ရွေးချယ်ရမည့် စိုက်ပျိုးရေးစနစ်

0
8623

အီးအမ်-5 (EM5)

ပင်မအီးအမ် ပြုလုပ်ပုံ၊ အဲဒီကနေ အီးအမ်အပြင်း ဖော်စပ်ပုံတွေကို ပြီးခဲ့တဲ့အပတ် သံလွင်တိုင်းမ်ဂျာနယ် အတွဲ (၅)၊ အမှတ် (၃၅) မှာ ဖော်ပြပြီးပါပြီ။ ဒီအပတ်မှာတော့ အီးအမ်အပြင်းကနေ အီးအမ်-5 ဖော်စပ်ပုံ၊ အသုံးပြုပုံနဲ့ အကျိုးအာနိသင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အီးအမ်အပြင်းကို မိမိတို့ မြို့နယ်မှာ ရှိတဲ့ အစိုးရစိုက်ပျိုးရေးဌာနနဲ့ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရပေမဲ့လည်း မြို့နယ်တိုင်းမှာတော့ မရနိုင်ပါဘူး။ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ အီးအမ်တွေဟာ သက်တမ်းလွန်တာတွေ၊ သယ်ယူလာစဉ်က အပူဒဏ်နဲ့ အခြားအကြောင်းတရားတစ်ခုခုကြောင့် အဏုဇီဝတွေ သေဆုံး အားနည်းသွားတာတွေ ရှိတတ်ပါတယ်။

စိတ်အချရဆုံးက ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပင်မအီးအမ်ကို ကိုယ်တိုင်လုပ်ယူပြီး၊ အဲဒီကနေ အီးအမ်အပြင်းကို ဖော်စပ်ယူတာပဲ ဖြစ်ပါတယ်။

ပင်မအီးအမ် ရဖို့ အမယ်တွေများ၊ အဆင့်တွေများတော့ စိုက်ပျိုးတဲ့သူ အများစုကတော့ အသင့်ဝယ်ယူကြတာ များပါတယ်။ လက်ရှိမှာ EM အပြင်း တစ်လီတာဆို သုံးထောင်ကျပ်ဝန်းကျင် ပေးရပါတယ်။

အီးအမ်အပြင်း ဝယ်ယူရာမှာ သတိထားရမယ့် အချက်များ

အီးအမ်အပြင်းကို ဝယ်ယူတဲ့အခါမှာ သတိထားရမယ့် အချက်တွေကို စိုက်ပျိုးရေးသုတေသီတွေက ဒီလိုအကြံပြုထားပါတယ်။

၁။ ဈေးကွက်မှာ နာမည်ရှိပြီး၊ အများထောက်ခံချက် ရရှိထားတဲ့ အမျိုးအစားကို ရွေးပြီး ဝယ်ပါ။
၂။ အညွှန်းတောင်းယူပြီး၊ သေသေချာချာမေးမြန်းပြီးမှ ဝယ်ပါ။

ကိုယ်တိုင်လုပ်ကိုင်ဖော်စပ်သူတွေ သိထားသင့်တဲ့ အချက်များ

ပင်မအီးအမ်ရဲ့ ကောင်းတဲ့လက္ခဏာများ

၁။ ပင်မအီးအမ်ရဲ့ အရောင်ဟာ ညိုဝါရောင်ဖျော့ဖျော့ ရှိပါတယ်။
၂။ နှစ်လိုဖွယ် သင်းရနံ့ ရှိပါတယ်။
၃။ ချိုချဉ်အရသာ ရှိပါတယ်။
၄။ PH မီတာ (မြေချဉ်ငံဓာတ်တိုင်းမီတာ) နဲ့ တိုင်းရင် PH ( ၃.၅) အောက်မှာ ရှိပါတယ်။

ပင်မအီးအမ်ရဲ့ မကောင်းတဲ့ လက္ခဏာများ

၁။ ညိုပုပ်ရောင် ပြောင်းနေမယ်။
၂။ ပျော်ရည်ရဲ့ မျက်နှာပြင်မှာ အမည်းရောင်အဖတ်တွေ ရှိနေမယ်။
၃။ အပုပ်နံ့ (ဒါမှမဟုတ်) တခြားထူးခြားတဲ့အနံ့တွေ ထွက်နေမယ်။
၄။ PH မီတာ (မြေချဉ်ငံဓာတ်တိုင်းမီတာ) နဲ့ တိုင်းရင် PH ( ၄.ဝ) အထက်ကို ကျော်နေမယ်။

