“ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်”

0
8118

အိချယ်ရီအောင်/Myanmar Now

မူလတန်းကျောင်း ဖတ်စာအုပ်၊ ရိုးရာဓလေ့၊ စံနှုန်းတွေထဲက အစိတ်အပိုင်းတချို့ဟာ အမျိုးသမီးများကို အကြမ်းဖက်အောင် အားပေးအားမြောက်ပြုနေတယ်လို့ Gender Equality Network (GEN) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအေးသဒ္ဒါလှက ပြောလိုက်ပါတယ်။

GEN ဟာ အမျိုးသမီးများအခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှရေးတို့အတွက် ဥပဒေတွေ၊ မူဝါဒ အယူအဆတွေ ပြောင်းလဲရေး လှုံ့ဆော်နေတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေဟာ ဒီကွန်ရက်ထဲမှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့ GEN ရုံးမှာ သတင်းထောက် အိချယ်ရီအောင်နဲ့ တွေ့ဆုံတဲ့အခါမှာ မအေးသဒ္ဒါလှက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်း၊ အကြမ်းဖက်မှု ဖြစ်စေတဲ့ အခြေခံ အကြောင်းအရာများအကြောင်း ပြောပြထားပါတယ်။

မေး – မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လိုအကြမ်းဖက်မှုမျိုးတွေ အဓိက ကြုံရတွေ့ရပါသလဲ။

ဖြေ – အကြမ်းဖက်မှုက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ အန္တရာယ်ရှိသည့် မိရိုးဖလာ အဆုံးအမများအရ အကြမ်းဖက်ခြင်း နဲ့ အင်တာနက်အွန်လိုင်းပေါ်မှ အကြမ်းဖက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ GEN အဖွဲ့က သုတေသန စာတမ်းနှစ်စောင် လုပ်ထားပါတယ်။ ပထမတစ်ခုက အမျိုးသမီးတွေ အကြမ်းဖက်မှုကို ဘယ်လိုတုံ့ပြန်လဲ၊ အကြမ်းဖက်မှုကို ဘယ်လိုခံစားရလဲ၊ ဘာကြောင့် ခံစားရတာလဲ ဆိုတာကို သုတေသန ပြုလုပ်ထားတယ်။ အဲ့ဒီသုသေသနမှာ အတူနေ အိမ်ထောင်ဖက်၊ ချစ်သူ၊ ရည်းစား က ကျူးလွန်တဲ့အကြမ်းဖက်မှုကို အများဆုံးဖော်ပြထားပြီး နေ့စဉ်သွားလာနေတဲ့ ကားပေါ်မှာပဲဖြစ်ဖြစ်၊ ဘုရားပွဲမှာပဲဖြစ်ဖြစ် ကြုံတွေ့ရတာတွေကိုလည်း အနည်းအကျဉ်း ထည့်ထားပါတယ်။ အခက်အခဲက ဘာလဲဆိုတော့ မေးခွန်းတွေမေးခွင့်ရဖို့က ဆေးသုသေသန (ဦးစီးဌာန) က သတ်မှတ်ထားတဲ့နေရာမှာပဲ ကျွန်မတို့က သုသေသနပြုလုပ်ခွင့် ရှိတယ်။ ကျွန်မတို့က အရည်အသွေးပြု သုသေသနပဲ လုပ်နိုင်တဲ့အခါကျတော့ အရေအတွက်အားဖြင့် ဘယ်ဟာက အများဆုံး ကျူးလွန်ခံရလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။ ကျွန်မတို့မှာ အချက်အလက်မရှိဘူး။

