သင်ခန်းစာလား ထင်ယောင်မှားလား

0
7896
တူရကီနိုင်ငံတွင် ဇူလိုင်လအတွင်း စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီး အရပ် သား(၁၁၉)ဦး အပါအဝင် လူ(၂၉၀)ကျော် သေဆုံးကာ လူပေါင်း(၂၅၀၀)ကျော် ဒဏ်ရာရခဲ့သည်။ နောက်ဆက် တွဲ ဖမ်းဆီးအရေးယူမှုများ အကြီးအကျယ်ဖြစ်ပွါးခဲ့သည်။<!--more-->



စစ်တပ်၊ တရားရေးနှင့်အခြားအဖွဲ့အစည်းများမှ လူပေါင်း(၁၃၀၀၀)ကျော်ကို အခန်းဖြစ်ပွါးကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထိုအပြင်အလုပ်ထုတ်မှုနှင့် တာဝန်မှ ဆိုင်းငံ့မှု ခြောက်သောင်းခန့်ပြုလုပ်ခဲ့သည်။ သတင်းစာအစောင်(၁၀၀)ကျော်နှင့် ရုပ်သံဌာန(၂၄)ခု၏ လိုင်စင်များ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထိပ်တန်း ဂျာနယ်လစ်(၁၇)ဦး အမှုရင်ဆိုင်နေရသည်။ ကျောင်းပေါင်း(၆၀၀)ကျော် ပိတ်ထားကာ တက္ကသိုလ်ကျောင်းအုပ် များကို ရာထူးမှ နှုတ်ထွက်ပေးရန် ဖိအားပေးထားသည်။

တူရကီနိုင်ငံစစ်အာဏာသိမ်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒီမိုကရေစီသင်ခန်းစာလား၊ ဒီမိုကရေစီအရေးနိမ့်မှု လား အမြင်(၂)မျိုး ထွက်လာသည်။ သမ္မတအာဒိုဂန်နိုင်ငံခြားခရီးထွက်နေချိန်တွင် အာဏာသိမ်းရန် ကြိုးပမ်း ခြင်းဖြစ်ရာ သမ္မတသည် လေယာဉ်ဖြင့် အလျင်အမြန်ပြန်လာပြီး ရုပ်မြင်သံကြားမိန့်ခွန်း တစ်ရပ်ဖြင့် လူထုအား လမ်းပေါ်ထွက်ပြီး  အာဏာသိမ်းမှုကို တားဆီးပိတ်ဆို့ရန် အမိန့်တိုက်တွန်းလှုံ့ဆော်ခဲ့သည်။ သမ္မတအား ထောက်ခံသော ပြည်သူလူထုသည် စစ်သားများကို တားဆီးပြီး တင့်ကားများရှေ့တွင် ရဲရဲဝံ့ဝံ့ရပ်ကာ ပိတ်ဆို့ခဲ့ သည်။ စစ်တပ်၏ အာဏာသိမ်းမှုကို ညီညွတ်သော လူထုအားဖြင့် ခုခံလက်ဝါးတီးရေးသားကြသည်။

သို့သော်လည်း တူရကီသမ္မတအာဒိုဂန်၏ နောက်ဆက်တွဲအလွန်အကျွံ အရေးယူမှုနှင့် အတိုက်အခံ များကို နှိမ်နင်းမှုများက ထိုအောင်ပွဲကို သံသယဝင်လာစေခဲ့သည်။ အာဏာရှင်ဆန်သူ၊ ဒီမိုကရေစီတန်ဖိုးများ အား မျက်ကွယ်ပြုသူအဖြစ် အစွပ်အစွဲခံနေရသူ အာဒိုဂန်ကို အာဏာရှင်ပိုဆန်လိုစေရန် ဒီမိုကရေစီ အကာ အကွယ်ပေးနေခြင်းဖြစ်ပြီလား မေးခွန်းထုတ်စရာဖြစ်လာသည်။ တူရကီပြည်သူများသည် အာဏာရှင်ဆန်သော သမ္မတနှင့် အာဏာသိမ်းမှုမအောင်မြင်ရခြင်းတွင် စစ်တပ်တွင်း ညီညွတ်မှုအားနည်းခြင်းကလည်း အဓိက အချက်အနေနှင့် ပါဝင်နေသည်။

