“အာ ဝါ ဒေး” ကို “အထာ” ပေးသူများ

0
11333

ဝရဇိန် (ပေါင်)

မလှမ်းကမ်းကနေလှမ်းကြည့်လိုက်ရင်ပဲ ပူပြင်းတဲ့နေရောင်အောက်မှာ ဆိုင်ကယ်အစီး၅၀လောက်နဲ့ကား ၃/၄စီး ရပ်တန့်ထားတာကို တွေ့နိုင် ပါတယ်။ ပူပြင်းလှတဲ့နေအပူရှိန်အောက်က လယ်ကွင်းလွင်ပြင် တစ်ဧက လောက်မှာ ဟိုဟိုဒီဒီထိုးထားတဲ့ရွက်ဖျဉ်တဲတွေရှိနေပါတယ်။ ကွင်းထဲရောက် နေသူအားလုံးဟာ တစ်နည်း မဟုတ်တစ်နည်းနဲ့ ဝိုင်းတစ်ခုခုမှာ စုအုံဝိုင်းဖွဲ့နေကြတာကိုတွေ့နိုင်ပါတယ်။

k-kyi-aye-article

ဒီနေရာကိုလာတဲ့သူတွေကို အဝေးကနေမြင်ရအောင်စောင့်ကြည့်နေပြီး ထူးခြားရင်သတင်းပေးပို့ရတဲ့ ကင်းသမားကလည်း စားသောက်ဆိုင် တစ်ခုကနေ ဘီယာလေးသောက်ရင်း ပတ်ဝန်းကျင်ကို ငဲ့ငဲ့ပြီး ကြည့်နေပါတယ်။

အာဝါဒေး ဆိုတဲ့ ဝေါဟာရ ကိုဘယ်သူတွေကဘယ်တုန်းကစခဲ့ကြတယ်ဆိုတာအစရှာလို့မရပေမဲ့ “အာဝါ ဒေးဆိုတာ OUR DAYS ကနေ လာတာဖြစ်နိုင်ပြီး တို့ရဲ့အခွင့်အရေးနေ့လို့အဓိပ္ပါယ်ပြန်လို့ရမယ်ထင်တယ်။ လူတွေက ကိုယ်လုပ်ချင်တာလုပ်လို့ရတဲ့နေ့လို့ခံယူထားကြတဲ့နေ့လို့ပဲပြော ရမယ်”လို့ အင်္ဂလိပ်စာသင်ကြားခဲ့သူ အငြိမ်းစားအထက်တန်းပြဆရာဦးစိန်ဝင်းကပြောပါတယ်။ လယ်ကွင်းထဲက တဲတွေနဲ့လူတွေစုအုံနေတဲ့ နေရာ ဟာ အာဝါဒေးလုပ်ရာနေရာတစ်နေရာဖြစ်ပါတယ်။

အာဝါဒေးပြုလုပ်ရာကွင်းကြီးရဲ့ဗဟိုအကျဆုံးနေရာက ရွက်ဖျဉ်တဲအောက်မှာ လူတစ်ရာကျော်လောက်ဝိုင်းအုံ နေပြီး ဝိုင်းရဲ့အလယ်မှာတော့ ရေကုန်ရေခန်း တိုက်နေကြတဲ့တိုက်ကြက်ဖနှစ်ကောင်။ လည်ပင်းကြီးတွေက ရှေ့ကိုတန်းနေပြီး ယှဉ်ပြိုင်ဘက်ရဲ့အလစ်ကို ချောင်းနေကြပါတယ်။ သူတို့ လည်ဆံတွေမှာတော့အမွေးတွေ မရှိကြတော့ပဲ ပြောင်သလင်းခါနေပါတယ်။ အားပေးအော်ဟစ်နေကြတဲ့လူတွေရဲ့သံပြိုင်အော်ဟစ်နေသံကို တစ်ဖာလုံလောက်အကွာကနေတောင် အတိုင်းသားကြားရပါတယ်။

