“အရောင်နဲ့ပတ်သက်ပြီး တော်တော်လေး ဖန်တီးမှုများတဲ့ခေတ် ဖြစ်နေတယ်”

0
8354

ယနေ့ခေတ် ဝတ်စားဆင်ယင်မှုဆိုင်ရာ အပြောင်းအလဲ၊ ဖြစ်ထွန်းမှုများအကြောင်း ဒေါ်တင်မိုးလွင်က ပြောပြထားသည်။

တင်မိုးလွင် အင်တာဗျူး

သန့်သန့်သူ/ Myanmar Now

မြို့ပြဒေသမှ အမျိုးသမီးများ ဘောင်းဘီ၊ စကတ် ဝတ်ဆင်မှု များသော်လည်း ယခုအခါ မြန်မာဝတ်စုံကို ခုံမင်လာကြသည်ဟု ရန်ကုန်အခြေစိုက် Talents & Models Agency တည်ထောင်သူ ဒေါ်တင်မိုးလွင်က ပြောသည်။

မော်ဒယ်၊ အစီအစဉ် တင်ဆက်သူ၊ လုပ်ငန်းခွင်ဝင်နေသူတို့ကို သင်တန်းပေးခြင်း ပြည်တွင်းပြည်ပခရီးများ၊ ပရဟိတလုပ်ငန်း စသည်တို့ကို အချိန်လုပြီး လုပ်ကိုင်နေရသည့် မတင်မိုးလွင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူ၏ရန်ကုန်မြို့ရုံးခန်းသို့ရောက်လာသည့် Myanmar Now အလုပ်သင်သတင်းထောက် သန့်သန့်သူကို အချိန်ပေးပြောပြထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး – ဒီနေ့ခေတ် ဆယ်ကျော်သက်တွေ၊ လူငယ်တွေရဲ့ ဝတ်စားဆင်ယင်ပုံကို ဘယ်လိုမြင်ပါသလဲ။

ဖြေ – ခေတ်နဲ့အညီ ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလာတာ လက်ခံနိုင်လောက်ဖွယ် ဖြစ်ပါတယ်။ ရုပ်သံပဲဖြစ်ဖြစ်၊ စာနယ်ဇင်းမီဒီယာပဲဖြစ်ဖြစ် ဖက်ရှင်ကဏ္ဍ ဆိုပြီး ဦးစားပေး ဖော်ပြလာကြတယ်။ အဲဒီကဏ္ဍမှာ သင့်၏ မသင့်၏ တွဲဖက် ဝတ်ဆင်ရမယ့်ဟာတွေကို နည်းနာယူလို့ ရတယ်။ ကုန်တိုက်တွေ ပေါ်လာတော့ လူတွေဖြတ်သွားကြည့်လိုက်တာနဲ့ အဲဒီမှာ ချိတ်ထားတာတွေ၊ အရုပ်မှာ ဝတ်ထားတာတွေကို တွေ့လိုက်ရင် “ဒီလိုလေး ဝတ်လို့ရတာပဲ” ဆိုပြီး တော်တော် သိလာတော့ ယနေ့ခေတ်ရဲ့ ဝတ်စားဆင်ယင်မှုကတော့ ဖက်ရှင်ပိုကျလာတယ်၊ အတွဲအဆက်ပိုညီလာတယ်။ လွတ်လပ်လာတဲ့ခေတ်၊ ကမ္ဘာမှုပြုလာတဲ့ခေတ် ဖြစ်တဲ့အတွက် မသင့်တော်တဲ့ အဝတ်အစားတွေ ကူးစက် ဝတ်ဆင်လာတာကိုလည်း တွေ့ရပါတယ်။ ဖယ်ရှားဖို့တော့ တော်တော်ခက်တာပေါ့၊ ဥပမာ … ဘောင်းဘီတို ခေတ်စားတယ်ဆိုတာ မှန်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ဆိုရင် ဘယ်လောက်တိုသင့်လဲ ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ တော်တော်များများကတော့ ဆင်ဆင်ခြင်ခြင် ဝတ်နိုင်တဲ့ စိတ်ကူးလေးတွေတော့ ရှိကြပါတယ်။

