတွက် အကာအကွယ် ပစ္စည်းတွေလည်း မရှိဘူးလို့ အမှိုက်သိမ်းလုပ်သားများက ပြောပါတယ်။

” အမှိုက်တွေထဲမှာ ပုလင်းကွဲတွေ၊ မှန်ကွဲတွေပါလာတယ်၊ မသိပဲ ကိုင်မိ၊ နင်းမိလိုက်တော့ လက်တွေ၊ ခြေထောက်တွေဒဏ်ရာရတာ ခဏခဏပဲ၊ တလောကဆို တစ်ယောက်က ၇ ချက်တောင် ချုပ်လိုက်ရတယ်၊ အဲဒီလို ဆေးဖိုးဝါးခတွေအတွက် ကိုယ့်အိတ်စိုက်ပဲ၊ ရုန်းကန်နေရသူအဖို့ နှာခေါင်းပိတ်တာတွေ၊ လက်အိတ် တွေ၊ ခြေစွပ်ဖိနပ်ရှည်တွေမဝယ်နိုင်ဘူး၊ ဌာနကလည်း ချပေးတာမရှိဘူး ” လို့ ဆိုကြပါတယ်။

“အမှိုက်ထုတ်တွေဆိုပြီး ကားပေါ်ကို ပစ်တင်ပေးလိုက်တယ်၊ ဒါပေမယ့် အဲဒီအမှိုက်ထုတ်ထဲမှာ ဖန်ကွဲစတွေပါလာတယ်၊ လက်တွေရှကုန်တယ်၊ အဲဒီလိုအဖြစ်အပျက်တွေလဲအများကြီးပါပဲ၊ နောက် မှန်ကွဲတွေကိုလဲ တင်ကြတော့ သတိထားလုပ်ကိုင်ရတပေါ့ ” ဟု အမှိုက်သိမ်းလုပ်သားတစ်ဦးဖြစ်သူ ဒေါ်ခင်စန်းဝင်းက သူမရဲ့လက်က ဒဏ်ရာဒဏ်ချက်တွေကို ပြရင်း ပြောပြတာပါ။

မတင်ဝင်းကလည်း ” အားလုံးလိုလို ဒဏ်ရာတွေကရှိကြတယ်၊ နှစ်ချက်လောက်ချုပ်ရမယ့် ဒဏ်ရာဒဏ်ချက်တွေကိုလည်း ဆေးခန်းမသွားနိုင်လို့ ရှိတဲ့ဆေးဝယ်ပြီး ကုသရတာတွေလဲရှိတယ်။ ကျန်းမာရေးအတွက် ကိုယ့်အားကိုယ်ကိုးနေရတာပါပဲ၊ အနံ့အသက်မကောင်းတာရော၊ လက်အိတ်တွေ၊ ဖိနပ်ရှည်တွေ သုံးရမယ်မှန်းတော့ သိတာပေါ့၊ ကိုယ့်အစီအစဉ်နဲ့ဆိုတော့ ဝယ်ဖို့မတတ်နိုင်ဘူးလေ ” ဟုလည်း ပြောပြပါတယ်။ သူုတို့တွေရဲ့ လက်နဲ့ခြေတွေမှာတော့ ဒဏ်ရာတွေကိုယ်စီနဲ့ပါ။

ye-township-wnt

ရေးမြို့မအတွင်းမှတင် တစ်လတစ်လစွန့်ပစ်အမှိုက်တန်ချိန်ပေါင်း ၉၀ ခန့်ရှိပြီး နေ့စဉ်အမှိုက်သိမ်းကား ၁ စီး၊ ရံဖန်ရံခါ ၂ စီးထွက်ကာ အမှိုက်သိမ်းလုပ်ငန်းဆောင်ရွက်ပါတယ်။ အမှိုက်သိမ်းလုပ်သား ထပ်မံခေါ်ယူဖို့ ခက်ခဲကြောင်းလည်း မြို့နယ်စည်ပင်တာဝန်ရှိသူတွေက ပြောပါတယ်။ ” ဝန်ထမ်းတွေကိုတော့ သူတို့ မိတ်ဆွေ အလုပ်သမားတွေကို ခေါ်လာဖို့ပြောတယ်၊ စည်ပင်မှာလုပ်ရမယ်လို့လဲ ဆိုလိုက်ရော၊ မလုပ်ချင်ကြတော့ဘူး။ နောက်ဆုတ်သွားကြတယ်၊ လမ်းဘေးမှာအမှိုက်ကောက်ရတယ်၊ မြို့ထဲအနှံ့ အမှိုက်လိုက်သိမ်းပေးရတယ်လေ။ ဘယ်လုပ်ချင်ကြမလဲ၊ ရှက်ကြတာပေါ့ ” ဟု မတင်ဝင်းရဲ့အမျိုးသားဆိုသူက ဆိုပါတယ်။ ”

