ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ခ) ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်လေ့လာသူတစ်ဦး၏အမြင်များ

0
8059

မင်းအောင်ထူး (အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုလေ့လာသူ)

အခုဆို ညီလာခံ ၂ ရက်ပြီးသွားပါပြီ။ အဲဒီမှာ လေ့လာသူတစ်ဦးအနေနဲ့ပြောရရင် အဖွင့်မှာ ပြောခဲ့ကြတဲ့ မူဝါဒဆိုင်ရာ အယူအဆတွေ ဒုတိယနေ့မှာ တင်ပြတဲ့ အဖွဲ့အသီးသီးရဲ့သဘောထားတွေကို ကြည့်ပြီး သုံးသပ်ရင် ဤခရီးမနီးသေးပါလို့ ပဲ ပြောရမယ်ထင်တယ်၊။

အဓိကကတော့ Key player တွေဖြစ်တဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေရဲ့ကြားမှာ အချိန်ယူ ညှိနှိုင်း အဖြေရှာသွားရမယ့် မတူညီတဲ့ အယူအဆတွေကို ကွဲကွဲပြားပြားမြင်ရတယ်။ ဥပမာ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ မူကိုပြောတော့ Structure အပိုင်းကိုပြောတဲ့အခါ တိုင်းရင်းသားဘက်က လက်နက်ကိုင်ရော နိုင်ငံရေးပါတီရော အဖွဲ့အစည်း အားလုံးနီးပါးက အမျိုးသား၊အမျိုးသားများပြည်နယ်ကို အခြေခံပြီးတင်ပြတယ်။

ပြည်မအခြေပြု အင်အားကြီးပါတီတွေဖြစ်တဲ့ NLD တို့ ကြံ့ခိုင်ရေးတို့က ပထဝီကိုအခြေခံမယ့် မူကို တင်ပြတယ်၊ ကြံ့ခိုင်ရေးပါတီကဆို အဲဒီအမျိုးသား/အမျိုးသားများကို အခြေခံတဲ့ မူဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတယ်ဆိုပြီး မြင်တယ်။

တပ်မတော်အနေနဲ့က ၂၀၀၈ အခြေခံဥပဒေမှာ ဖယ်ဒရယ်ရဲ့အနှစ်သာရတွေပါပြီးသားဆိုပြီး Highlight လုပ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို ခိုင်မာအောင်ပုံဖော်ချင်တဲ့သဘောတွေ့တယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်လည်း တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ကို အခိုင်အမာကိုင်စွဲထားတာတွေ့ရတယ်၊ ပြီးတော့ တပ်ဘက်ကတင်ပြတဲ့ ပုဂ္ဂိုလ်အားလုံးက ၂၀၀၈ ရဲ့ ပေးထားချက်ထဲက ရုပ်ပိုင်းဆိုင်ရာကို အခြေခံဆွေးနွေး တာတွေ့ရတယ်၊ On Paper ပေါ့၊ တကယ့်အနှစ်သာရ တကယ့်အခြေအနေမှန်က On Paper မှာအတိုင်း မမှန်ဘူးဆိုတာတော့ ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ပြောချင်ပါတယ်။

တခြား ညှိဖို့ ခက်ခဲမယ့်ကိစ္စတစ်ခုက ပြည်ထောင်စုတပ်မတော်ကိစ္စပါ၊ တိုင်းရင်းသားတွေဘက်ကတော့ ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်တွေဘက်က အချိုးကျတာဝန်ထမ်းဆောင်တာမျိုးဖြစ်စေချင်တယ်၊ အခုက အပြန်အလှန်ဆွေးနွေးနေကြတာမဟုတ်ပေမယ့် တပ်ဘက်ကလက်ခံဖို့ ခက်နိုင်ပါတယ်။

