ယူကနား

0
10087

ဝရဇိန် (ပေါင်)

အိမ်ရှေ့မျက်နှာစာအပြည့်ထိုးထားတဲ့ မဏ္ဍာပ်ကနားကြီးထဲက စင်တန်းကြီးပေါ်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ ၃၀၊ ၄၀ကျော်။ လင်ဗန်း တစ်ခုထဲမှာတော့ ထမင်းဆုတ်၊ ငါးကင်၊ မုန့်ပိန္နဲစေ့ပန်းကန်၊ မုန့်ဆီကြော်တွေအပြင် လိပ်တစ်ကောင်ကိုပါတွေ့ရပြီး အခြားအမျိုးအမည်စုံလင်လှတဲ့ အသီးအနှံတွေ၊ မုန့်တွေကို ထည့်ထားပါတယ်။ ဆိုင်းဝိုင်းကတီးခတ်လိုက်တဲ့ မွန်ရိုးရာနတ်သီချင်းတီးလုံး သံစည်းချက် နှင့်အညီ ဆွေမျိုးအစုံအလင်တို့ တစ်ပျော်တစ်ပါး ကခုန်နေကြပါတယ်။ အဖိုး၊ အဖေတို့လက်ထက် ကတည်းက သာသမီး၊ မြေးမြစ်များက အလေးအမြတ်ထားပြီး ပူဇော်လာခဲ့တဲ့အဖိုးဟာ ဆေးတံကြီးကို ခဲထားရင်းက သားသမီးမြေးမြစ်တွေကို ပြုံးပြီးကြည့်နေတာ မြင်နေရတယ်လို့ နတ်ကတော် ဒေါ်ကွန်စွဲ ကပြောပါတယ်။

ယူကနားဆိုတာ မွန်လူမျိုးတွေ နတ်ကတာဖြစ်ပါတယ်။ ဝေါဟာရအရ “ယူ” ဆိုတာ အမှန် တကယ်အားဖြင့် “ကခြင်း” မဟုတ်ပါ။ မွန်တို့က “က” တာကို “လှေ်” လို့ပြောပြီး “ယူ” ဆိုတာ “ယိမ်း ထိုးကခုန်ခြင်း” ကို ပြောတာဖြစ်တယ်။ “ကနား” ဆိုတာကေတာ့ မွန်ဝေါဟာရစစ်စစ်ဖြစ်ပြီး မြန်မာ ဘာသာပြန်ရင် “မဏ္ဍပ်” ပါ။ သို့သော် မြန်မာနတ်ပွဲတွေမှာ မွန်ဝေါဟာရကို တိုက်ရိုက်အသံယူပြီး “ကနားပွဲ“ လို့ မြန်မာတို့က သုံးပါတယ်။ မြန်မာတို့က “ကနားပွဲ” ကို အခြားနတ်များအပါအဝင် ၃၇ မင်းသောနတ်ကို “က” တဲ့ပွဲဖြစ်သော်လည်း မွန်တို့က “ယူကနား” လုပ်တာဟာ မိဘဘိုးဘေးဆွေစဉ် မျိုးဆက်တို့ကို ပူဇော်ပသဖို့အတွက် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ “ယူကလော်” လို့လည်း ပြောကြပါ သည်။ မွန်တွေ “ယူ” တဲ့ “ကလော်” ကလဲ နတ် လို့ အဓိပ္ဗါယ်မထွက်ပဲ တိုက်ရိုက်ဘာသာပြန်ပါက “သရဲအစိမ်း” သာဖြစ်ပါတယ်။

yu-ka-nar-1

မွန်တွေက အိမ်ဆောက်လို့ အိမ်တိုင်ကိုစတင်ထူစဉ်ကတည်းက နတ်တိုင်ကို ပထမဦးဆုံး စတင်ထူပါတယ်။ အဖိုးစံမြန်းနိုင်အောင် အိမ်ခန်း ထောင့်တစ်နေရာဖြစ်တဲ့ အဲ့ဒီနတ်တိုင်မှာ အုန်းငှက် ပျောပွဲချိတ်ဆွဲပြီး အရင်ဆုံးထူထောင်ကြတာဟာ ရှေးရှေးကတည်း ကပင် ကျင့်သုံးတဲ့ဓလေ့ဖြစ်ပြီး မိဘဘိုးဘွားနတ်တွေဟာ အဲ့ဒီနတ်တိုင်မှာနေတယ်၊ ထားတယ်လို့ ယူဆပါတယ်။