အီးအမ်-5 ဖော်စပ်နည်း

လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ အီးအမ်အပြင်း ၁ လီတာ
၂။ သကာရည် (တင်လဲရည်) ၁ လီတာ
၃။ ရှာလကာရည် ၁ လီတာ
၄။ ရေသန့် ၆ လီတာ
၅။ ဝီစကီ (သို့) အရက်ဆီ ၁ လီတာ
၆။ အရစ်ဖုံးပါ ၅ ဂါလံဆန့်ပုံးသန့် ၁ လုံး
၆။ ကတော့ ၁ လုံး

၁၊ ၂၊ ၃၊ ၄ တို့ကို အရစ်ဖုံးပါ ပုံးထဲ ထည့်ပါ။ သမအောင် လှုပ်ခါပေးပြီးမှ ဝီစကီ (သို့) အရက်ဆီကို ထည့်ပါ။ (တခြားဘာမှ မထည့်ရသေခင် အီးအမ်အပြင်းကို ထည့်ပြီးတာနဲ့ အယ်လ်ကိုဟော ပြင်းအား ၆၀ ဒီဂရီရှိတဲ့ အရက်ဆီကို ထည့်လိုက်မယ်ဆိုရင် အီးအမ်မှာပါတဲ့ အနုဇီဝတွေ သေသွား၊ လောင်သွားနိုင်ပါတယ်။)
အားလုံးထည့်ပြီးရင် အရစ်ပါ အဖုံးကို ရစ်ဖုံးပါ။ အပူအအေး မျှတပြီး နေရောင် မထိတဲ့ အရိပ်အောက်မှာ ထားပါ။ တစ်ရက် နှစ်ကြိမ် အရစ်ဖုံးကို လျှော့ပြီး လေထုတ်ပေးပါ။ ၅ ရက် တစ်ပတ်လောက် ကြာရင် အသုံးပြုလို့ ရပါပြီ။
agriculture
အသုံးပြုပုံ
(ဆေးဖြန်းပုံးတစ်ပုံးစာ) ရေ ၄ ဂါလံမှာ အီးအမ် 5 (၂၅၀ စီစီ – တစ်လီတာရဲ့ လေးပုံတစ်ပုံ) ကို ရောထည့်၊ သမအောင်မွှေပြီး အပင်တွေ၊ အရွက်တွေ၊ အသီးတွေကို ဖြန်းနိုင်ပါတယ်။

အံ့မခန်း အီးအမ် 5 အစွမ်း

အီးအမ် 5 ဟာ သံချေးပေါက်၊ ရွက်လိပ်၊ ရွက်ထွင်း၊ ပျ၊ ဒက်လို့ခေါ်တဲ့ အကိုင်း၊ အသီး၊ အရွက်တွေမှာ ကပ်နေတဲ့မှိုတွေ၊ ရွက်စားပိုး၊ ကျိုင်း စတာတွေကို ကောင်းကောင်းနှိမ်နင်းနိုင်ပါတယ်။

အီးအမ် 5 ဟာ ပိုးသတ်ဆေး၊ မှိုသတ်ဆေး မဟုတ်တဲ့အတွက် ဓါတုပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေလို အခုဖြန်း၊ အခုသေတာ မဟုတ်ပါဘူး။ အပင်၊ အရွက်၊ အသီးတွေမှာ ကျနေပြီးတဲ့ အကျိုးမပြုတဲ့ ဖျက်ပိုး၊ ဖျက်မှိုတွေကို အကျိုးပြု အဏုဇီဝပိုးတွေ၊ မှိုတွေနဲ့ တိုက်ထုတ်ခြင်းသာ ဖြစ်ပါတယ်။ ဖျက်ပိုး၊ ရောဂါတွေ မကျရောက်အောင်လည်း ကာကွယ်ပေးပါတယ်။

အတွေ့အကြုံများအရ အီးအမ် 5 ဟာ သံပုရာပင်မှာ ကျတဲ့ အမည်းရောင်မှိုတွေ၊ ရွက်လိပ်ပိုးတွေ၊ ဒက်တွေကို ကောင်းကောင်းနိုင်တာ တွေ့ရပါတယ်။ နောက်ထပ် ပိုးတွေ၊ ရောဂါတွေ ထပ်မကျတောဘဲ၊ အရွက်တွေ စိမ်းစိုနေတာကိုလည်း မြင်ရပါတယ်။ အခြားအပင်တွေမှာလည်း အလားတူ အကျိုးရှိပါတယ်။

အီးအမ် 5 ကို ဖော်စပ်ပြီး ကောင်းကောင်းထားသိုမယ်ဆိုရင် ၃ လကနေ ၆ လထိ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် အီးအမ် 5 ကို မြေဆွေးလုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