မေး – လူငယ်တွေ ဆံပင်ပုံစံ အထူးအဆန်းတွေ၊ ဆေးရောင်စုံ ဆိုးတာတွေအကြောင်း သုံးသပ်ပေးပါဦး။

ဖြေ – အရောင်ကို ဦးစားပေးတဲ့ခေတ်လို့ ပြောရင် ပိုသင့်တော်ပါတယ်။ အရောင်ပေါင်းစပ်တာကို တော်တော် စိတ်ဝင်စားလာကြတယ်။ ဆံပင်အနက်ကို ပျင်းစရာကြီး၊ ရိုးတယ် ဆိုပြီး ကြက်တူရွေးအရောင်တွေ၊ ဘာတွေ ပြောင်းကြတာပေါ့။ ကာယကံရှင်ရဲ့ စိတ်ပေါ်မှာပဲ မူတည်ပါတယ်။ နှုတ်ခမ်းနီဆိုလည်း အညိုပုပ် ဆိုးကြတယ်၊ လက်သည်းဆိုလည်း အရောင်စုံ ဖော်ကြတယ်။ အရောင်နဲ့ပတ်သက်ပြီး တော်တော်လေး ဖန်တီးမှုများတဲ့ခေတ် ဖြစ်နေတယ်။ ဒါပေမဲ့ အရိုးပေါ် အရွက်မဖုံးစေနဲ့ ဆိုတဲ့အတိုင်း ဘယ်နေရာမှာဖြစ်ဖြစ် အဆင်ပြေ တင့်တယ်စေမယ့် သဘာဝအရောင်လေးတွေက အကောင်းဆုံး ဆိုတာကို အားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် စိတ်ကူးစိတ်သန်းရှိနေတဲ့အချိန် ပြီးသွားရင် အားလုံးက ပြန်ပြောင်းကြတာပါပဲ။ နောင်ဆိုရင်တော့ အရောင်တွေ ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိပြီး နားလည်လာမယ်လို့ ထင်ပါတယ်။ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူလို နိုင်ငံမျိုး ဆိုရင် အများစုက အခြေခံအရောင်တွေကိုပဲ သုံးကြတယ်။ အဖြူ၊ အနက်၊ မီးခိုး စတာတွေပဲ သုံးကြတယ်၊ လူဝင်ဆံ့မှုနဲ့ လုပ်နေတဲ့ အလုပ်မှာ အဆင်ပြေဖို့အတွက် အရောင်တွေကို သိပ်အကြောင်တွေ မရွေးကြတော့ဘူး၊ တစ်ချိန်ကျရင် မြန်မာနိုင်ငံကလူငယ်တွေလည်း ဒီလိုဖြစ်လာမှာပါ။

မေး – မြို့ပြဒေသ အမျိုးသမီးတွေ မြန်မာဝတ်စုံဝတ်တာ ပိုနည်းလာတယ်လို့ ထင်သလား။

ဖြေ – ပိုများလာတယ်လို့ ထင်ပါတယ်။ အရွယ်စုံက မြန်မာဝတ်စုံကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်လာကြတာ ဖြစ်တဲ့အတွက် ပိုပြီးတော့လည်း နှစ်ထောင်းအားရဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ ကာလတစ်ခုမှာ ဘောင်းဘီတွေ၊ စကတ်တွေ အများကြီး ဝင်လာပြီး မိန်းကလေးတွေက လုံချည် မဝတ်တတ်သလောက် ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကဆို မြန်မာဝတ်စုံလို့ ပြောရင် ကလေးတွေက ပြေးဝယ်ရတာမျိုးတို့၊ အဒေါ်တွေ အစ်မတွေဆီက ငှားဝတ်ရတာမျိုးတို့ လုပ်ရတယ်။ အခုကျတော့ လူတိုင်းမှာ မြန်မာဝတ်စုံ သုံးလေးငါးစုံ ရှိလာတယ်။ ခုံခုံမင်မင် ဝတ်ဆင်တာရော၊ ဝယ်ယူထားကြတာရော၊ ဝတ်ဖို့ အဆင်သင့် လုပ်ထားကြတာရော ပိုများလာတယ်။ နေရာတိုင်းမှာလည်း မြန်မာဝတ်စုံဆိုင်တွေ တွေ့နေရတယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်ပုံကိုလည်း သုံးသပ်ပေးပါဦးရှင့်။