နောက်ထပ်သုသေသနက ရုန်းမထွက်သာအစဉ်အလာ ဆိုတဲ့ သုသေသနတစ်ခုပါ။ အဲဒါက ကျား၊ မ ရေးရာနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ လူမှုအလေ့အထတွေပါ။ အဲ့ဒီအရာတွေက အကြမ်းဖက်မှုကို ဖြစ်ပေါ်ဖို့ ဘယ်လောက်အထိ တွန်းအားပေးနေသလဲ။ အဲဒီအရာတွေက အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်ဖို့ ဘယ်လောက် အဟန့်အတား ဖြစ်နေလဲ ဆိုတာကို သုသေသန ပြုထားတာပါ။ ပြောင်းလဲဖို့အတွက် အဲ့ဒီ သုသေသနပြုချက်တွေနဲ့ အစိုးရကို တွန်းအားပေးနေပါတယ်။

မေး – အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်းထဲမှာ ဘယ်လိုအချက်တွေ အဓိက ပါဝင်ပါသလဲ။
interview-ai-cherry-aung
ဖြေ – ၂ဝ၁၃ ခုနှစ်ကစပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေကြမ်းရေးဆွဲရေးမှာ ကျွန်မတို့အဖွဲ့က နည်းပညာပံ့ပိုးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။ အဲ့ဒီဥပဒေထဲမှာဆိုရင် အကြမ်းဖက်မှုဆိုတဲ့ အဓိပ္ပာယ်ကို သေသေချာချာ ဖွင့်ဆိုထားတယ်။ မုဒိမ်းမှုဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သေသေချာချာ ဖွင့်ဆိုထားပါတယ်။ ဥပမာ – ခင်ပွန်းက ဇနီးမယားဆန္ဒမပါဘဲ အတင်းအကြပ် လိင်ဆက်ဆံခြင်းက မုဒိမ်းမှုမြောက်တယ်ဆိုတာကို ထည့်သွင်းထားပါတယ်။ အမျိုးသမီးတစ်ယောက်က သူ့ယောကျ်ားကို ပြန်ပြီးတရားစွဲမယ်ဆို အစိုးရကနေပြီး ဇနီး၊ သားသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာတွေ ဖန်တီးပေးထားရမယ်။ တရားရင်ဆိုင်တဲ့ အချိန်မှာလည်း အစိုးရက ဒီအမျိုးသမီးကို ထောက်ပံ့ပေးတာမျိုး၊ သူကပညာ အရည်အချင်း၊ အလုပ်အကိုင် အခွင့်အရေး လိုအပ်ချက်တွေရှိနေမယ်ဆို အပြင်မှာ ရပ်တည်နိုင်သည့်တိုင်အောင် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု သင်ပေးတာမျိုး၊ သူ့သားသမီးတွေကို သူ အစအဆုံး တာဝန်မယူနိုင်ခင် ကာလမှာလည်း အစိုးရအနေနဲ့ သားသမီးတွေကို ကျွေးမွေး စောင့်ရှောက်ထားတာမျိုး အဲ့ဒီလိုထားပေးဖို့အထိတော့ ဥပဒေကြမ်းထဲမှာ ပါဝင်ပါတယ်။ GEN အဖွဲ့က ဒီဥပဒေထဲမှာ ဘာတွေပါသင့်သလဲဆိုတာကိုပဲ အကြံပြုပေးလို့ ရတယ်။ သုသေသနပြုလုပ်တုန်းကမေးတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း အိမ်ထောင်ဖက်က ကျူးလွန်တဲ့ မုဒိမ်းမှုကို မုဒိမ်းမှုဆိုပြီး မသတ်မှတ်ဘူး၊ အဲဒါက မြန်မာနိုင်ငံမှာရှိတဲ့ ကာမပိုင်လင်ယောကျ်ားဆိုတဲ့ စံနှုန်းနဲ့ သွားပြီး ဆက်စပ်နေတယ်။ လင်ယောကျ်ားက ဆန္ဒရှိတိုင်း ဇနီးမယားက အတူနေရတယ်၊ လိင်ဆက်ဆံရမယ် ဆိုတဲ့ အဓိပ္ပာယ်ကို သွားသက်ရောက်တယ်။ နောက်ပြီး အမျိုးသမီးအမှုတွေ စစ်ဆေးတဲ့အခါမှာ စစ်ဆေးတဲ့ ရဲတွေ၊ ဆရာဝန်တွေက အမျိုးသမီးတွေပဲ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေစစ်ဆေးတဲ့အခါ ပြောမထွက်တာမျိုးတွေ ရှိပါတယ်။ ရဲ၊ ဆရာဝန်၊ ရှေ ့နေ၊ တရားသူကြီးတွေက (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ အတည်ဖြစ်တဲ့အခါ) ဥပဒေထဲမှာ ပါဝင်တဲ့ လုပ်ဆောင်ရမယ့် အရာအားလုံးကို သိမြင်ထားဖို့ လိုပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ဆိုတဲ့အမှုမျိုးမှာ စစ်ဆေးတဲ့ရဲနဲ့ တရားသူကြီးက Facebook, Gmail တောင် ကောင်းကောင်း မသုံးတတ်ဘူး ဆိုရင် ဒီအမှုရဲ့ အတိမ်အနက်ကို သူတို့ ဘယ်လို သိနိုင်မလဲ။ ဒါကလည်း မေးခွန်းထုတ်စရာပါပဲ။