ကမ္ဘာပေါ်တွင် တူရကီနိုင်ငံသည် ဘာသာရေးအစွမ်းမရောက်သည့် လူအဖွဲ့အစည်း တရပ်ဖြစ်ပြီး ဒီမို ကရေစီနှင့် အံမဝင်သည့် မူဆလင်နိုင်ငံများကြားတွင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်ထူထောင်နိုင်ခဲ့သည်။ သဘောထားပျော့ပြောင်းသော စံပြနိုင်ငံတခုဖြစ်ခဲ့သည်။ စစ်တပ်သည် အစိုးရအား ပြန်လည်တည့်မတ်ပေး သည့် ကဏ္ဍတွင်ရှိနေပြီး အာဏာရှင် ဆန်လာသောအခါ အရည်အချင်းမပြည့်မီသောအခါ(သို့) ဘာသာရေး အစွန်းရောက်လာသောအခါတိုတွင် အာဏာသိမ်းခဲ့သည်။ လက်ရှိအာဏာရပါတီ(AKP) မတက်ခင်အထိ အာဏာသိမ်းမှု(၅)ကြိမ်ဖြစ်ပွါးခဲ့သည်။

ထိုကြောင့်လည်း (AKP)ပါတီအာဏာရလာသည့်အခါ စစ်တပ်ကို ထိန်းချုပ်၍ တရားစွဲဆိုမှုအများအပြား ပြုလုပ်ခဲ့ပြီး စစ်ဗိုလ်ချုပ်များအပါအဝင် များစွာသော အရာရှိများကို ထောင်ချခဲ့သည်။ (၂၀၁၁)ခုနစ်တွင် တပ် မတော်စစ်ဦးစီးချုပ်ရာထူးများ နှုတ်ထွက်သွားခဲ့ရသည်။ သမ္မတအာဒိုဂန်သည် (၂၀၁၃)ခုနစ်မှ (၂၀၁၄)ခုနစ် အထိ တိုင်းပြည်၏ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး (၂၀၁၄)ခုနစ်တွင် သမ္မတဖြစ်လာသူဖြစ်သည်။ တူရကီ၏ နိုင်ငံရေးကို ဆယ်စုတစုကျော် လွှမ်းမိုးနိုင်ခဲ့ရာ တစ်ချိန်က အမေရိကန်၏ လုပ်ဖော်ကိုင်ဖက် မဟာ မိတ်နှင့် ဥရောပသမဂ္ဂ၏ထောက်ခံမှုအရဆုံးသော ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ သူ၏ ရဲဝံ့ပြတ်သားသော လုပ်ရပ် ဘာသာရေးနှင့် လောကီရေးခွဲခြားလိုသော လုပ်ရပ်များကြောင့် လူထုအကြား ရေပန်းစားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာဏာသက်ကြလာသည်နှင့်အမျှ အာဒိုဂန်အစိုးရသည် အစ္စလာမ်မစ်နိုင်ငံဆန်ဆန် အုပ်ချုပ်ရေးသို့ ဦးတည်လာပြီး အာဒိုဂန်သည် ဒီမိုကရေစီ မျက်နှာဖုံးစွပ်ပြီး အာဏာရှင်တဦးကဲ့သို့ ပြုမူလာ ကြောင်း အတိုက်အခံများက စွပ်စွဲလာသည်။ တိုင်းပြည်၏လုံခြုံရေး အခြေအနေမှာလည်း ဆိုးရွားလျှက်ရှိသည်။ အိုင်းစစ်အသေခံဗုံးခွဲတိုက်ခိုက်မှု၊ ခွဲထွက်ရေးအဖွဲ့ဖြစ်သော ကာဒ်သူပုန်(PKK)နှင့် အသစ်တဖန် ပြန်လည် တိုက်ခိုက်လာမှု၊ ပြည်တွင်းအကြမ်းဖက်မှု(အထူးသဖြင့် အမျိုးသမီးများအပေါ်) စသည့် များပြားကြီးထွား လာ လျှက်ရှိသည်။ အိုင်းစစ်နှင့် အစွန်းရောက်ဂျီဟတ်အဖွဲ့များက တူရကီခွဲထွက်ရေး(PKK)အဖွဲ့အား တိုက်ခိုက် ခြင်း၊ ထိုမှတဆင့် ဆီးရီးယားနိုင်ငံတွင်း အဝင်အထွက်သွားလာခြင်းတိုကို မျက်စိမှိတ်ခွင့်ပြုခဲ့သည်။ ထိုကြောင့် ယခင်က အကြမ်းဖက်မှု တားဆီးရန် ကြားခံနယ်မြေအဖြစ် ရပ်တည်ခက်ကို ပြောင်းလဲစတေးပစ်လိုက်သလို ဖြစ် သွားသည်။