ဖြေ – သူက ဉာဏ်ပညာနဲ့ပြည့်စုံပြည့်ဝတဲ့ အမျိုးသမီးကောင်းဖြစ်တာကြောင့် ဘယ်လိုနေရာမှာ ဘယ်လိုဝတ်ရမယ် ဆိုတာကို သူကောင်းကောင်းသိပါတယ်။ အခုနောက်ပိုင်း နိုင်ငံတော်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာပဲဖြစ်ဖြစ် သူက မြန်မာဝတ်စုံကို အဓိကထားပြီး ဝတ်ဆင်တာ အလွန်ပဲ လိုက်ဖက်ပါတယ်။ လုပ်ငန်းသဘောသဘာဝ၊ နေ့စဉ် ဝတ်စားဆင်ယင်မှု၊ သူ့အသက်အရွယ်နဲ့ရော အလွန် လိုက်ဖက်ပါတယ်။ မြန်မာဝတ်စုံမှ မဟုတ်ဘူး၊ ဘယ်ဝတ်စုံကိုမဆို သေသေချာချာ နားလည်ပြီး ဝတ်ဆင်တတ်တဲ့ လေးစားဖွယ် အမျိုးသမီးဖြစ်တဲ့အတွက် သဘောကျပါတယ်။

မေး – လွှတ်တော်တွေထဲမှာတော့ အမျိုးသားတွေရဲ့ ခေါင်းပေါင်းအရောင်က အတော်လေး စုံလင်တယ်နော်။

ဖြေ – ဆင်တူဖြစ်သင့်တယ် ဆိုတဲ့ အခမ်းအနား၊ အချိန်အခါမျိုးမှာ ဆင်တူ ဝတ်စေချင်တယ်။ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်တိုင်းကျ ဝတ်ဆင်လို့ရတယ် ဆိုတဲ့ အခမ်းအနား၊ အချိန်အခါမျိုးမှာလည်း ကိုယ့်စိတ်တိုင်းကျ ဝတ်ဆင်တာကို ကြိုက်ပါတယ်။ လွှတ်တော်ရဲ့ သဘောတရား ဘယ်လိုရှိတယ် ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး၊ ဖက်ရှင်သမားတစ်ယောက်အနေနဲ့တော့ ဆင်တူဝတ်တာကို ကြိုက်သလို၊ တစ်ခါတလေ မတူညီဘဲ ကိုယ့်အိုင်ဒီယာအတိုင်း ဝတ်စားဆင်ယင်တာကိုလည်း သဘောကျပါတယ်။

မေး – ပုဆိုး၊ တိုက်ပုံနဲ့ ရှူးဖိနပ် တွဲစပ် ဝတ်စားဆင်ယင်တာကိုရော ဘယ်လို မြင်ပါသလဲ။
daw-thin-moe-lwin
ဖြေ – ဒါက ရှေ့ကရှိခဲ့တဲ့ဖက်ရှင်တွေလေ။ အမြင်မတော်တဲ့ဖက်ရှင်မျိုးမဟုတ်တဲ့အတွက် ကြည့်ကောင်းတယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဒီလိုဝတ်တာလည်း ဓာတ်ပုံထဲ တွေ့ဖူးတယ်။ ဘယ်သူကစပြီး ဘယ်လို တွဲစပ်ခဲ့တယ် ဆိုတာကို မသိပေမဲ့ သူ့ဟာနဲ့သူ ရေပန်းစားပြီး သင့်တော်တဲ့ ဖက်ရှင်တွေ ထွက်ခဲ့တာပဲ။ ဟိုးရှေးခေတ်ကဖက်ရှင်တွေကို ဒီခေတ်ကျတော့ မလုပ်သင့်တာလုပ်တယ်လို့ ပြောဖို့စိတ်ကူး မရှိပါဘူး။ သဘောကျတယ်၊ ကြိုက်တယ်။