“အဖိုးတိုင်ရှိတဲ့အိမ်ခန်းထဲမှာ သားအကြီးဆုံးနဲ့ သူယူထားတဲ့ချွေးမပဲအိပ်လို့ရတယ်။ သား သမီးအငယ်တွေဆို အိပ်လို့မရဘူး” လို့ အသက်၅၀အရွယ် မွန်လူမျိုးတစ်ဦးဖြစ်သူ ဦးတူး က ပြော ပြပါသည်။ သူက အဖိုးကို အမွေဆက်ခံကိုးကွယ်ရမဲ့သားအကြီးဆုံးကို ပိုချစ်တဲ့ သဘောဖြစ်မယ်ဟု ဆိုသည်။

အချို့မွန်အိမ်တွေကတော့ တစ်စုံတစ်ရာအမှားအယွင်းပြုလုပ်မိမှာကိုစိုးရိမ်ပြီး အဖိုးကို လွတ် လွတ်လပ်လပ်နေနိုင်အောင် သီးသန့်အိမ်ငယ်လေးတစ်လုံးနဲ့ အိမ်ရှေ့ဘေးနားမှာ ထားပြီး ပူဇော်ကြ တာကိုလဲတွေ့နိုင်ပါတယ်။ ခေတ်စနစ်ပြောင်းလဲလာတဲ့အတွက်ကြောင့် မြို့ပြအိမ်ယာစနစ်ကို ရောက် ရှိလာတဲ့အခါ အချို့က မြေနေရာအခက်အခဲကြောင့် ရွာဦးဘုန်းကြီးကျောင်း အနားမှာ အဖိုးအတွက် အိမ်ငယ်တွေကို စုပေါင်းလာထားထားကြတာကိုလဲ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ထူးထူးခြားခြား တွေ့ရပါတယ်။ သက်ဆိုင်တဲ့ အချိန်ရောက်မှသာ ကိုယ်နဲ့ ဆိုင်တဲ့ အဖိုးအိမ်ငယ်တွေမှာ ပစ္စည်းများ လဲလှယ်ပေးခြင်းများ၊ ပသခြင်းများ ပြုလုပ်ကြပါတယ်။

ဒီလို ရွာဦးဘုန်းကြီးကျောင်းအနီးပတ်ပတ်လည်မှာ ပြုလုပ်ထားတဲ့နတ်ကွန်းအိမ်ငယ်များကို ဇင်းကျိုက်မြို့ ၊ ဖလပ်ရပ်ကွက်၊ အနောက် မင်းကျောင်းအုတ်တံတိုင်းပတ်လည်နဲ့ အနားက ကြက်လျှာ စွန်းမြေကွက်မှာတွေ့နိုင်ပြီး နတ်ကွန်းအိမ်ကလေးတွေ ၁၀၀ ကျော်လောက်ကို တွေ့နိုင်ပါ တယ်။ ဒီ မြင်ကွင်းမျိုးကို အခြားရွာတွေ မြို့တွေမှာ တွေ့နိုင်မယ်မထင်ပါ။

နတ်ကွန်းတစ်ဆောင်ရဲ့ တန်ဘိုးဟာ ၆ သောင်းကျပ်ဝန်းကျင်ဖြစ်ပြီး အမြင့် ၃၉ လက္မ၊ အလျား ၂၃ လက္မ၊ အနံ ၂၀ လက္မ အရွယ်နတ်ကွန်းအိမ် ကို ၂ လက္မပတ်လည်သစ်သားဖြင့် ဆောက် လုပ်ပြီး သွပ်မိုးထားပေးပါတယ်။ နတ်ကွန်းဆောက်လုပ်နေစဉ်မှာ သစ်အတိုင်းအထွာမှားယွင်း ဖြတ် တောက်မိရင် နတ်ကွန်းအိမ်တစ်ခုလုံးကို လွှင့်ပစ်လိုက်ရတယ်လို့ သိရပြီး `မလွှင့်ပစ်ပဲပြန်သုံးရင် ခိုက်တတ်တယ်လို့ ဇင်းကျိုက် ရပ်ကွက်က အသက်(၇၁)နှစ်အရွယ်ရှိ နတ်ကွန်းလုပ်ရောင်းသူ ဦးခင်က ပြောပြပါတယ်။