ဤသို့သော ပြည်တွင်းအနေအထားတွင် အာဒိုဂန်သည် အမေရိကန်နိုင်ငံရောက် အစ္စလာမ် ဘုန်းကြီး (အီမန်) ဖါတူလန်၏ အတိုက်အခံပြုမှုနှင့် ရင်ဆိုင်နေရသည်။ အသက်(၇၅)နှစ်အရွယ်ရှိ ဂိုလန်သည်(၁၉၉၉) ခုနစ်တွင် တူရကီနိုင်ငံအား စွန့်ခွါကာ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ခိုလှုံအခြေချနေထိုင်ခဲ့သည်။ သူ့ကို ဘာသာပေါင်းစုံညီညွှတ်ရေး လိုလားသော ပျော့ပြောင်းသည့် ဆွန်နီအစ္စလာမ်ခေါင်းဆောင်အဖြစ် အသိ အမှတ် ပြုကြခြင်းကြောင့် သူ၏အာဒိုဂန်ဆန့်ကျင်ရေးဟာ စစ်ဖက်လှုပ်ရှားမှုကို ပညာတတ်အများစုအပါအဝင် ပြည်သူ များ ထောက်ခံ ကြခြင်းဖြစ်သည်။              

ဂိုလန်သည်(NGO)များဖွဲ့စည်းပြီး သမ္မဝါယမကျောင်းများစွာ တည်ထောင်ခြင်း၊ အခမဲ့စာသင်ကြားရေး စင်တာများ ဖွင့်လှစ်ခြင်း၊ ဆေးရုံးများဆောက်လုပ်ပေးခြင်းနှင့် ကယ်ဆယ်ထောက်ပံ့ရေး အေဂျင်စီများ ဖွဲ့စည်း ပေးခြင်းဖြင့် တူရကီပြည်တွင်းလူမှုရေးပြဿနာများကို ဝိုင်ဝန်းဖြေရှင်းပေးခဲ့သည်။ တူရကီနိုင်ငံတွင်း ကိုယ်ပိုင် ရုပ်မြင်သံကြား တီဗွီရုံးများ၊ သတင်းဌာနများနှင့် ဘဏ်များပိုင်ဆိုင်ထားသည်။ အမေရိကန်နိုင်ငံရေးသမားများ နှင့် နီးစပ်သူဖြစ်ပြီး ဘီလ်ကလင်တန်သာသမ္မတဖြစ်လာခဲ့လျှင် တူရကီအပေါ် မည်သို့ ကိုင်တွယ်မည်ကို စိတ် ဝင်စားလျှက်ရှိသည်။ ဂိုလန်လှုပ်ရှားမှုများသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်နှင့် ချိတ်ဆက်ထားသည်။
international-feature
အမေရိကန်နိုင်ငံနှင့် အတိုက်အခံပါတီများသည် သောကြာနေ့အာဏာသိမ်းမှုကို မထောက်ခံကြချေ။ စစ်တပ်အာဏာသိမ်းသူများက “ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးတို့အတွက် အာဏာသိမ်းရပါသည်’’ ဟူသောပြောဆိုချက်သည် ဒီမိုကရေစီစံနှုန်းနှင့် လွဲချော်သော