မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစကားဝိုင်းအပြင်အခြားလိုအပ်တာတွေ

0
7950

အက်ရှ်လေဆောက်သ်

သြဂုတ်လ ၃၁ ရက်နေ့ကနေစတင်ပြီး အမျိုးသားအဆင့် စကားဝိုင်း သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ၁၉ ၄၇ ခုနှစ် ဖေဖော်ဝါရီလတုန်းက ပင်လုံလို့ခေါ်တဲ့ မြို့ကလေးမှာ ကျင်းပခဲ့ တဲ့ညီလာခံကို အသိအမှတ်ပြုလိုတဲ့သဘောနဲ့ ဒီ စုရုံးဆွေးနွေးမှုကို တစ်ခါတစ်ရံမှာတော့ ၂၁ ရာစု ပင်လုံညီလာခံလို့လည်း ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ယခင်မူလပင်လုံညီလာခံမှာတော့ လက်ရှိ

မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် အတူတကွဆောင်ရွက်ကြဖို့သဘောတူညီခဲ့ကြပါတယ်။

အဲ့ဒီပင်လုံသဘောတူစာချုပ်က ဖက်ဒရယ်စနစ်ကို ဖော်ပြထားခြင်းမရှိသော်ငြားလည်း မိမိတို့ အရေးကိစ္စများကိုစီမံအုပ်ချုပ်ရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိဖို့ကိုတော့ အာမခံ ထားပါတယ်။ သို့သော်ငြားလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့ရတဲ့ ပြည်တွင်းစစ်ဆယ်စုနှစ်များစွာ ဖြစ်ပြီးခဲ့တဲ့နောက်မှာ ပင်လုံစိတ်ဓါတ်ကို ပြန်လည်ဖော်ဆောင်ဖို့ ပြီး နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု တွေကနေတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုကိုပြန်လည်ထူထောင်ကြဖို့ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်အထိ မသိနိုင် သေးတဲ့ စိန်ခေါ်မှုတစ်ခုကတော့ တိုင်းရင်း သားအဖွဲ့တွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျေနပ်လောက်တဲ့အထိ နိုင်ငံကိုပြန်လည် ဖွဲ့စည်းပုံဖော်တာမျိုးကို အင်အားကြီးတဲ့ မြန်မာ့တပ်မတော်က သည်း ညည်းခံနိုင်မလားဆိုတဲ့ အချက်ဖြစ်ပါတယ်။

လက်ရှိညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက် ယခင်ပင်လုံညီလာခံတုန်းက တက်ရောက်ခဲ့တဲ့ အရေအတွက်ထက် အများကြီးပိုတဲ့သူတွေကို တက်ရောက်ဖို့ ပြောဆို ကြပါတယ်။ သို့သော်ငြားလည်း “အားလုံးပါဝင်မှု” ဆိုတာ အခုအချိန်အထိ ပိတ်ဆို့တားဆီးမှုတစ်ခုဖြစ်လာနိုင်နေပါသေးတယ်။ မြန်မာ့ တပ်မတော်ဟာ လက်နက်ကိုင်တပ်ဖွဲ့ ငယ်သုံးခုကို လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကြောင်း ကြေငြာခြင်းမပြုမခြင်း ဒီဆွေးနွေးပွဲကိုတက်ရောက်ခွင့်ပြုဖို့ ခုချိန်အထိ နောက်တွန့်နေပါသေးတယ်။ ညီလာခံမတိုင် ခင်တစ်ပတ်အလိုအထိ နှစ်ဦးနှစ်ဖက်ကလက်ခံနိုင်တဲ့အဖြေတစ်ခုရဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာတစ်ခုအထိဖြန့်ကျက်ထားနိုင်တဲ့ အမျိုးအစားစုံလင်တဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေရဲ့ပါဝင်နိုင်မယ့်အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့လဲ မေးစ ရာမေးခွန်းတွေအများကြီး ကျန် နေပါသေးတယ်။ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူ့ထုအခြေပြုလူမှုအဖွဲ့ အစည်းတွေ အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ဖက်က ရပ်တည်သူတွေဖြစ်တယ်လို့ အချိန်အတော်ကြာကြာ ကတည်းက မြင်ခဲ့ကြတာပါ။ သို့သော်ငြားလည်း အန်အယ်လ်ဒီဦးဆောင်တဲ့အစိုးရတက်လာချိန်မှာ တော့ မဟာ မိတ်ဟောင်းတွေအကြားမှာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အချို့သော တက်ကြွ လှုပ်ရှားသူများက လက်ရှိအစိုးရကို ဖိနှိပ်မှုတွေလုပ်နေသေးတယ်လို့ စွပ်စွဲလာပါတယ်။ အထူး ဖိတ်ကြားခံရတဲ့ လူပုဂ္ဂိုလ်အချို့နဲ အရပ်ဖက်အဖွဲ့အစည်းအချို့ကတော့ ငြိမ်းချမ်းရေးစကားဝိုင်းထဲမှာ မပါဝင်ပဲ ပျောက်ကွယ်နေမှာဖြစ်ပြီး သူတို့ကို သီးခြားလုပ်ငန်းစဉ် တွေ လုပ်ဆောင်ချက် တွေကနေ တစ်ဆင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ဝိုင်းဝန်းဖြည့်ဆည်းပေးတာတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဘာ့ကြောင့် ဒီလောက်လောတာလဲ။

လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်တုန်းကတော့ တိုင်းရင်းသားခေါင်းဆောင်အချို့နဲ့ လေ့လာသုံးသပ် သူတွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာဆွေးနွေးမယ့်ခေါင်းစဉ်တွေနဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့ ဝေဖန်ခဲ့ကြပါသေးတယ်။ ကနဦးပိုင်းမှာတော့ ဒီလုပ်ငန်းစဉ်ဟာ တစ်ကြိမ်တည်းနဲ့ အပြတ်ဖြတ်မယ့်သဘောမျိုး ဖြစ်သွားပြီး ဖိအား အလွန်များတဲ့အကြောင်းအရာတွေကိုဆွေးနွေး တိုင်ပင်ဖို့အချိန်နည်းလွန်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ အခုတော့ သြဂုတ်လ ၃၁ ရက်နေ့အခမ်း အနားဟာ ဖွင့်ပွဲ သဘောမျိုးသာဖြစ်ပြီး ခြောက်လကြာတိုင်း ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပသွားဖို့ ညှိနှိုင်းသဘောတူညီမှုရခဲ့ကြပါတယ်။

ဦးသိန်းစိန်ဦးဆောင်တဲ့ ယခင်အစိုးရတုန်းကတော့ ပြုပြင်ပြောင်းလဲရေးအချို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှုအချို့ကို လုပ်နိုင်ခဲ့ပါတယ်။ သူ့သက်တမ်းကုန်လာခါနီးမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးမှုနဲ့အဆုံးသတ်ခိုင်မာအောင်လုပ်ဖို့ လောခဲ့ပါသေးတယ်။ ဦးသိန်း စိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ပေါင်းနှစ်ဆယ်ကျော်အနက်က အဖွဲ့ ၈ ဖွဲ့ကသာလက်မှတ်ရေးထိုးခဲ့သော်လဲ ဒီလက်မှတ် ရေးထိုးပွဲ ဟာ နောင်ဆက်ဖြစ်လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုဖော်ဆောင်ဖို့ အရေးကြီး တဲ့အဆင့်တစ်ဆင့်အဖြစ်ဖြစ်တည်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အဖို့အတွက်တော့ ငြိမ်းချမ်းရေးညီလာခံသည် ဦးစားပေးဖြစ်ပြီး သူမအဖေရဲ့ မပြီးဆုံးသေးတဲ့ အရေးကြီးတဲ့ နိုင်ငံရေးရည်မှန်း ချက်တစ်ခုလဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်နှင့်အရပ်ဖက်ဆက်ဆံရေးအတွက် ဖက်ဒရယ်နည်း နဲ့ဖြေရှင်းဖို့နည်းလမ်းရှာဖွေမှု၊ လူများစုလူနည်းစုအကြား ဖြစ်ပေါ်နေတဲ့မငြိမ်းချမ်းမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်စိတ်ပိုင်းပြတ်မှုဟာ မြတ်နိုးစရာကောင်းပါတယ်။ ဒါပေမယ့်လဲ အချိန်ကိုက်ညီမှုရှိ၊ မရှိ ဆိုတာကတော့ လက်တွေ့ကျတဲ့ခြေလှမ်းများကသာ ရှင်းပြနိုင်မှာဖြစ်ပါတယ်။ စက်တင်ဘာမှ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို သွားရောက်လည်ပတ်မှာ ဖြစ်ပါ တယ်။ သူမရဲ့လည်ပတ်မှုဟာ ဝေဖန်မှုတစ်ချို့ကိုဖြစ်ပေါ်လာစေမှာသေခြာပါတယ်။ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ မတူတဲ့လူမှုအသိုင်းအဝန်းနှစ်ခုအကြားဖြစ်ပေါ်နေတဲ့ တင်းမာ မှု၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ မူဆလင်တွေနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတစ်ချို့ တစ်လေတောင်ဖြစ်လာနိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ တစ်စုံတစ်ရာ သောနားလည်မှုကို တည်ဆောက်နိုင်ခြင်းအားဖြင့် ဒီခရီးစဉ်မှာ ကြုံတွေ့လာနိုင်တဲ့ ပြည်တွင်းက မတူကွဲပြားတဲ့လူမှု အသိုင်းအဝန်းနှစ်ခုအကြားဖြစ်ပေါ်နေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး သက်သာမှုရစေမယ်လို့ တွက်ချက်ထားပုံရပါတယ်။