အီးအမ် 5 ကို (တိုင်ကီတစ်လုံးစာ) ရေ (၅၀) ဂါလံမှာ အီးအမ် 5 (၃ လီတာ) နဲ့ သကာရည် (၃ လီတာ) ရောပြီး နွားချေး၊ ကြက်ချေး၊ ဝက်ချေးတွေမှာ ဖြန်းပေးမယ်ဆိုရင် ဆွေးမြေ့လွယ်စေပါတယ်။ ဒါ့အပြင် နွားချေး၊ ကြက်ချေး၊ ဝက်ချေးတွေမှာ ပါတဲ့ ပေါင်းမြက်စေ့တွေ၊ မြေအောင်ဖျက်ပိုးတွေ၊ မှိုတွေကို သေစေပြီး အကျိုးပြု အဏုဇီဝ မှိုနဲ့ ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေပါတယ်။

အီးအမ်အသုံးပြုခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်အချို့

၁။ အီးအမ်ဟာ ဓါတ်မြေသြဇာတွေလို၊ ဓါတုပိုးသတ်ဆေး မှိုသတ်ဆေးတွေလို ချက်ချင်းအစွမ်းပြတာ မဟုတ်ဘဲ၊ တဆင့်ချင်း တဆင့်ချင်း မြေဆီလွှာကို ကောင်းမွန်စေပါတယ်။ ပိုးမွှား ရောဂါတွေကို ဖယ်ရှားပေးပြီး၊ ထပ်မကျအောင် ကာကွယ်ပေးပါတယ်။ (လောဘဇောနဲ့ အကျိုးအမြတ်များများ အလျှင်အမြန် ရလိုပြီး လုပ်လို့မရပါဘူး။)

၂။ အီးအမ်ကို သတ်မှတ်နှုန်းထက် ပိုမိုသုံးစွဲလို့လည်း ဆိုးကျိုးပြဿနာ မဖြစ်စေနိုင်ပါဘူး။

၃။ အီးအမ်ဖြန်းတဲ့အခါမှာ အပင်၊ အကိုင်း၊ အခက်၊ အလက်၊ အရွက်နဲ့ ပင်ခြေမြေတွေကို ရွှဲအောင်ဖြန်းပေးသင့်ပါတယ်။ အပင်ရဲ့ အာဟာရစုပ်ယူတဲ့ အမြစ်တွေထိ ရောက်အောင် ဖြန်းပေးပါ။

၄။ အီးအမ်ကို နေပူထဲနဲ့ အပူချိန်ပြင်းတဲ့ အခန်းထဲမှာ မသယ်ရ မသိမ်းရ။ အီးအမ်ဟာ အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်အထက်မှာ အာနိသင်လျော့နည်းနို
င်၊ ပျက်ပြယ်သွားနိုင်ပါတယ်။

၅။ အီးအမ်ဖြန်းရင် နေမပူခင် မနက်ပိုင်း (ဒါမှမဟုတ်) ညနေပိုင်းမှာ ဖြန်းပါ။ မိုးရွာနေရင် မဖြန်းသင့်ပါ။

၆။ ရေသွင်းထားတဲ့ စိုက်ခင်းမှာ အီးအမ်ဖြန်းမယ်ဆိုရင် ဖြန်းပြီး ရေမထုတ်ရ။

၇။ အီးအမ်ဖော်စပ်တဲ့အခါ သန့်ရှင်းတဲ့ရေကိုပဲ သုံးပါ။ သန့်ရှင်းတဲ့ရေကို မရရင် ကြိုချက် အအေးခံပြီးမှ သုံးပါ။

၈။ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ဖြန်းထားရင် ဆေးဖြန်းပြီး တစ်ပတ်ကြာမှ အီးအမ်ကို ဖြန်းပါ။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ ရောမဖြန်းရ။

နောက်အပတ်မှာလည်း မြေဆွေးပြုလုပ်ပုံ နည်းအမျိုးမျိုးကို ဆက်လက်ဖော်ပြသွားပါ့မယ်။ ။

(နိုင်အာကာ လေ့လာစုစည်းတင်ပြသည်)

ကိုးကား
၁။ ပါမောက္ခ ဒေါက်တာမြင့်လွင် ၏ “အကျိုးပြု အဏုဇီဝ (အီးအမ်) နည်းပညာ”
၂။ ကိုဝေအောင် ၏ အီးအမ်နှင့် ပတ်သက်သည့် ဆောင်းပါးများ
၃။ ကိုယ်တိုင် ပြုလုပ် သုံးစွဲမှု အတွေ့အကြုံများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.