“မဂဲ “ကတစ်ချက်ခုန်ပြီးအခွပ်ကိုအလစ်ခံလိုက်ရလို့ “ဗန်း” ဆိုတဲ့ကြက်ကဖင်ထိုင်ကျအသွားမှာပဲ “မဂဲ “ကြက် ပိုင်ရှင် ကိုထွန်းစိန် က “မဂဲ ဘက်က ဝမ်းတူးကြောတယ်”လို့အော်လိုက်ပါတယ်။

ကြက်ပွဲရဲ့လောင်းကြေးဖွင့်ပုံက စတော့ရှယ်ယာဈေးကွက်လို ကိုယ့်ရဲ့ ကြက်အခြေအနေအပေါ်မူတည်ပြီး အတက်၊ အကျ အချိန်တိုင်း ရှိတယ်လို့ “အာဝါဒေး “ကစားဝိုင်းကိုလာရောက်ကစားနေသူကိုထွန်းစိန်က ပြောပါတယ်။ ဝမ်းတူးကြောတယ်ဆိုတာကတော့ ကြောသူဘက်က နှစ်ဆထည့်ရပြီး၊ အောက်ခံစားသူက တစ်ဆထည့်ရတဲ့ လောင်းကြေးစိန်ခေါ်မှုတစ်မျိုးဖြစ်တယ်လို့ ကိုထွန်းစိန်က ဆက်ပြီးရှင်းပြပါတယ်။

ပြေးရှုံး၊ ကောက်ရှုံး၊ တောင်ကျိုးရှုံး၊ ပေါင်ကျိုးရှုံး၊ စုံလုံးကန်းရှုးံ၊ သတ်မှတ်ချက်နဲ့ ကြက်ပွဲအနိုင်အရှုးံကို သတ်မှတ်ထားပြီး အနိုင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အာဝါဒေး ပွဲစီစဉ်သူက အကောက်ဖြတ်ယူပါတယ်။ သရေ ဆိုယင်တော့တစ်ဖက်ကို အရင်ငွေရဲ့ ၅ ရာခိုင်နှုန်းစီအဖြတ်ခံကြရပါတယ်။

နောက်တစ်နေရာမှာတော့ ဒေသခံတွေက အနီထောင်လို့ခေါ်တဲ့ လောင်းကစားနည်းတစ်မျိုးကိုကစားနေကြ တာတွေ့နိုင်ပါတယ်။ အထဲမှာ အန်စာထည့်ထားတဲ့ ကြေးအုပ်ကလေးတစ်ခုကို လက်နဲ့စိတ်ကြေနပ်တဲ့အထိ လက်ကျာၤရစ်လှည့်ကာ ထောင်ထားလိုက်ပါတယ်။ လောင်းကြေးကိုအခင်းပြားက ရင်ဘတ်၊ ရိပ်၊ မီး၊ ဆည် ဆို တဲ့အကွက်၄ကွက်ထဲက စိတ်ကြိုက်တစ်ကွက်မှာထိုးကြပါတယ်။ အော၊ ကြိုးကပ်၊ ပါယားခံ ဆိုပြီး ထိုးနိုင်ပါ တယ်။ ငွေသားချည်းချထားရင် အောထိုးတယ်လို့ခေါ်ပါတယ်။ အဓိကထိုးလိုတဲ့အကွက်မှာ ငွေသားချပြီး ဘေးတစ်ဖက်တစ်ချက်က အကွက်တစ်ကွက်ကွက်ကို ကပ် ထားရင် ကြိုးကပ်ထိုးတယ်လို့ခေါ်ပြီး ငွေသား ချထားတဲ့အကွက်မှာ ငွေသားအောက်က ပါယားလို့ခေါ်တဲ့ စက္ကူအဖြူတစ်ဖက်၊ အနီတစ်ဖက်ထဲက တစ် ဖက်ဖက်ကို အောက်ကခံထားရင် ပါယားခံထိုးတယ်လို့ ခေါ်ပါတယ်။