တရုတ်အပိုင်း

အခြားအရေးကြီးတဲ့ စဉ်းစားစရာတစ်ခုက မကြာသေးမှီကမှ အလည်အပတ်သွားခဲ့တဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဦးသိန်စိန်လက်ထက်တုန်းက ၂၀၁၁ မှာ ရပ်ဆိုင်း ထားတဲ့ ကချင်ပြည်နယ် က အခြေခံအဆောက်အဦးတစ်ခုဖြစ်တဲ့ မြစ်ဆုံဆည်အရေးအပါအဝင် တရုပ်အကူအညီနဲ့ ရင်းနှီးမြှုပ်နှံ မှုအရေးတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်နဲ့ ဆွေးနွေးခဲ့ပါလိမ့်မယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေခံမြေခံအခြေအနေမှာ ဖြစ်နိုင်ချေနည်းသော်လည်း တရုတ်ကတော့ ဒီစီမံကိန်းကို ပြန်လည်စတင်ဖို့ စိတ်အားထက်သန်ကြောင်းပြသခဲ့ပါတယ်။

ဘေဂျင်းနဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ကပ်လျက်ယူနန်ပြည်နယ်ကတရုတ်အာဏာပိုင်တွေဟာ ကွန်မြူနစ်ဟောင်း ဝနဲ့ မုံးလားအဖွ့ဲတွေအပေါ် သြဇာလွှမ်းမိုးမှု အတော် အတန်ရှိပါတယ်။ ဒီအဖွဲ့ တွေက ညီလာခံမှာ ပါဝင်မယ်လို့သဘောတူလိုက်တဲ့အတွက် ညီလာခံရဲ့အရှိန်ကို ပိုကောင်းစေခဲ့ ပါတယ်။ ဒီအဖွဲ့တွေဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထား ခြင်းမရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံး သူတို့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ခိုက်နေခဲ့ကြလို့ ပါပဲ။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို တရုတ်နိုင်ငံက ဝင်ရောက်လာတာဟာ တရုတ်နိုင်ငံခြားရေးဆက်ဆံရေးပုံစံသစ်တစ်ခုဖြစ်လာပါတယ်။ လက်ရှိမြန်မာ့အစိုးရနဲ့ ကောင်းမွန် တဲ့ဆက်ဆံရေးရှိခြင်းအားဖြင့် အန်အယ်လ်ဒီအနေနဲ့ အနောက်နိုင်ငံတွေနဲ့ရှိတဲ့ဆက်ဆံရေးကို တန်ပြန်နိုင်လိမ့်မယ်လို့ စဉ်းစားတွက်ချက်တဲ့ တွက်ချက်မှုအပေါ်အခြေခံပါ တယ်။ ဒါမှသာ မိမိရဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအပေါ် လွှမ်းမိုးနိုင်စွမ်းကို မဆုံးရှုံးမှာဖြစ်တယ်လို့ ယူဆပါတယ်။