မေး – အစိုးရနဲ့လက်တွဲလုပ်ဆောင်ရတဲ့အခါမှာ အဓိက အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ – အခုလုပ်နေတဲ့ ဥပဒေကြမ်းအတွက် အစိုးရကိုတိုက်တွန်းတဲ့အခါမှာ တော်တော်များများကို လက်ခံပေမယ့် ကျူးလွန်တဲ့သူတွေကို တရားစီရင်ခွင့်မရတာ ဥပမာ – နယ်စပ်တွေမှာဖြစ်နေတဲ့ မုဒိမ်းမှုတွေဆို စစ်ခုံရုံးမှာပဲ စီစဉ်လိုက်တယ်၊ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိပါဘူး၊ ကျွန်မတို့က အရပ်ဖက်မှာပဲ စီစဉ်ပေးဖို့ ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ တောင်းဆိုတာမျိုးတွေ ရှိတယ်။ သူတို့က လက်မခံဘူး။ စစ်တပ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ ကိစ္စရပ်တွေဆိုရင် သူတို့က လုံးဝ လက်ခံပေးတာမျိုး မရှိဘူး။ လုံခြုံရေးတပ်သားတွေ ပြစ်မှုကျူးလွန်တဲ့ကိစ္စရပ်တွေ ဆိုရင် အမျိုးသမီးများ အပေါ်မှ မဟုတ်ဘူး အခြားအပိုင်းတွေဆိုရင်လည်း အစိုးရအနေနဲ့ ထိလွယ်ရှလွယ် ကိစ္စအဖြစ် သဘောထားတုန်းပါပဲ။ အဲ့ဒီလိုအမှုတွေဆို စစ်ခုံရုံးမှာပဲ စစ်ပါတယ်။ အပြင်မှာစစ်ဆေးဖို့ကို သူတို့ လက်မခံပါဘူး။ ဒါက ကျွန်မတို့အတွက် အခက်အခဲ၊ စိန်ခေါ်မှုပါပဲ။