အနီထောင်လောင်းသူရဲ့ ရသက အဲ့ဒီကြေးအုပ်ကိုဖွင့်ပြီး ပေါက်ကောင်ကို ကြည့်ရတဲ့အရသာပဲ။ အုပ်ဖွင့်သူက ကြေးအုပ်ကလေးကို တစ်ဖြည်း ဖြည်းချင်းဆွဲဖွင့်လိုက်လို့ အထဲကအန်စာတုံးရဲ့အနီရောင်အမှတ်အသား ကျရောက်တဲ့ဘက်ကို ပေါက်ကောင်လို့ သတ်မှတ်ပါတယ်။ ပေါက်ကောင်အကွက် မှာ အောထိုးသူ၊ ကြိုးကပ် ထိုးသူ၊ ပါယားခံထိုးသူအားလုံး အလျော်ရပါတယ်။ ပေါက်ကောင်အကွက်ရဲ့ ဘေးကပ်ချက်တစ်ဖက်တစ်ချက် က တစ်ကွက် ကွက်မှာထိုးထားပြီး ပေါက်ကောင်အကွက်ဘက်ကို ကြိုးကပ်ထားရင် သရေကျပါတယ်။ ပေါက် ကောင်အကွက်ရဲ့ ဆန့်ကျင်ဘက်အကွက်မှာထိုးထား သော်လဲ ပါယားအနီခံထားရင်တော့ ပေါက်ပါတယ်။ ဒါပေမယ့် အောထိုးသူ၊ ပေါက်ကောင်ကွက်မှာ ကြိုးကပ်ထိုးသူ၊ ပေါက်ကောင်ကွက်မှာ ပါယား အဖြူခံထိုးသူနဲ့ ပေါက်ကောင်ကွက် ဆန့်ကျင်ဘက်အကွက်မှာ ပါယားအနီခံထိုးသူတွေဟာ အလျော်ရတဲ့ အဆငွေချင်းမတူ ပါဘူး။ အလျော်အစားလုပ်ပုံ က အလွယ်တကူနားမလည်နိုင်ပေမယ့် ခဏလောက်လေ့လာလိုက်ရင်ပဲ နားလည် သွားမှာပါ။ ဒိုင်က လျော်ကြေးငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြတ်ပြီးမှလျော် ပေးလေ့ရှိပါတယ်။ ကစားနည်းထဲမှာ ထိုးသားနဲ့ဒိုင်အကြား မ ျှခြေအရှိဆုံးကစားနည်းလို့ ကစားသူတွေက သတ်မှတ်ကြတဲ့ လောင်းကစားနည်းလို့ ဆိုပါ တယ်။

နောက်ကစားနည်းတစ်မျိုးက အံဂလုံလောင်းကစားနည်းပါ။ ထောင်ထားတဲ့သစ်သားသေတ္တာအဖုံးပေါ်ကနေ အံစာတုံး ၃ လုံးကိုတင်ထားပါ တယ်။ အန်စာတုံးတစ်တုံးချင်းစီရဲ့ မျက်နှာပြင် ခြောက်ဖက်မှာတော့ ဆင်၊ မြင်း၊ ကျား၊ နဂါး၊ ဇော်၊ ဒေါင်း စတဲ့ အရုပ် ၆ မျိုးကိုဆွဲထားပါတယ်။ လောင်း ကစားသူက မိမိရှေ့နားက အရုပ် ၆ ရုပ်ပါတဲ့ ဗီနိုင်းစပေါ်မှာ မိမိထိုးလိုတဲ့အရုပ်ကို ထိုးပြီး အဲ့ဒီအန် စာတုံး ၃ တုံးကို သေတ္တာအဖုံးပေါ်ကနေ ကြိုးနဲ့ ဆွဲ ချရပါတယ်။ ကျလာတဲ့အရုပ်က မိမိထိုးတဲ့အရုပ်နဲ့တူရင် အလျော်ရပါတယ်။ တစ်ကောင်တူရင် တစ်ဆ၊ နှစ်ကောင်တူရင် နှစ်ဆ၊ သုံးကောင်လုံးတူရင်တော့ သုံးဆ အလျော်ပေးပါတယ်။ အန်စာတုံးကို ကြိုးနဲ့ဆွဲချလို့ ကျလာတဲ့အသံကို အစွဲပြုပြီး ဂလုပ်ဂလုပ်ကစားတယ်လို့လဲ ဒေသခံတွေက ခေါ်ကြပါ တယ်။ လောင်းကြေးထပ် သူက “ဇော်စုံ၊ နဂါး၊ လာထား” လို့အော်ပြီးဆွဲချလိုက်ပေမယ့် အသက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ ဒိုင်လုပ်သူ အမျိုးသမီးကတော့ “မြင်းစုံ ကျားမို့ အကုန်စားတယ်” လို့ အော်ပြီး လောင်းကြေးငွေကို ကောက်ထပ်ယူပြီး စားလိုက်ပါတယ်။