ဝနဲ့မိုင်းလားအဖွဲ့တွေက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါလာတာဟာ နဂိုကမှ ရှုတ်ထွေးနေပြီး ကွဲပြားစုံလင်လှတဲ့ မြန်မာ့အရေးအခင်းကို သတိပေးလိုက်သလိုဖြစ်စေပါတယ်။ မြန် မာ့တပ်မတော် ဟာ ကေအိုင်အိုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ပုံမှန်တိုက်ပွဲ တွေဆက်ဖြစ်နေဦးမယ်ဆိုရင် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလို့ ခေါ်ဆိုဖို့ ခက်နေပါဦး မယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပမယ်ဆိုရင် ကချင်ကေအိုင်အိုအဖွဲ့တက်ပါလိမ့် မယ်။ အရှေ့တောင်ဘက်ဒေသတွေ မှာ တိုက်ခိုက်မှုကိုရပ်တန့်နိုင်ခဲ့သလို မြန်မာစစ်တပ်ကတော့ မြောက်ပိုင်းမှာတိုက်ခိုက်နေတာကို ရပ်တန့်ရပါမယ်။

၂၀၁၂ အစောပိုင်းကာလတွေတုန်းက မြန်မာနိုင်ငံရဲ့အရေးအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ အရှေ့တောင်ပိုင်းဒေသ က ဝေးလံခေါင်သီတဲ့ စစ်ဘေးဒဏ်ခံဒေသကို သွားရောက်လေ့လာတဲ့အခါ ဒေသခံရွာသားတွေက ငြိမ်းချမ်းရေးကို ကြိုဆိုကြောင်းပြောဆိုခဲ့ကြပြီး တစ်ချို့ဆိုရင် အပြောင်း လဲကြီးပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီးကြာမြင့်ခဲ့တဲ့စစ်ကြောင့် ယိုယွင်းနေတဲ့ လူမှုအသိုက်အမြုံတစ်ခုဟာ လွတ်လပ်စွာသွား လာနိုင်မှုနဲ့ အကြောက် တရားနဲပါးလာမှုရဲ့အကျိုးကျေးဇူးတွေကို ခံစားလာရပါတယ်။ မြေယာသိမ်း ဆည်းမှုတွေ၊ အဆက်အသွယ်ကောင်းတဲ့ လုပ်ငန်းရှင်တွေက ဒေသတွင်းက သယံဇာတတွေကို လာရောက်ထုတ်ယူမှုလိုမျိုးပြဿနာတွေကတော့ အများကြီးကျန်နေပါသေးတယ်။ စစ်ဘေးစစ်ဒဏ်ကို ကိုယ်တိုင်ကိုယ်ကျခံခဲ့ရတဲ့ ဒေသခံတွေအနေနဲ့ကတော့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တစ်လေ ျှာက်မှာ သူတို့ရဲ့အသံတွေဘယ်တော့မှ ပါလေ့မရှိပါဘူး။ သူတို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ တော်တော်တန် တန်သာ စိတ်ပါဝင်စားကြပြီး အများ အားဖြင့် သူတို့ရဲ့နေ့စဉ်ဘဝရှင်သန်ရပ်တည်ရေးကိုသာ ပိုပြီး စိုးရိမ်ကြောင့်ကြဖြစ်ကြပါတယ်။