မြို့ပတ်ဝန်းကျင် အမှိုက်ပုံး အလုံး ၃၀ ထားပေးသော်လည်း အမှိုက်စွန့်ပစ်ရန်နေရာတစ်ခုအဖြစ်သတ်မှတ်ကာ စီးပွားရေးသုံးအမှိုက်များနှင့်ပြည့်လျှံနေပြီး အမှိုက်ပုံးဝန်းကျင်တွင်ပါ စွန့်ပစ်ထားကြသည့်အတွက် ညအခါ ခွေးများဆွဲတော့ ကစဉ့်ကလျားအမှိုက်တွေကိုပါ သိမ်းဆည်းနေရတယ်လို့ အမှိုက်သိမ်းသူတို့က ဆိုကြပါတယ်။ ဒါပေမယ့် သူတို့ဘဝတွေက ဘဝအတွက် အလုပ်လုပ်ဖို့ရာ ရွေးချယ်စရာသိပ်မရှိတာကြောင့် မိမိဘဝရပ်တည်ရေး၊ အများအတွက် အဆင်လည်းပြေစေလို့ စိတ်ဖြေသိမ့်ကာ ရုန်းကန်နေကြရဦးမှာဖြစ်ကြောင်းလည်း ပြောဆိုကြပါတယ်။

သူတို့မှာတော့ မျှော်လင့်တာတစ်ခုတော့ ရှိနေကြပါတယ်။ အဲဒါကတော့ သူတို့ဘဝတွေကို တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ နားလည်ပေးစေချင်ကြ တာပါပဲလို့ဆိုပါတယ်။။ ” အလှူတစ်ခုလို သဘောထားပြီး အများမလုပ်နိုင်တဲ့၊ အကျိုးရှိတဲ့အလုပ်လိုပဲသတ်မှတ်ပြီးတော့ လုပ်နေပါတယ်။ မျှော်လင့်ချက် ကတော့ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အထက်လူကြီးတွေရဲ့ ဖေးမကူညီမှုကိုလိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့အခက်အခဲကိုနားလည်ပြီးတော့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးစေချင်တယ်။ အမှိုက်ပစ်သူပြည်သူတွေနဲ့ အပြန်အလှန်နားလည်မှုရှိကြပြီး သူ့အခက်အခဲ ကိုယ့်အခက်အခဲ နားလည်စေ ချင်ပါတယ်။ ဒီပုံအတိုင်းဆိုတာ့ စုမိဆောင်းမိဖို့မရှိတော့ ဒီလိုပဲ ရုန်းကန်ရင်းနဲ့ ရှိတဲ့ကလေးနှစ်ယောက်ကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးနေရ တာပါပဲ ” လို့ မတင်ဝင်းက သူ့ရဲ့သဘောထားကို ဖွင့်ဟပါတယ်။ ရသည့်လစာငွေဖြင့် မိမိသားသမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် လုပ်ရင်း၊ သူတို့ဘဝတွေကို စာနာနားလည်ပေးမှုကိုမျှော်လင့်ရင်း ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ တစ်နေ့လျှင် ၃ တန်၊ တစ်လလျှင် တန် ၉၀ ခန့်ရှိတဲ့ အမှိုက်တွေရဲ့ကြားက ဘဝလေးတွေကို စာနာရင်း ကိုယ်ချင်းစာတရား ထားနိုင်ကြမယ်ဆိုရင် သူတို့တစ်တွေ ကျေနပ်ကြမှာ အမှန်ပင်။

စွန့်ပစ်အမှိုက်၊ ဝတ္တုပစ္စည်းများကို သိမ်းကြုံးရင်း ဘဝရည်တည်နိုင်ရေးအတွက်၊ လူတကာမလုပ်ချင်တဲ့အလုပ်ကို စေတနာနဲ့ စွန့်လွှတ်စိတ်နဲ့ လုပ်ကိုင်နေကြတဲ့ အမှိုက်သိမ်းသူတွေရဲ့ဘဝတွေဟာ သူတို့သိမ်းကြုံးလိုက်လို့ သန့်ရှင်းသပ်ရပ်လှပသွားတဲပတ်ဝန်းကျင်လို လှပလာဖို့ အားလုံးက စာနာနားလည်ကြမယ့် အချိန်တစ်ချိန်ကို တစ်နေ့နေ့ကျရင် ရောက်လာမှာပါလို့ မေ ျှာ်လင့်ရင်း….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.