ပြောဆိုချက်ဖြစ်သည်။ ရွေးကောက်ပွဲရလာဒ်ကို ရွေးကောက်ပွဲရလာဒ်ဖြင့်သာ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။ အတိုက်အခံများက သမ္မတတစ်ဦးတည်း အာဏာကိုချုပ်ကိုင်ဖို့ ကြိုးစားလာခြင်းနှင့် လွန်ခဲ့သော (၅)နှစ်တာ ကာလအတွင်း တိုင်းပြည်တွင်းရှိ အင်စတီ ကျူးရှင်းများ၊ ပညာရေးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ( မကြာသေးခင်က ) နိုင်ငံတွင်းရှိ အဆင့်မြင့် တရားရုံး (၂) ခုကို စနစ်တကျထိမ်းချုပ်လိုက်ခြင်းတို့ကို ထောက်ပြကြသည်။ ထို့ကြောင့်လည်း ပြဌာန်းထား သော ဒီမိုကရေစီစနစ်သည် အလုပ်မဖြစ်တော့သည် အခြေအနေသို့ ရောက်သွားရသည်ဟု အနောက်တိုင်း သတင်းဌာနများက ရေးသားသည်။ တူရကီနိုင်ငံရေး လေ့လာသူများက ဂိုလန် သည် အစ္စလာမ်ရှရီယာဥပဒေကို ပြဌာန်းဖို့လုပ်နေသူဖြစ်ပြီး အနောက်နိုင်ငံက မွေးထားသူဖြစ်ကြောင်း၊ တူရကီစစ်တပ်မှာလည်း အမေရိကန်နှင့် နေတိုးစစ်အုပ်စု သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေကြောင်း၊ စစ်တပ်အာဏာသိမ်းမည်ဟူသော သတင်းသည် တစ်နှစ်ကျော်ကတည်းလာနိုင်ငံတွင်းပျံလွင့် လျှက်ရှိကြောင်း ပြင်ပ ပယောဂကြောင့် စစ်တပ်က ၊ အာဏာသိမ်း ခြင်းကို ပြည်သူအများ လက်မခံကြောင်း တဖက်တွင်အာဒိုဂန်ကိုနောက်အုပ်စုကြိုးကိုင်ချယ်လှယ်မှုမှ ဖေါက် ထွက်နေသူဟုလည်း ရှုမြင်ကြသည်။

ဤသို့ရှုပ်ထွေးနေသော အခြေအနေတွင် အာဒိုဂန်က အာဏာရှင်ဆန်နေသည့်တိုင် ပြင်ပ ပယောဂ ကြောင့် စစ်တပ်က အာဏာသိမ်းခြင်းဟူသော ခံစားချက်၊ မိမိရွေးကောက်တင်မြှောက်ထားသော အစိုးရကို အသက်စွန့်ကာကွယ်စောင့်ရှောက်ရမည်ဟူသော ခံစားချက်တို့ဖြင့် ပြည်သူလူထုသည် အင်နှင့် အားနှင့် ပါဝင် တားဆီးပိတ်ဆို့ကြခြင်း ဖြစ်သည်။ ဤတူရကီဖြစ်ရပ်က လူထု