မေး – အွန်လိုင်းပေါ်က အကြမ်းဖက်မှုအကြောင်း နည်းနည်း ရှင်းပြပေးပါ။

ဖြေ – အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ကျွန်မတို့ ၁၆ ရက်တာ လှုပ်ရှားမှု ကို လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီမှာပါဝင်တဲ့ အမျိုးသမီးတွေရဲ့ပြောပြချက်အရ အင်တာနက်အွန်လိုင်းပေါ် နည်းပညာဆိုင်ရာ အကြမ်းဖက်မှုလို့ ပြောရင် အဓိကနှစ်မျိုးပဲ တွေ့ရတယ်။ အမျိုးသမီးဂုဏ်သိက္ခာ ညှိုးနွမ်းအောင် အကောင့်အတုတွေနဲ့ တိုက်ခိုက်တာ၊ အကြမ်းဖက်တာ၊ ငွေညှစ်တာတွေ။ နောက်တစ်ခုက ချစ်သူ၊ ရည်စားဟောင်း၊ ဒါမှမဟုတ် အိမ်ထောင်ဖက်ဟောင်းက အတူနေတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ နှစ်ကိုယ်ကြားပဲမြင်တွေ့သင့်တဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေတာ အများဆုံးတွေ့ရတယ်။ အဲ့ဒီလိုအွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရတဲ့အခါ အမျိုးသမီးအများစုက ဥပဒေရဲ့ အကူအညီ မရယူတာကို တွေ့ရတယ်။ အဲဒါက ကျွန်မတို့နိုင်ငံက အပျိုစင်ကို တန်ဖိုးထားတာက တစ်ကြောင်း၊ မိဘ ဆွေမျိုး အသိုင်းအဝိုင်းက လက်မခံပေးနိုင်တာက တစ်ကြောင်းပေါ့။ အဲ့ဒီအကြောင်းအရာတွေကြောင့် အမျိုးသမီးတွေက ဒါကို ဂုဏ်သိက္ခာအကျခံပြီး မတိုင်ချင်ကြဘူး။ သူတို့ကို ဂုဏ်သိက္ခာချတဲ့ အကောင့်တွေ ပိတ်သွားအောင်ပဲ report လုပ်ချင်ကြတယ်။ ငွေပေးဖို့တောင်းဆိုတာ ရှိတယ်၊ လိင်ဆက်ဆံဖို့ တောင်းဆိုတာတွေ ရှိတယ်၊ ချစ်သူ၊ လင်မယားဟောင်းတွေကတော့ ဆက်ဆံရေး ပြန်ကောင်းချင်တယ် ဆိုပြီး တောင်းဆိုတာတွေ ရှိတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးတွေကို ပြောချင်တာတစ်ခုက ကိုယ့်ရဲ့ဂုဏ်သိက္ခာက အဲ့ဒီအွန်လိုင်းပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး၊ မွေးကတည်းက ဂုဏ်သိက္ခာရှိပြီးသား။ အဲ့ဒီလိုပြောတာက အပျိုစင်ကို တန်ဖိုးမထားလို့ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်ရဲ့ ဂုဏ်သိက္ခာက အပျိုစင်ဖြစ်ခြင်းပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး။ လူတိုင်းက မှားတတ်ကြတယ်၊ တစ်ကြိမ်တစ်ခါ မှားတာနဲ့တစ်သက်လုံး နာလန်မထူနိုင်တော့ဘူးဆိုတာက မဟုတ်ဘူး။ ကိုယ်က ဒီဓာတ်ပုံ ဒီဗီဒီယိုဖိုင်တွေကို အလေးထားလို့ သူတို့က ခြိမ်းခြောက်လို့ရတာ၊ ကိုယ်ကအလေးမထားဘူးဆိုရင် သူတို့လည်း ခြိမ်းခြောက်လို့ရမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဂုဏ်သိက္ခာက အခု လက်ရှိ ကိုယ်ဘယ်လို အသက်ရှင်နေသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်၊ အတိတ်က အရာတွေပေါ်မှာပဲ မူမတည်ပါဘူး။ အမှားဆိုတာ ကိုယ်မသေမချင်း၊ ကိုယ့်အသက်ရှင်နေသရွေ့ ပြုပြင်ပြောင်းလဲလို့ရတယ်။

မေး – အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုတွေ လျော့နည်းအောင် အမျိုးသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရပြီလား။