yu-ka-nar-2

ဒီလို နတ်ကွန်းတွေကို စုပေါင်းပြီး ရွာဦးဘုန်းကြီးကျောင်းအနားမှာ နေရာရွှေ့ပြောင်းချထား ပေးတဲ့ အလေ့အထနှင့် ပတ်သက်ပြီး အခြားမွန်နယ်တွေမှာ ရှိပုံမရပါဘူး။ “ရေးမြို့နယ်ဘက်မှာ အဲ့ဒီ လို စင်လေးတွေနဲ့ ထားရှိ ပူဇော်တာမရှိဘူး” လို့ ကဗျာ၀ ကျေးရွာအုပ်ချုပ်ရေးမှုး နိုင်အောင်ဆန်း က သူရဲ့ရွာနဲ့မတူတဲ့ဓလေ့ကိုအံ့သြရင်း ပြောပါတယ် ။

မွန်ရိုးရာနတ်များနဲ့ပတ်သက်ပြီး အထိုင်နတ်၊အထနတ်၊အုန်းဆွဲနတ်၊ စသည်ဖြင့် အမျိုးမျိုး ကွဲပြားစွာပူဇော်ကြပြီး `မွန်နတ် (၃)မျိုးပဲရှိပါတယ်။ ဒီလို သုံးမျိုးကွဲတာကလည်း မွန်တွေကောင်းစား စဉ်အခါတုန်းက ပုသိမ်မဏ္ဍလ၊ ဟံသာဝတီမဏ္ဍလနဲ့ မုတ္တမမဏ္ဍလ ဆိုတဲ့ ဒေသသုံးခုအပေါ် အခြေခံ ပြီး ကွဲပြားတာဖြစ်ပါတယ်။

“အုန်းဆွဲနတ်ဆိုတာ ပုသိမ်မြို့ဘက်ကနတ်ဖြစ်ပါတယ်။ ကျည်တောက်နတ်ဆိုတာက မုတ္တမ ဒေသကနတ်ဖြစ်ပြီး အဝတ်နတ်ဆိုတာကြတော့ ဟံသာဝတီပဲခူးဘက်က နတ်တွေဖြစ်တယ်” လို့ ပေါင်မြို့မိုးနှိုင်းရပ်ကွက်က မွန်စာပေလေ့လာသူ မင်းထောရော့က သူသိထားသိထားသမျှ ကိုမျှေ၀ ပြောဆိုပါတယ်။

မွန်စာနဲ့ မဒကေင်ပိုန်ဆိုတဲ့အုန်းဆွဲနတ်ကတော့ ရေငံပိုင် ဦးရှင်ကြီးနဲ့ ပတ်သက်တယ်လို့ သူကဆိုပါတယ်။ အရေလှုပ် ကြွက်မြီးကောင်းတဲ့ အုန်းသီးတစ်လုံးကို ဘောင်းတော်အဝတ်အစားနဲ့ အိမ်ခန်းထဲမှာချိတ်ဆွဲပူဇော်ကြပါတယ်။ အုန်းဆွဲနတ်ကိုးကွယ်ကြတဲ့ မွန်လူမျိုးအိမ်တွေ ကိုဗိုက်ကြီး သည်တွေအလည်သွားမိရင် နံရံတွေ တိုင်တွေကို မှီထိုင်လို့မရ၊ ကြမ်းခင်းကို လက်ထောက်ထိုင်လို့ မရပါဘူး ခိုက်တယ်လို့အယူရှိကြပါတယ်။

ကျည်တောက်နတ်ကိုးကွယ်မှုကတော့ ရေထည့်လို့ရတဲ့ဝါးကျည်တောက်အသေး ၅ လုံးကို ရေနဲနဲစီထည့်ပြီး ထီးတံခွန်တစ်ခု၊ ပန်းတစ်ပွင့်စီနဲ့ ကျောက်နီလက်စွပ်တစ်ကွင်း၊ လုံချည်၊ အကျီႋနဲ့ မျိုးလွယ်တဲ့ဝါးနဲ့ယက်ထားတဲ့ ခြင်းကလေးထဲမှာထည့်ကာ အိမ်ခန်းတိုင်မှာချိတ်ဆွဲထားတဲ့ ကိုးကွယ် နည်းတစ်ခုဖြစ်ကြောင်း ရေးမြို့နယ် ကဗျာဝရွာက မွန်လူမျိုး နိုင်မောင်တင်က မွန်သံဝဲ၀ဲနဲ့ ပြောပြခဲ့ပါ တယ်။