ဆန္ဒမဲဖြင့် တက်လာသော အစိုးရတိုင်းသည် လူထုအားကိုရယူ၍ အသုံးချ ပိုင်ခွင့်ရှိကြောင်း၊ လူထုကလည်း မိမိတင်မြှောက်လိုက်သော အစိုးရကိုလူထုအားဖြင့် ကာကွယ်နိုင်စွမ်း ရှိ ကြောင်း စံနမူနာပြလိုက်ခြင်းဖြစ်သည်။ စစ်တပ် စစ်အာဏာသိမ်းမှုအပေါ် ဒီမိုကရေစီအစိုးရတစ်ရပ်က လူထု အားဖြင့် အနိုင်ယူလိုက်နိုင်ခြင်းသည်လည်း ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများအတွက်သော် ၎င်းအာဏာသိမ်းရန် ကြိုးပမ်းမည့် စစ်တမ်များအတွက် ၎င်းလူထုအားကို နားလည်လေးစားရန် စံနမူနာဖြစ်ပြန်သည်။ သို့သော်လည်း တဖက်တွင်ထည့်စဉ်းစားရန်ရှိနေပြန်သည်။ အာဏာသိမ်းမှု မအောင်မြင်ခြင်းမှာ စစ်တပ်ကိုယ်တိုင်က ညီညွှတ်မှု အားနည်းခြင်းကြောင်းလည် ဖြစ်သည်။ လူထု၏ မဟာစွမ်းအားကြောင့်ချည်းမဟုတ်ပါ။ ထို့ပြင် လူထုက အသက်စွန့်ကာကွယ်လိုက်သော အရပ်သား အစိုးရမှာ ရွေးကောက်ပွဲအာဏာရှင် အစိုးရဖြစ်နေသေးသည်။ ဆောင်းပါး၏ အစပိုင်းတွင်အာဒိုဂန်အစိုးရ၏အာဏာသိမ်းပွဲနောက်ပိုင်းတုန့်ပြန်အရေးယူချက်တို့ကို အသေးစိတ်ဖေါ်ပြပြီးဖြစ်သည်။ အစိုးရ၏ လုပ်ရပ်များကို လွန်လွန်ကျူးကျူး လုပ်ဆောင်ချက်အဖြစ် လူ့အခွင့် အရေးအုပ်စု (Amnesty International)နှင့် ဥရောပသမဂ္ဂတို့လာကန့်ကွက်ကြသည်။ ဝေဖန်သူများက ဒီမိုက ရေစီအရေးနိမ့်သွားပြီး အစိုးရက အောင်ပွဲ ဆင်သွားသည်ဟု ဆိုကြသည်။ အာဏာသိမ်းပွဲအတွင်း သေဆုံး သူများ၏ ဈာပနအခမ်းအနားတွင် သမ္မတမိန့်ခွန်းပြောကြားရာ မိန့်ခွန်းအပြီး၌ လူအုပ်ထဲမှ အာဏာသိမ်း သူများကို သေဒဏ်ပေးရန် ကျယ်လောင်စွာ တောင်းဆိုသံကြီးပေါ်ထွက်လာသည်။ (၂၀၀၄)ခုနှစ်တွင် သေဒဏ်အပစ်ပေးခြင်းကို တရားဝင်ဖယ်ရှားခဲ့ပြီး (၁၉၈၄) ခုနှစ်မှ စတင်၍ သေဒဏ်ပေးခြင်းမရှိခဲ့သော တူရကီနိုင်ငံ၌ အစိုးရက အတိုက်အခံ နှိပ်ကွပ်ရေးကို ဒီမိုကရေစီအာဏာအကွယ်ယူပြီး တုံးခုလိုခြင်းဟု သုံးသပ် ကြသည်။