မေး – အမျိုးသားတွေကရော ဝတ်စားဆင်ယင်မှုကို ဘယ်လို ပြင်ဆင်ထားသင့်သလဲ။

ဖြေ – အမျိုးသားတွေအတွက်တော့ ဝတ်စားဆင်ယင်မှု ပုံစံ သုံးမျိုးရှိတယ်။ Formal Style က တိတိကျကျ ဝတ်ဆင်ရတာ၊ လိုအပ်တဲ့နေရာမှာ ကိုယ့်ရဲ့အဆင့်အတန်းနဲ ကိုယ့်ရဲ့သိက္ခာကို အပြည့်ဝဆုံး ဖော်ညွှန်းနိုင်တဲ့ ဝတ်စုံ တစ်စုံ ကောင်းကောင်း လိုပါတယ်။ ပွဲတွေ အခမ်းအနားတွေ တက်မယ်ဆိုရင် နည်းနည်းလေးမှ မလျော့တဲ့၊ တိကျပြီး တန်းဝင်နေတဲ့ စတိုင်ဖြစ်ပါတယ်။ Informal Style ကတော့ အရမ်းကြီး တိတိကျကျကြီးတော့ မဟုတ်ဘူး၊ သို့သော် သူ့ဟာသူ တန်းဝင်နေတုန်းပဲ၊ ပွဲလယ်တင့်နေတုန်းပဲ။ Casual ဆိုတာက စွပ်ကျယ်ချိုင်းပြတ်၊ ဘောင်းဘီတိုနဲ့ သွားတာမျိုး မဟုတ်ဘူး၊ ထသွားထလာလေးလည်း တင့်တယ် နေတယ် ဆိုတဲ့ စမတ်ကျကျပုံစံလေးကို ပြောတာပါ။ လုပ်ငန်းခွင်ဝင်မယ့်သူ၊ လူမှုဘဝထဲမှာ သွားလာလှုပ်ရှား ဝင်ဆံ့အောင် ရပ်တည်မယ့်သူဆိုရင် ဒီသုံးမျိုးကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး ဝတ်တတ်တဲ့သူတွေကိုလည်း ဖက်ရှင်ပိုင်းဆိုင်ရာအားဖြင့် သဘောကျပါတယ်။

မေး – နိုင်ငံရေးမှာ အမျိုးသမီးတချို့ ခေါင်းဆောင်ဖြစ်လာတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – အမျိုးသမီးတွေ ရှေ့တန်းရောက်လာတာ၊ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေ များလာတာ၊ လောကဓံသာမက အလုပ်ရဲ့ဒဏ်၊ ဘဝရဲ့ဒဏ်တွေကို ပိုမိုကြံ့ကြံ့ခံလာနိုင်တာကို အမျိုးသမီးတစ်ယောက် အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ အရမ်း ဂုဏ်ယူပါတယ်။ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ပါစေ၊ နေရာရပါစေ၊ ကမ္ဘာတလွှားမှာလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ မားမားမတ်မတ်၊ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နိုင်မယ့် အမျိုးသမီး စွမ်းဆောင်ရှင်တွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အဲဒါမျိုးကိုလည်း ပိုမြင်ချင်တယ်။ ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ အမျိုးသမီးတွေအားလုံးလည်း တတ်အားသရွေ့ ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.