အဝတ်နတ်နဲ့ပတ်သက်လို့ကတော့ ရိုးရာဂျပ်ခုတ်ယက်ကန်းနဲ့ယက်ထားတဲ့ မွန်ပုဆိုး အဖြူ အနီ၊ အဖြူခံအမဲအကွက်ကျဲ၊ အရှည် (၁၁)တောင်၊ အနံ(၁)တောင်ပုဆိုး၊ ကော်လာကတုံးအကျီႋအဖြူ လက်ရှည်၊ ခေါင်းပေါင်းအဝတ်စအဖြူ ၊ကျောက်နီပါလက်စွပ် (၁) ကွင်းနဲ့ နတ်ကပုံကနည်းစာရွက်တို့ ကို ပုံးအလွတ်တစ်ခုခုထဲကိုထည့်ပြီး ခုနကပြောတဲ့နတ်ကွန်းအိမ်မှာထားပြီး ပူဇော်ကိုးကွယ်ထားတဲ့ နည်းဖြစ်ပါတယ်။ ခုနက ဇင်းကျိုက်မှာ နတ်ကွန်းအိမ်တွေအများကြီးနဲ့ထားပြီး ကိုးကွယ်တဲ့နတ်ဟာ ဒီနတ်ဖြစ်ပါတယ်။ ဆိုလိုတာက ဟံသာဝတီပဲခူးနတ်ဖြစ်ပါတယ်။

ရေးမြို့နယ်ဘက်က မွန်လူမျိုးတွေကတော့ အဖိုးနတ်အတွက်ပုဆိုးကို ဈေးထဲကနေ မွန်ရိုးရာ အဆင်ပုဆိုးတစ်ထည်ကိုအလွယ်ဝယ်ယူပူဇော်ကြတယ်လို့ ကဗျာ၀ ကျေးရွာက နိုင်မောင်တင်က ပြောဆိုသော်လည်း ပေါင်မြို့ဘက်မှာတော့ ယက်ကန်းက ဂျပ်ခုတ်ယက်ထားတဲ့ ပုဆိုးကိုပဲ တစ်ထည် ကို ၅ သောင်းကနေ ၁သိန်းခွဲ အထိ အော်ဒါပေးယက်လုပ်ခိုင်းပြီးဝယ်ယူပူဇော်နေကြကြောင်း၊ ပုဆိုး ယက်နေစဉ် ချည်ကျော်ပါကလည်း လွှင့်ပစ်လိုက်ရကြောင်း၊ အသုံးပြုရင်ခိုက်တတ်ကြောင်း၊ ယက် ကန်းလုပ်ငန်းလုပ်ကိုင်သူအသက် ၈၇ နှစ်အရွယ် ဒေါ်ကျန်းက မွန်သံဝဲဝဲနဲ့ ပြောပြပါတယ်။

yu-ka-nar-3

ရိုးရာနတ်နဲ့ပတ်သက်ပြီး ပါးစပ်ရာဇဝင်နဲ့ဘဲ လက်ဆင့်ကမ်းလာကြတာဖြစ်လို့ အမည်နဲ့ သမိုင်းကိုတိကျစွာမပြောနိုင်ကြပဲ အလွယ်တကူနဲ့ပဲ အဖိုး လို့ခေါ်နေကြပါတယ်။ ပုဂံကို စစ်ရှုံးလို့ မနူဟာမင်းနဲ့အတူပါသွားကြတဲ့ မွန်လူမျိုးအချို့ကို ပုဂံဘုရင်က စာပေတွေဘာသာပြန်ဆိုခိုင်းထား တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျက်တော်ရှတဲ့ဘုရင့်အမိန့်နဲ့ ကျွန်းတစ်ခုမှာ ရေနှစ်သတ်ခိုင်းစဉ် နတ်ပန်း ညှိနှင့်ရောနေသော ဝါးနဲ့အဝတ်ထုတ်ကို အမှီပြု၍လွတ်လာသူက အဝတ်၊ အုန်းလက်ကို အမှီပြု၍ လွတ်လာသူက အုန်းသီးစသည်ဖြင့် မိမိအသက်ဘေးလွတ်စေခဲ့သောအမှတ်အသားကိုယူပြီး သားစဉ်မြေးဆက်အစဉ်အဆက်ထိန်းသိမ်းတော့မည်လို့ သစ္စာပြုကြရာကစတင်ခဲ့ကြောင်း နိုင်မြင့် သိန်းရဲ့ အနုမာနမှန်းဆချက်က စိတ်ဝင်စားစရာပါ။