ဖြေ – အခုက ကျူးလွန်တဲ့ အမျိုးသားက လက်တစ်ဆုတ်စာပဲ ရှိတယ်၊ လစ်လျူရှုထားတဲ့ အမျိုးသားက အများစုဖြစ်နေတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးတဲ့နေရာမှာ အသိပညာပေးဖို့ အသိပညာမြှင့်ဖို့၊ အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်းမှာ ပါဝင်ရေး အသိပညာပေးဖို့၊ အသိပညာမြှင့်ဖို့ အမျိုးသားတွေ ဦးဆောင်ပြီးလုပ်တဲ့ လုပ်ငန်းအဖွဲ့ Engaging Men Myanmar ကို ဖွဲ့ထားပါတယ်။ ဘာတွေ လုပ်ဆောင်လဲဆိုတော့ အကြမ်းဖက်မှုဆိုတာ ဘာလဲ၊ ကျား၊ မ တန်းတူညီမျှခြင်းဆိုတာဘာလဲ၊ အမျိုးသားတွေ ဘာကြောင့် ပူးပေါင်းပါဝင်ဖို့ လိုလဲ ဆိုတာကို အမျိုးသား အချင်းချင်း အသိပညာပေးခြင်းတွေ လုပ်တယ်။ အဲ့ဒီအဖွဲ့အနေနဲ့ သုသေသန နှစ်ခု လုပ်ဖို့ရှိတယ်၊ တစ်ခုက အမျိုးသမီးတွေခေါင်းဆောင်မှုနေရာမှာ ပါဝင်လာဖို့ ဘယ်လိုသဘောထားရှိလဲ၊ အမျိုးသမီးတွေ မပါဝင်စေချင်ဘူးဆိုရင်ရော ဘာဖြစ်လို့ မပါဝင် စေချင်တာလဲ၊ ပါဝင်စေချင်တယ်ဆိုရင် ဘာလို့ ပါဝင်စေချင်တာလဲ၊ ပါဝင်အောင် ဘာတွေလုပ်ပေးမလဲ ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေရဲ့သဘောထားတွေကို ကောက်ခံသွားဖို့ ရှိပါတယ်။ နောက်တစ်ခုက အကြမ်းဖက်မှု ကျူးလွန်တဲ့ အမျိုးသားတွေကို သူတို့က ဘာကြောင့် ကျူးလွန်ရတာလဲ၊ ကျူးလွန်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းပို့တာလဲ။ အမျိုးသမီးတွေကို ဘယ်လိုသဘောထားလို့ ကျူးလွန်ရတာလဲ။ ဘယ်လိုကြောင့် ကျူးလွန်ဖြစ်သွားတာလဲ ဆိုတာကို သုသေသနလုပ်ဖို့ ရှိပါတယ်။

မေး – အကြမ်းဖက်မှုဖြစ်ပေါ်စေတာ ဘယ်လိုအကြောင်းအရာတွေကြောင့်လို့ မြင်ပါသလဲ။

ဖြေ – အစိုးရ ကျောင်းသုံး မူလတန်းဖတ်စာအုပ်တွေမှာဆိုရင် အမျိုးသမီးက ယာဉ်ထိန်းရဲမေ၊ သူနာပြုဆရာမ၊ ကျောင်းဆရာမ။ အမျိုးသမီးဆို ဝန်ဆောင်မှုပေးတဲ့နေရာမှာပဲ ထည့်သွင်းထားတာ တွေ့ရတယ်။ နည်းပညာနဲ့ဆက်စပ်တဲ့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ လယ်သမားဆိုရင်လည်း အမျိုးသားပုံတွေပဲ ထည့်ထားတယ်။ ကျောင်းသုံးစာအုပ်တွေမှာပါတဲ့ပုံတွေ တို့ဖေဖေ၊ တို့မေမေ တာဝန်တွေက အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို ကန့်သတ်လိုက်တာလို့ မြင်ပါတယ်။ အမျိုးသားတွေ လုပ်တဲ့ကိစ္စတွေကို လုပ်နိုင်တဲ့၊ လုပ်ချင်တဲ့ အမျိုးသမီးတွေ ရှိကောင်းရှိနိုင်တယ်။ ကျွန်မကတော့ ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်။ ကလေးတွေက ငယ်စဉ်ကတည်းက ဒါတွေသင်လာတော့ သူတို့စိတ်ထဲမှာ ဒါတွေကို စွဲပြီး အကြမ်းဖက်မှုတွေ ဖြစ်ကုန်တာလို့ မြင်ပါတယ်။ ကျား၊ မ ကြားမှာ ကန့်သတ်လိုက်တဲ့သဘောပါပဲ။