တူရကီလူ့အဖွဲ့အစည်းအတွက် အာဏာသိမ်းမှု မအောင်မြင်ခြင်းသည် “ဆုပ်လည်း စူး – စားလည်းရူး” အခြေအနေဆိုက်သွားစေသည်။ တူရကီအစိုးရအားအာဏာရှင်ပိုဆန်လာစေအောင် အခွင့်အရေးပေးလိုက် သလို ဖြစ်နေခြင်းကြောင့် “ကိုယ့်လည်ပင်းကိုယ် ကိုယ်ကြိုးကွင်း စွပ်မိရက်သား ဖြစ်သွားနိုင်ပါတယ်’’ ဟု ဗြိတိန် နိုင်ငံတော်ဝင်ယူနိုက်တက် ပညာရေးဌာနမှ နိုင်ငံတကာရေးရာဒါရိုက်တာ ဂျိုနသန်အိုင်ယဲလ်က မှတ်ချက်ပြု ထားသည်။ တူရကီဝပ်နိုင်ငံရေးကို မြန်မာနိုင်ငံရေးနှင့် ချိန်ထိုးကြည့်လိုက်လျှင် မြန်မာနိုင်ငံ၌လည်း နိုင်ငံရေး ဦးဆောင်မှုအစဉ်အလာ အားကောင်းခဲ့သော တပ်မတော်တစ်ရပ်ရှိနေသည်ကို မေ့၍မရပါ။ တပ်မတော်က ဒီမို ကရေစီလမ်းကြောင်းမှ နောက်ပြန်လှည့်သွားမည်ကို စိုးတထိတ်ထိတ်ဖြစ်နေရသည်။ မကြာခင်က ကျင်းပပြီးစီး သွားသော မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အစည်းအဝေးကြီးကို “စိုးရိမ်မကင်း ဖြစ်ရသည်’’ ဟု တပ်မတော်သားအသံထွက်လိုက်သည်နှင့် အာလုံးက ပြာပြာသလဲဖြစ်ကုန်ကြသည်။ ဇူလိုင်လ (၁၂) ရက်တွင် ထုတ်ပြန်ပြဌာန်းလိုက်သော “အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်တွင် နိုင်ငံရေးသွေးထိုးလှုံဆော်မှုများနှင့် အထွေထွေဆန္ဒပြမှုအသွင်ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည်ဆန္ဒဖေါ်ထုတ်ချေဖျက်ရန်’’ ဟူသော အချက်တချက်ပါဝင်ပါသည်။ တူရကီဖြစ်ရပ်ကို သင်ခန်းစာ ယူချင်သူများအတွက် တစ်အပ်တစ်အားပင်ဖြစ်သည်။ သို့သောလည်း နိုင်ငံတစ်ခုနှင့် တစ်ခု နိုင်ငံရေး ရေးခံမြေခံမတူသလို ပြည်သူလူထု ပင်ကို သဘော သဘာဝလည်း ထပ်တူမဖြစ်နိုင်သည်ကို သတိပြုရပါမည် ဖြစ်သည်။ နှစ်နိုင်ငံစစ်တပ်၏ အစဉ်အလာနိုင်ငံရေး တွင် ပါဝင်ပုံပါဝင်နည်းကို ပုံတူကူး၍ မရနိုင်ပါ။ မိမိအခြေအနေကို မိမိပြန်အကဲဖြတ်ရာတွင် ထင်ယောင်မှားမှု များကို ရှောင်ရှားပြီး ပကတိရုပ်တရားကျကျ ဆုံးဖြတ်နိုင်ရမည်၊ ဆုံးဖြတ်ရဲရမည် ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော် မြန်မာနိုင်ငံစပ်အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို “ဆွေးနွေးညှိုနှိုင်း အဖြေ ကြပါ’’ဟု တွေ့ဆုံရန် တွေ့ဆုံနေရုံနှင့် စိတ်ချလိုက်၍ မရပါ။ အကျိုးစီးပွားအရ ဂုဏ်သိက္ခာအရ ကြည်ဖြူ နားလည်မှုရကြပြီး အလျှော့အတင်းစေ့စပ်သဘောတူညီလာသည့် ပဋိညာဉ်တစ်ရပ်ပေါ်ပေါက်လာရေးအထိ ဆက်လျောက်လှမ်းမှုသာအနာဂတ်ကို အေးအေးညောင်းညောင်းမျှော်လင့် ဝမ်းမြောက်နိုင်မည် ဖြစ်ပါသတည်း။

နိုင်အောင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.