ဒီလို ကစားနည်းပေါင်းစုံကိုတစ်နေရာထဲမှာစုပေါင်းကစားကြတာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်က အခေါ်အရ “အာဝါဒေး”ဝိုင်းလို့ခေါ်ဆို ကြပြီး နေ့နေ့ညည ၂၄ နာရီလုံး ဝိုင်းဖွင့်ကစားကြပါတယ်။ ညပိုင်းတွေ ဆိုရင် အရင်တုန်းကတော့ စတောင်းကင်းလို့ခေါ်တဲ့ အောက်လင်းမီးအိမ်ကြီးတွေ ထွန်းပြီးကစားကြပြီး ခုခေတ်မှာတော့ မီးစက်ကြီးနဲ့မီးထွန်းကစားကြပါတယ်။

ဒီလိုအာဝါဒေးကစားဝိုင်းအနီးတစ်ဝိုက်မှာ အသုတ်ဆိုင်၊ ဝက်သားတုတ်ထိုးဆိုင်၊ ထမင်းဆိုင်၊ အရက်ဘီယာ ဆိုင်များလည်း လာရောက် ဖွင့်လှစ် ရောင်းချကြပါတယ်။ ပစ္စည်းအပေါင်ခံဖို့ အပေါင်ခံသမားတွေလဲ အဲ့ဒီဆိုင် တွေမှာ ငွေထုပ်ပိုက်ပြီးထိုင်စောင့်နေပါတယ်။

ဒါတွေဟာ လောင်းကစားတွေမို့လို့ တရားမဝင်ပါဘူး။ ဒါပေမယ့်လဲ အာဝါဒေး ဝိုင်းစီစဉ်သူရဲ့ အစွမ်းအစကို ကြည့်ပြီး ရပ်နီးရပ်ဝေးက အနီ ထောင် လောင်း ကစားဒိုင်တွေ၊တိုက်ကြက်သမားတွေက လာကစားကြတတ် ပါတယ်။ အာဝါဒေးပွဲ ဘယ်မှာရှိတယ်ဆိုတာကိုတော့ လောင်းကစားသူအချင်းချင်း တစ်နည်းနည်းနဲ့ ဆက်သွယ် သိရှိကြပြီးသား။

အာဝါဒေးဝိုင်းမှာ ကစားဝိုင်းဖွင့်ဖို့ အနီထောင်ကစားနည်းက နေ့အတွက် ၆ သောင်း၊ ညပိုင်းအတွက် ၆ သောင်း ကျပ် သီးခြားစီ ပွဲစီစဉ်သူကို အကောက်ပေးရပါတယ်။ အံဂလုံဝိုင်းဖွင့်မယ်ဆိုယင် ဒိုင်လုပ်သူက နေ့အတွက် ၃ သောင်းကျပ်၊ ညအတွက် ကစားတဲ့ခုံနည်းယင် တစ်သိန်းခွဲအထိပေး ကြရပါတယ်။ အာဝါဒေးပွဲတစ်ပွဲမှာ အနီ ထောင်ဝိုင်းပေါင်း ၂၀ ကနေ ၃၀ လောက်ထိ ရှိတတ်ပေမယ့်လဲ ဝိုင်းတိုင်းလောင်းကစားဖြစ်တာတော့ မဟုတ်ပါ ဘူး။ အန်ဂလုံဝိုင်းတွေကတော့ လူစည်ရင်စည်သလို ဝိုင်းပေါင်း ၃၀ လောက်ရှိတတ်ပါတယ်။