ဒီလိုရိုးရာနတ်တွေကို တစ်ချိန်ချိန်မှာ ပူဇော်ပသ “ယူကနား” ပွဲလုပ်ကြပါတယ်။ မိသားစု အတွင်းမှာ အကြောင်းရှာမရတဲ့ နာမကျန်းမှုတွေ ဖြစ်လာတဲ့အခါမှာဖြစ်စေ၊ စပါးကောင်းလို့ အထွက် တိုးပိုလျှံတဲ့အခါဖြစ်စေ၊ စီးပွားရေးကောင်းလာတဲ့အခါဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် “ယူကနား” လုပ်ပါမယ်လို့ ကတိတစ်ခုခုခံထားတဲ့အခါဖြစ်စေ မွန်တွေက “ယူကနား” လုပ်ကြပါတယ်။ မိမိတို့ ပူဇော်ပသတဲ့နတ်အပေါ်မူတည် ပြီး တစ်ချို့နတ်က အိမ်အတွင်း၊ တစ်ချို့နတ်က အိမ်ခြံဝင်းထဲနဲ့ တစ်ချို့နတ်က အိမ်ခြံဝိုင်းအတွင်း ကကြပါတယ်။

ရိုးရာနတ်ပူဇော်ပြီးနတ်က မဲ့အိမ်က အုန်းသီး၂၅ လုံး၊ ငှက်ပျောသီး ၁၂၀ ဖီး၊ ကွမ်းရွက် တစ်ပိသာ၊ ကွမ်းသီး အလုံး၁၅၀၊ ကန်တော့ပုံလိပ်ထား တဲ့ ကွမ်းရွက် ၃၈ လိပ်၊ မုံ့ဆီကြော် အသေး ၃၀၀၊ အကြီး ၄၀၀၊ အချပ်ကြီး ၅ ချပ်လုပ်စုဆောင်းထားရတဲ့အပြင် ငါးရံ့ ၇ ကောင်၊ ငါးပြေမ ၄ ကောင်၊ ငါးအကွင်း ၃၇ ကွင်း၊ ကောက်ညှင်းပေါင်းပြီးသားတစ်ပြည်ချက်၊ ကြက်ဥအနှစ် ၁၅၊ ဘဲဥအနှစ် ၁၀၊ လိပ်တစ်ကောင်၊ ကြက်ဖိုကြက်မ တစ်စုံကိုလည်မလှီးပဲ လည်စိညှစ်ပြီးသတ်၊ ဗိုက်မခွဲပဲ စအိုဝ ကနေ ကလီစာနှိုက်ထုတ်ပြီး သန့်လိုက်ပြီးကလီစာပြန်ထည့်ကာပြုတ်ထားတဲ့ဟာတွေအပြင် အခြားမမှတ်မိနိုင်သေးတဲ့ပစ္စည်းတွေရှိသေးတယ်လို့ ဇင်းကျိုက်မြို့က ဝါရင့် နတ်ကတော်တစ်ဦးဖြစ်တဲ့ နိုင်ဖိုးအိန်က ရှင်းပြပါတယ်။

မွန်ရိုးရာ “ယူကနား” ပွဲမှာ သီးခြားတီးမှုတ်ရတဲ့ တီးလုံးတွေရှိပြီး နတ်ဆိုင်းဆရာတွေရှိတဲ့အပြင် ဆန်းသစ်လာတဲ့ခေတ်ရေစီးကြောင်းကြောင့် အခုခေတ်မှာ ကာလပေါ်သီချင်းများကိုလည်း ဘိုးဘွား တွေနားယဉ်လာသလို ပုံမျိုးနဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းဖွင့်ပြီး ကကြပါတယ်။ ယူကနားပွဲမှာ နတ်ကတော် များကတော့ ငှက်ပျောသီးအဖီးလှလှကြီးကိုကိုင်ထားလျက်က သူ့ရဲ့မြေးတစ်ဦးဦးကို ကရင်းရှာရင်း မတွေ့မချင်း တီးလုံးသံများနဲ့ ပျော်ပျော်ကြီးကနေ ပျော်နေပါတယ်။

“သားအကြီးဆုံးကို နတ်ရိုးစဉ်ဆက်လိုက်ဆင်းတယ်ဆိုတော့လဲ ကျနော်ပဲ အမွေခံယူရမှာပေါ့” လို့ ယူကနားကို လာတဲ့ သားအကြီးဆုံးဖြစ်သူ တစ်ဦးက ပြုံးပျော်ပြီး ပြောရှာပါတယ်။

ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.