သဘာဝကပေးတဲ့အရင်းအမြစ်များနဲ့ အောင်မြင်မှုအစပျိုးလာတဲ့ ဓမင်းဆိပ်ရေတံခွန်

0
9197

မိသားစုအတွက် ပိုင်ဆိုင်သည့်ရော်ဘာခြံအတွင်း ရေကူးရန် လျှောလမ်းလေးတစ်ခု စတင်လုပ်ကိုင်ရင်းဖြင့် ရေးမြို့နယ်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနဲ့ စည်ကားစပြုလာတာက ဓမင်းဆိပ်ရေတံခွန်ပါ။

ခြံအတွင်းရှိ သဘာဝအလျောက်တည်ရှိနေသည့် ရေတံခွန်မှရေကိုသိုလှောင်ကာ ကန်အဆင့်ဆင့်ပြုလုပ်ပြီး အပန်းဖြေရေကစားရာနေရာလေးတစ်ခုအဖြစ် ပုံဖော်နေတာက ရေးမြို့နယ် အစင်စံပြကျေးရွာက အသက် ၅၀ ကျော်အရွယ်ဦးသက်ဦးဖြစ်ပါတယ်။

သူ့ရဲ့စိတ်ကူးလေးနဲ့ အပန်းဖြေလည်ပတ်စရာ ရေကူးကန်လေးလုပ်ဖြစ်ပုံကို သူက ခုလို ပြောပြပါတယ်။

” ၂၀၁၆ အစလောက်မှာ ပထမဆုံးစိတ်ကူးဖြစ်တာက လူလာအောင်တော့မဟုတ်ဘူး။ မြေးလေးတွေလာလို့ရှိရင် ရေကူးဖို့ လျှောလမ်းလေးတစ်ခုလုပ်တယ်၊ ဘိလပ်မြေ ၁၃ အိတ်နဲ့ အနည်းအကျဉ်းစလုပ်ပြီးချိန်မှာ မိတ်ဆွေတွေ
လာကြတယ်။ မိတ်ဆွေရင်းတွေလာရင်းကနေ အဲဒီနှစ်မှာ တဖြည်းဖြည်း လူစည်ကားတဲ့နေရာလေးတစ်ခုဖြစ်လာပါ ” ဦးသက်ဦးက ပြောပါတယ်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ငွေကျပ် ၁၀ သိန်းဖြင့် ဝယ်ယူခဲ့သည့် သူ၏ခြံနေရာက သူ့ရဲ့စိတ်ကူးပုံဖော်ကောင်းမွန်မှုကြောင့် အားလပ်ရပ်တွေမှာ ရာနဲ့ချီတဲ့လည်ပတ်သူတွေလာနေရာမှ ယခုဆိုလျှင် အခါကြီးရက်ကြီးများမှာ လူဦးရေထောင်ချီ လာရောက်လည်ပတ်အပန်းဖြေနေကြပါပြီ။

” သူငယ်ချင်းတွေကလည်း ထပ်လုပ်ဖို့တွန်းအားပေးတယ်။ ရွာမှာ ဧည့်သည်လာလို့ရှိရင် အပန်းဖြေအနားယူလို့ရအောင်ဆိုပြီးတော့ပေါ့၊ အဲဒီတုန်းက သိပ်လည်းမလုပ်ချင်ဘူး၊ အသက်ကလည်း ကြီနေပြီဆိုပြီးတော့လေ၊ တွန်းအားတွေပေးတော့ လုပ်ဖြစ်သွားတာလဲပါတယ် ”

သူရဲ့ခြံက အစင်ကျေးရွာအုပ်စု၊ နယ်မြေ(၁၄)၊ ဝဲပွဲကွင်းမှာတည်ရှိပြီး ၆ ဧက ကျယ်ဝန်းပါတယ်။ ရေးမြို့ကနေ တစ်နာရီအတွင်းခရီးရှိပြီး အဘော်၊ အစင်နှင့် ဓမင်းဆိပ်ကျေးရွာတို့ကို ဖြတ်သန်းသွားရင်း သဘာဝရှုခင်းအလှအပများ၊ ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ငါးလုပ်ငန်းမြင်ကွင်းအစုံစုံ၊ တမျှော်တခေါ် ပင်လယ်ပြင်ကြီးကို လမ်းတလျှောက် တွေ့မြင်ရလို့ သွားရသူများအဖို့ အမှန်ပင် စိတ်လက်ကြည်သာပြီး ဗဟုသုတဖြစ်ဖွယ် ကောင်းလှပါတယ်။ သူ့ရဲ့အပန်းဖြေ
ရေတံခွန်နဲ့ ရေကူးကန်ထဲကိုဝင်မယ်ဆိုရင်တော့ တစ်နေကုန်မှ လူကြီးတစ်ယောက်ကို ၈၀၀ ကျပ်နဲ့ ကလေးတစ်ဦးကို ၅၀၀ ကျပ်ကောက်ခံတယ်လို့ သိရပါတယ်။ စားသောက်ဆိုင် 3 ဆိုင်ရှိပြီး အပန်းဖြေသူများအဆင်ပြေစေရေးအတွက် အခမဲ့ဖွင့်လှစ်ထားစေပါတယ်၊ ရှေ့ဆက် လုပ်ငန်းတိုးချဲ့ရန်အစီအစဉ်များရှိနေကြောင်း ဦးသက်ဦးက ပြောပါတယ်။