အနီထောင်ကစားတဲ့ ပေါင်မြို့ကသစ်လုပ်ငန်းရှင်တစ်ဦးကတော့ သိန်းပေါင်း ၅၀ လောက် နိုင်တယ်ဆိုလို့ အပေါင်းအသင်းတွေကို တစ်ယောက်ကို ၅၀၀၀ တန် တစ်ရွက်စီ လိုက်ဝေပေးနေသလို ပါလာတဲ့ငွေ ၁၀ သိန်း လုံးရှုံးသွားလို့ စီးလာတဲ့ဆိုင်ကယ်ကို ၈ သိန်းနဲ့ပေါင်နေသူလဲ တွေ့ခဲ့ပါရ ပါတယ်။ အဲ့ဒါလဲ ထပ်ရှုံးသွားလို့ ငွေ မျောရင်ငွေနဲ့လိုက်မယ်။ မနက်ဖန်စပါးရောင်းပြီး ပြန်လာခဲ့မယ်လို့ ကျုံးဝါးပြီး အငှားဆိုင်ကယ်လေး ငှားစီးပြီး ပြန်သွားပါတယ်။

အာဝါဒေးပွဲကို လောင်းကစားလုပ်ဖို့လာတဲ့သူတွေချည်းသက်သက် လာကြတာတော့မဟုတ်ပါဘူး။ အမည် အမျိုးမျိုးခံပြီး ငွေလာကောက်၊ လာတောင်းတဲ့သူတွေလဲ ပုံမှန်လာလေ့ရှိတယ်လို့ အာဝါဒေးပွဲ ကန်ထရိုက်တာ ကိုဝင်းထူး (အမည်လွှဲ)က ပြောပါတယ်။ အပစ်ရပ်အဖွဲ့(၈)ဖွဲ့ဆိုလား ရှိတာ။ ကျနော်တို့ဆီကိုတော့ အမည် အမျိုးမျိုးနဲ့ လာလာတောင်းနေတာ (၁၅) ဖွဲ့လောက်ရှိတယ်လို့ သူကပြောပါတယ်။ အာဝါဒေးပွဲတစ်ပွဲအတွက် လုပ်ခွင့်သက်တမ်း ၁၅ ရက်သတ်မှတ်ပေးလေ့ရှိပေမယ့်လဲ အခြေအနေအရ သက်တမ်းထပ်တိုးပေးတာမျိုးလဲ ရှိပါတယ်။ သက်တမ်းတစ်ခုစာအတွက် လိုင်းကြေးကုန်ကျငွေ သိန်း ၈၀ လောက်ကနေ သိန်း ၁၀၀ လောက် အထိ ကုန်ကျတယ်လို့ သူက ပြောပေမယ့် ဘယ်သူ့ကိုပေးရတယ်ဆိုတာတော့ မပြောပါဘူး။

မွန်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ လောင်းကစားမှုဖမ်းဆီးရမှုအနေနဲ့ ချဲထီအမှု ၃ မှု၊ နှစ်လုံးထီ ၃၈ မှု၊ ဖဲဝိုင်းမှု ၂၁ မှု၊ ဘောလုံးပွဲလောင်းကစားမှု ၁ မှု၊ ကံစမ်းမဲမှု ၂ မှု၊ ကြက်တိုက်မှု ၄ မှု၊ အံဂလုံမှု ၂ မှုအပါအဝင် စုစုပေါင်း ၇၄ မှုကို အရေးယူထားပြီး လူပေါင်း ၁၇၈ ယောက်ဖမ်းဆီးထားကာ လောင်း ကြေးငွေ ၇၁ သိန်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။

“ဆင်းရဲမွဲတေမှုဖြစ်ရတဲ့အကြောင်းရင်းတွေ ထဲမှာ လောင်းကစားမှုက တိုက်ရိုက်ပတ်သက်နေပြီး လောင်းကစား တဲ့အလုပ်ဟာ ဒိုင်တွေအတွက်သာ အကျိုးရှိစေတဲ့အခြေအနေရှိပါတယ်” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ဘိုဘိုဝင်းက ပြောပါတယ်။