မေး – ဥပဒေပိုင်းနဲ့ ပတ်သက်ရင် သာမန်ပြည်သူတွေက ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ဖြေ – ကျွန်မတို့နိုင်ငံက နှစ် ၆ဝ လောက် ဥပဒေရဲ့အကာအကွယ်ကို မရရှိခဲ့တဲ့အခါကျတော့ ပြည်သူတွေက ကိုယ့်ဘာသာ ငွေကြေးကို အသုံးပြုပြီးဖြေရှင်းလိုက်တယ်။ နီးစပ်ရာအကူအညီတောင်းတာမျိုး၊ တချို့လည်း လုံးဝ မတိုင်ကြားမဖြေရှင်းဘဲ နေလိုက်တာတွေလည်း ရှိတယ်။ ဥပဒေကိုသိတဲ့လူလည်း နည်းလာတယ်။ ပြည်သူတွေအနေနဲ့ဥပဒေကို သိသင့်တယ်။ ဥပဒေရဲ့အကူအညီကို ယူသင့်တယ်။ အနည်းဆုံးတော့ တိုင်တန်းသင့်တယ်။ တိုင်တန်းလို့ အဆင်မပြေရင် အဆင်မပြေတဲ့အကြောင်းကို လွှတ်တော်ကော်မတီတွေကို၊ သမ္မတရုံးကို စာပို့တာတွေ လုပ်သင့်တယ်။ အဲဒါတွေက ကျွန်မတို့ဥပဒေတွေကို ပြောင်းလဲဖို့ တိုက်တွန်းတဲ့အခါမှာ အရေးပါတဲ့ အချက်တွေပါပဲ။ အစိုးရအနေနဲ့ဥပဒေတွေ မူဝါဒတွေပြောင်းလဲသင့်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း အသိပညာမြှင့်တင်မှုတွေကို ဆက်လက်လုပ်ဆောင်သင့်တယ်၊ Facebook, ဖုန်း အပလီကေးရှင်းတွေကနေ လူမှုကွန်ရက်သုံးရင် ဘာတွေသိထားရမယ်၊ ကိုယ်ရဲ့လုံခြုံရေးကို ဘယ်လို မြှင့်ထားရမလဲ ဆိုတာမျိုးတွေကို အသိပညာပေးတဲ့အကြောင်းအရာတွေ၊ တိုင်ပင်ဆွေးနွေးလို့ရတဲ့ ကဏ္ဍတွေ လုပ်သင့်ပါတယ်။ ကျွန်မတို့အဖွဲ့က အမျိုးသမီးတွေ ခေါင်းဆောင်းမှု အပိုင်းမှာ ပါဝင်လာဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးဖို့ ဥပဒေတွေ၊ မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့အတွက် အစိုးရကို တွန်းအားပေးပါတယ်။ အတားအဆီး ဖြစ်နေတဲ့ ယဉ်ကျေးမှု စံနှုန်းတွေ၊ လူမှုအလေ့အထတွေကို လေ့လာပြီးတော့ အဲဒီအမြင်တွေ ပြောင်းလဲသွားအောင်လည်း အသိပညာ မြှင့်တင်တဲ့ အလုပ်တွေ လုပ်ပါတယ်။ မြန်မာနိုင်ငံမှာက ယဉ်ကျေးမှု စံနှုန်းတွေ၊ လူမှု အလေ့အထတွေက တအားကို အမြစ်စွဲနေတဲ့အခါကျတော့ ပင်မရည်ရွယ်ချက်တွေကိုသွားဖို့ အဲဒါက အတားအဆီးဖြစ်နေပါတယ်။ အဲဒါကို ဖော်ထုတ်တယ်၊ ပြောင်းလဲဖို့လည်း ကြိုးစားနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.