နောက်ပြီး ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို တပ်မတော်ခေါင်းဆောင်တွေနဲ့ တန်းညှိဖို့ စိုးရွံ့မှုပြနေတဲ့ လက္ခဏာတွေက ယုံကြည်မှုတည်ဆောက်ဖို့ အတားအဆီးဖြစ်နိုင်တယ်လို့ ယူဆပါတယ်၊ သူတို့ရဲ့ရာထူးအခေါ်အဝေါ်တွေကို အသိအမှတ်မပြုတာက အဆင်မပြေဘူးထင်ပါတယ်၊ အဲဒါကြောင့်လည်း KIA ဒုဥက္ကဌက ကျွန်တော့်နာမည် ဦးအင်ဘန်လ လို့ခေါ်ပါတယ်၊ တိုင်းရင်းသားတွေက ကျွန်တော့်ကို ဗိုလ်ချုပ်ကြီးအင်ဘန်လ လို့ခေါ်ကြတယ်ဆိုပြီး ပြောတာပေါ့လေ။

နောက်တစ်ချက်ကတော့ NCA ကိစ္စပါ။ Peace process ကို သွားတဲ့အခါမှာ NCA စာချုပ်ကိုပဲ မဖြစ်မနေမဏ္ဍိုင်ပြုမယ့်သဘောတွေ့ပါတယ်၊ မထိုးရသေးတဲ့အဖွဲ့တွေကို လက်မှတ်ထိုးနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ပြောကြပါတယ်။ အဲဒီတော့ NCA မထိုးရသေးတဲ့အဖွဲ့တွေရဲ့ သဘောထားကိုကြည့်ရမယ်။

နောက်ပြီး တချို့အသေးအဖွဲ့တွေအနေနဲ့က KNU ဥက္ကဌမိန့်ခွန်းပြောတော့ အဆင်မပြေတာတွေ့တယ်၊ ကျွန်တော်မြင်တာက လူကြီးတွေကို အပြစ်ပြောလို့မရဘူး၊ သူတို့ပြောမယ့် မိန့်ခွန်းတွေ ရေးပြီးတဲ့အခါ အနီးကပ်တာဝန်ရှိတဲ့သူတွေက လူကြီးတွေကိုပြောဆိုဖို့အဆင်ပြေအောင် ကြိုတင်ပြီး ပြင်ဆင်ပေးသင့်တယ်၊ ကူညီပေးသင့်တယ်။ စကားလုံးအရမ်းဖွဲ့နွဲ့ရေးတဲ့အခါ တိုင်းရင်းသားလူကြီးတွေအတွက်က ခက်တာပေါ့။

နောက်တစ်ခုဖြစ်စေချင်တာကတော့ ဒီလိုညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်သမ္မတအနေနဲ့ မိန့်ခွန်းပြောသင့်တယ်လို့ ယူဆတာပါ။ လူကြီးတွေအနေနဲ့ ဘယ်လိုစဉ်းစားလဲတော့မသိဘူးပေါ့လေ။ ညီလာခံတက်တဲ့လူ အများစုက တော့ အဲလိုပြောကြတာတွေ့ပါတယ်။
14199163_488477727943415_1216205189157525428_n
ဘာပဲဖြစ်ဖြစ် ညီလာခံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အားသာချက်တစ်ခုလို့ မြင်တာက အားလုံးရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုတဲ့ အာသီသကို တွေ့ရတယ်၊ ဘာပဲဖြစ်ဖြစ်ငြိမ်းချမ်းဖို့လိုပြီ၊ နည်းလမ်း ရှာကြမယ်ဆိုတာက ရှေ့ဆက်သွားဖို့အတွက် အားတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။

အခုပထမအကြိမ်အစည်းအဝေးကနေပြီးတော့ တင်ပြကြတဲ့အမြင်သဘောထားတွေကို အခြေခံပြီး အချင်းချင်း အပေးအယူ အလျှော့အတင်းလုပ်ရင်း၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရင်းသွားနိုင်ရင်တော့ တစ်ချိန်ချိန် မှာ ရချင်နေတဲ့ ငြိမ်းချမ်းရေးရမယ်လို့ယုံကြည်ပါတယ်။ အချိန်တော့ ပေးရပါလိမ့်မယ်။

ကျန်တဲ့ နေရေးထိုင်ရေးကတော့ အဆင်ပြေပါတယ်၊ အများနဲ့လုပ်ရတာဆိုတော့ အားနည်းချက် အားသာချက် တော့ရှိမှာပါ။
ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.