ဒီလို အာဝါဒေးလောင်းကစားပွဲတွေကို ပွင့်လင်းစရာသီ စပါးပေါ်ချိန်မှာ စတင်လုပ်ကြတာမို့ စပါးစိုက်တောင်သူ တွေ၊ ကျေးလက်နေပြည်သူ တွေဟာ ပင်ပန်းသမျှ အတိုးချပျော်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ထွက်လာတဲ့စပါးကို ရောင်းချပြီး လောင်းကစားလုပ်ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ ငွေတွေ ကုန်ဆုံးသွားကြတာ များပါတယ်။ အာဝါဒေး ကန်ထရိုက်တွေကိုပေးတဲ့ အကောက်ငွေကြေးပမာဏဟာ ရေရှည်မှာ ဒိုင်တွေက စိုက်ရတယ်ဆိုတာ မရှိ သလောက်ဖြစ်ပြီး နိုင်ထားတဲ့ငွေတွေထဲကနေပဲ ပေးလိုက်ရတာဖြစ်တယ်လို့ အနီထောင်ဒိုင်လုပ်ဖူးသူ ဦးမျိုး (အမည်လွှ) ကပြောပါတယ်။

အလွယ်နည်း၊ ဖြတ်လမ်းနည်းနဲ့ ငွေလိုချင်စိတ်ကြောင့် လောင်းကစားကို လုပ်ကြရင်း ဆုံးရှုံးရတဲအတွက်ကြောင့် ဆုံးရှုံးငွေတွေကို ပြန်ကာမိ စေဖို့ အခြားသော ဒုစရိုက်တစ်နည်းနည်းနဲ့ ပြန်ရှာကြတာတွေဖြစ်လာပါတယ်။ ဒီလို နဲ့ အဲ့ဒီနယ်တစ်ဝိုက်မှာ ဆိုင်ကယ်ပျောက်မှု၊ နွားခိုးမှုတွေ အဖြစ်များလာပြီး ကျေးလက်ဒေသဟာ မလုံမခြုံဖြစ် လာပါတယ်လို့ ကျွဲခြံရွာသားကိုဝင်းညွန့်က ပြောပါတယ်။

ဒါပေမယ့်လဲ အာဝါဒေးဝိုင်းတွေကတော့ လူစည်မြဲစည်ကားနေဆဲ။ လောင်းကစားမှုမို့ တရားမဝင်သော်ငြား၊ အမည်အမျိုးမျိုးနဲ့ ပိုက်ဆံလာ တောင်းသော်ငြားလည်း အာဝါဒေးဝိုင်းတွေကတော့ ဆက်ဖြစ်မြဲဖြစ်နေပါတယ်။ ကင်းသမားကပဲ တော်လို့လား၊ ပွဲစီစဉ်သူကပဲ ပေါက်ရောက်လို့လားမသိ။ အာဝါဒေးဝိုင်းတွေကတော့ ပန်းပန် လျက်ရှိနေပါတယ်။ ဒါမှမဟုတ် အထာလေးနဲ့ အသာလေးမှိန်းနေကြသလားဆိုတာလဲ ပဟေဠိတစ်ခုလို့ အဖြေညှိမရ ဖြစ်နေပါတယ်။

နေပူပူ လယ်ကွက်ထဲက ရွက်ဖျဉ်တဲ့တွေအောက်မှာတော့ ဘောဘဇောနဲ့ မိမိရဲ့ချွေးနဲစာကို မိသားစု ရပ်တည်ရေးအတွက် ဦးစားမပေးပဲ လာကစားနေသူတွေနဲ့ပြည့်နှက်နေမြဲ။ သူတို့ ဇွန်းနဲ့ခပ်ခဲ့ရတဲ့ ငွေတွေကို တိုက်ကြက်ဖကြီးတွေကပဲ စားသွားလား၊ ကြေးအုပ်အောက်က အံစာတုံးထဲပဲ ဝင်သွားသလား၊ အသက် ၂၀ မိန်းမငယ်လေးရဲ့ ဇော်စုံနဂါးကပဲ ဝါးသွားသလားဆိုတာကတော့ အာဝါဒေးကို အထာပေးပြီး အသာမှေးနေသူ တွေက ငေးကြည့်နေကြဆဲပါပဲ။

ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.