နိုင်ငံရေးဆွေးနွေးမှုကိုကျော်လွန်၍

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကွာဟနေတဲ့ ဖွဲ့စည်းမှုတစ်ခုရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ စောင့်ကြည့်လေ့လာရေးအစီအစဉ်ကြားက ကွာဟမှုဖြစ်ပါတယ်။ မြန်မာစစ် တပ်နဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာလွှမ်းမိုးတဲ့ဒေသတွေအပါအဝင် အတော်အတန်ကျယ်ဝန်းတဲ့နယ်မြေဒေသတွေ အထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သြဇာ အာဏာက လွှမ်းမိုးနေတာမျိုးရှိပါတယ်။ ကေအန်ယူနဲ့ ကေအိုင်အေတို့လိုတပ်ဖွဲ့တွေမှာ သူတို့လွှမ်းမိုးတဲ့ဒေသတွေအပေါ် နိုင်ငံတော်နဲ့တူတဲ့ အုပ်ချုပ်မှုပုံစံတစ်ရပ်သီးခြား တည်ရှိနေပြီး စစ်ဘေးဒဏ်ခံဒေသခံတွေကို လိုအပ်တဲ့ဝန်ဆောင်မှု တွေကို ပေးနေတာမျိုးရှိပါတယ်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေးတို့လို ကိစ္စတွေမှာ သူတို့ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်မှုအာဏာပိုင်နဲ့ ဝန်ဆောင်မှု ပေးတဲ့အဖွဲ့များအကြားဆက်ဆံရေးကို စီမံခန့်ခွဲဖို့ ယန္တယားတစ်ခု ရှိမနေပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံတော်မဟုတ်တဲ့ အာဏာပိုင်တွေအကြားဆက်ဆံရေးနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း တွေကိုစီမံခန့်ခွဲဖို့ ယာယီယန္တယားတစ်ခုဖန်တီးဖို့လိုအပ်နေပါတယ်။ ဆယ်စုနှစ်ချီပြီးကြာမြင့်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီးသဘောတူညီမှုတစ်ခု မရသေးခင် နိုင် ငံရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ကာလတွေအတွင်းမှာ ဒီဆက်ဆံရေးကိုစီမံခန့်ခွဲဖို့ယန္တယားတစ်ခု ယာယီစီစဉ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုစီမံထားခြင်း အားဖြင့် အခွင့်အရေးအမျိုးမျိုးကို ရရှိစေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ သူတို့ရဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးဟာ ထူးခြားထင်ရှားတဲ့ စွမ်းဆောင်ရည် ကို ပြသနိုင်မှာဖြစ်တဲ့ပြင် နိုင်ငံတကာနဲ့ နိုင်ငံတော်အစိုးရတို့က မရောက်နိုင်တဲ့၊ ရောက်ဖို့မလွယ်တဲ့ လူမှုအသိုက်အမြုံတွေအထိကို ဝန်ဆောင်မှုတွေရောက်ရှိစေနိုင်ပါသေး တယ်။ ပြီးတော့ ဒီအဖွဲ့တွေက ဝန်ဆောင်မှုပေးတာဟာ ဗဟိုအစိုးရကစေလွှတ်တဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေထက် ပိုပြီးတရားဝင်မှုရှိစေပါတယ်။

တကယ့်မြေပြင်မှာ အပစ်အခတ်ရပ်စဲရေးကို ထောက်ပံ့အားပေးဖို့နည်းလမ်းရှာဖွေတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နက်ရှိုင်းမှုရှိလာဖို့နဲ့ ရေရှည်တည်တံ့မှုရှိဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အမျိုးသားအဆင့်မဟုတ်တဲ့အဆင့်တွေအပါအဝင် လာတော့မယ့်အမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ဒေသခံလူမှုအသိုက်အမြုံကပြည်သူတွေ အနေနဲ့ ပါဝင်ပတ်သက်ခွင့်ရရှိမယ့် ဖွဲ့စည်းတည်ဆောက်မှုပုံစံတစ်မျိုးမျိုးလိုအပ်ပါတယ်။ ဒီအထဲမှာ လူများစုတိုင်းရင်းသားဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေလဲပါဝင်ပါတယ်။ ပါဝင်ခွင့်မပြုခဲ့ရင် ဗမာတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့နိုင်ငံတော်သစ်ကို ပြန်လည်ပုံဖော်တည်ဆောက်မယ့် ဆွေးနွေးပွဲမှာ ဘေးဖယ်ခံထားရတယ်လို့ ထင်မြင်ယူဆသွား နိုင်ပါတယ်။

အက်ရှ်လေ ဆောက်သ် သည် စာရေးဆရာတစ်ဦးဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်မှ တိုင်းရင်းသားရေးရာလေ့လာရေးနှင့်ဖွံ့ဖြိုးရေးဗဟိုမှ ဖဲလိုးတစ်ဦးလည်းဖြစ်ပါသည်။

ဘာသာပြန် – ထဝ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.