” အခါကြီးရက်ကြီးတွေဆိုရင် လူ ၁၅၀၀၊ ၂၀၀၀ လောက် လာရောက်လည်ပတ်ကြတယ်၊ ခု ဂီတာပုံသဏ္ဍာန်ရေတံခွန်ကရေနဲ့ ရေကန်၊ ရေပန်းလုပ်ထားတယ်၊ နောက်ပြီးတော့လဲ အဆင့်ဆင့် ရေကန်တွေလုပ်သွားဖို့ရှိတယ်။

မြန်မာနိုင်ငံပုံရေကန်တု့ိ၊ တယောပုံရေကန်တို့ပေါ့၊ ဒီခြံကိုလာဖို့ အောက်မှာက ခြံတစ်ခြံခံနေတယ်။ လမ်းတစ်ချောင်းစာအတွက် ဝယ်တောင်းဖို့ရှိပါတယ်။ နောက်ပြီးတော့ ကစားကွင်းတွေကိုလည်း လုပ်သွားမယ် ” လို့ သူက ပြောပါတယ်။


ရေတံခွန်အဆင့်ဆင့်အတိုင်း တောင်ပေါ်သို့တက်သွားပြီး ကြည့်ပါက ပတ်ဝန်းကျင်သဘာဝအလှများနှင့်ပင်လယ်ပြင်ကြီးကို ကောင်းမွန်စွာမြင်ရသည့်အတွက် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွားများက
နှစ်သက်သဘောကျကြတယ်လို့ သူက ဆိုပါတယ်။

” နိုင်ငံခြားသားတွေက တောင်ပေါ်မှာ ဘန်ဂလိုဆောက်ဖို့ အကြံပေးကြတယ်။ နောက်ပိုင်းလဲ အခြားနိုင်ငံကခရီးသည်တွေပါတည်းခိုနိုင်တဲ့အဆင့်အထိ ရည်ရွယ်ထားတယ်၊ ရေတံခွန်ကရေက နွေမှာမရတဲ့အတွက် အပေါ်ကလာတဲ့
ရေစပြီးအရင်းတည်တဲ့တောင်ပေါ်မှာ ရေလှောင်ပြီး တစ်နှစ်ပတ်လုံးရေဆင်းနိုင်အောင် ကြိုးစားမယ် ” လို့ ဦးသက်ဦးက ပြောပြပါတယ်။

ရေးမြို့နေ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ကိုဘုန်းမြတ်ဟန်က သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ကိုင်ပြီး ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိအောင် အကြံပေးချက်ကိုလည်း သူက
စိတ်ဝင်စားနေပါတယ်။

စလုပ်ခဲ့စဉ်က ကိုယ်တိုင်ကျောက်ထုကာ ယခုကဲ့သို့ အပန်းဖြေရေကူးကန်နေရာလေးတစ်ခုအဖြစ် ဖန်တီးခဲ့ပြီး အောင်မြင်မှုအသီးအပွင့်များ စတင်ခံစားနေရသလို သူ့ရဲ့ စိတ်ကူးပုံရိပ်တွေက သူ့ရဲ့အပြောအဆို အမူအယာမှာထင်ဟပ်နေ
ပါတယ်။ ပြန်ခါနီး မှတ်တမ်းဓါတ်ပုံရိုက်တော့ သူက သူဖန်တီးထားတဲ့ ရေတံခွန်နဘေးမှာ ရိုက်မယ်တဲ့။

သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ဗဟုသုတရှိဖွယ်ခရီးစဉ်တစ်ခုအဖြစ် ဓမင်းဆိပ်ရေတံခွန်ကို သွားရောက်လည်ပတ်ကြည့်ရှုကြဖို့ စာဖတ်သူတွေကို တိုက်တွန်းရင်းဖြင့် .

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.