ပြည်သူ့ကြားမှာ သမိုင်းရှာ (၄)

0
7874

နိုင်စံဝင်း

(ယခင်အပတ်မှအဆက်)

ကျိုက္ကသာမြို့ဟောင်းအတွင်း မြို့ရိုးထောင့်တစ်နေရာကို စစ်ဆေး၍ ပြီးပါပြီ။ ယခုမြို့လယ် ဗဟို ချက်နေရာကိုသွားမည်။ ထိုနေရာမှာ ယခုကျိုက်ခနုံ ဘုရားကြီးတည်ရာဖြစ်၏။ ကြို့ပင်ကုန်းမှ ရွာလမ်းအတိုင်း တလုပ်ထော် အစုဘက်ကိုပြန်သွားရသည်။ ဘုရားကြီးကျောင်းတိုက်သို့ ဦးစွာရောက်ပြီး ကျောင်းနှင့် ကပ်လျက်

မြောက်ဘက်ခြမ်းမှာ ဘုရားကြီးရှိပါသည်။ အမြင့်၁၂ ပေ အလျားတစ်ဖက် ပေ၂၀၀ စီ စတုရန်းပုံကုန်းတော်ပေါ် ၌ ရှစ်မြှောင့်ပုံ တစ်ဖက်လျှင် ၄၅ ပေစီ အုတ်ဘိနပ်တော်ပေါ်တွင် စေတီပေါက်ထားသည်။ တစ်ဆူလုံး ဂဝံအုတ် စီ စေတီတော်ကြီးဖြစ်ပါသည်။ (ယခု အင်္ဂတေ အပြည့်ဖြင့် မွမ်းမံထားပြီ)။

မူလဂဝံထီးတော်ဟောင်းမှာမူ မြေခနေခဲ့သည်မှာ ကြာလောက်ပြီ။ တောင်ဘက် လှေကားရင်းတွင် တွေ့ရ၏။ (ယခုရင်ပြင်ပေါ် အရှေ့ဘက်လှေကားထိပ်မှာရှိသည်။) ဘုရားသမိုင်းဟူ၍ ထင်ရှားမရှိ။ ရှေးမြို့ ဟောင်းဗဟိုချက်မနေရာဖြစ်၍ စေတီကုန်းမှာ နန်းတော်ကုန်းဟောင်းဖြစ်နိုင်၏။ ဤအချက်ကို ထောက်ခံသော သက်သေမှာအတွင်းထပ် မြို့ရိုးများတည်ထားပုံနှင့် မြို့တွင်း ရေကန်ကြီးတည်ထားပုံတို့ဖြစ်၏။

ကောင်းကင်ဓါတ်ပုံပေါ်တွင် ကျိုက္ကသာမြို့ဟောင်းကို စစ်တောင်းမြစ်ဝအရှေ့ဘက်ကမ်းပေါ်၌ တွေ့ရ ၏။ ပုံသဏ္ဌာန်မှာ လူတစ်ယောက်၏ ဘယ်ဘက် ခြေဖဝါးပုံနှင့်ဆင်တူ၏။ အရှေ့ဘက်ထိပ်ဦးကားကားနှင့် အနောက်မှာ ရှူးပြီးလုံးသည်။ မြောက်ဘက်အပြင် မြို့ရိုးနှစ်ထပ်ပေါ်လွင်ထင်ရှားလျက်ရှိသည်။ တောင်ဘက် မြို့ရိုးများပျောက်ကွယ်လုနီးနီး မထင်ရှားတော့ပြီ။ အရွယ်အစားမှာ ရှေ့နောက် တစ်မိုင်ခွဲ တောင် မြောက် အကျယ်ဆုံးအပိုင်းမှာတစ်မိုင်ခန့်ရှိ၏။ ၆၈၀ ဧက ခန့်ကြီးသည်။ အတွင်းထပ်မြို့ရိုး ၇ ထပ် အဝန်းအဝိုင်းမှာ ဧက ၉၀ မြို့တွင်းရေကန်ကြီးအကျယ် ဧက ၄၀ ရှိ၍ မြို့တွင်းသားတို့ နေစရာ ဧက ၅၀၀ မျှကျန်မည်။

မြို့တည်ထားရာကုန်းမြေသည် ကျိုက်ထီးရိုးတောင်တန်းမှ ပင်လယ်ကမ်းသို့သွယ်တန်းထိုးဆင်းလာ သော ရေဝေကုန်းတန်းတစ်ခု၏ အစွန်းပိုင်းဖြစ်၏။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀ တွင်ရှိ၍ ဆူနာမီ ကဲ့သို့သော ပင်လယ်ရေလှိုင်းလုံးကို မစိုးရိမ်ရပေ။ ဂဝံမြေခံကုန်းဖြစ်၍ ရေချိုုရနိုင်၏။ ပတ်ဝန်းကျင်မှ ရေဝေကုန်း တန်းများအသီးပေါ်၌လည်း မြို့ဟောင်း ရွာဟောင်းကုန်းများ(စစ်တောင်းကော့ထင်း)ရှိကြသည်။

ဘုရားကြီးကိုဦးချပြီးနောက် မြို့ဟောင်းနယ်ပယ် အရပ်လေးပျက်နှာကိုလေ့လာရန် ပစ္စယာဆင့်များ ပေါ်သို့ တက်၍ ရှုုကြည့်ရသည်။ အရှေ့တောင်ဘက်၌ ရေကန်ကြီးကို ကျော်၍သစ်ပင်ထိပ်ဖျားကိုလွန်ပြီး

မလော့ခြောင်ရွာ ဘုရားတစ်ထောင်ကုန်းမှ ဘုရားကြီးနှစ်ဆူကိုမြင်ရသည်။ မြောက်ဘက်မှာ မုပ္ပလင်ဘုရား ကြီးအထိ။ အနောက်ဘက်မှာ မုတ္တမကွေ့ပင်လယ်ကိုမျက်စေ့တဆုံးမြင်ရသည် အရှေ့ဘက်တွင်မူ တောင်တန်း ကြီးကို နောက်ခံထားလျက် ရေဝေကန်တန်းများအကြိုအကြားမှ တောတန်းလေးများကိုမြင်ရပါသည်။ ဤ မြင် ကွင်းကိုငေးကြည်နေရင်း ဒီပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ရှေးခေတ်လူတို့ နေထိုင် လုပ်ကိုင်စားသောက်မှု၊ ရုံးကန် လှုပ်ရှားမှု အထွေထွေနှင့်တကွ ယဉ်ကျေးမှုအတိမ်အနက်ကိုပါ သိချင် မြင်ချင်စိတ်တဖွားဖွားပေါ်လာ၏။

ကျိုက်ခနုံဘုရားကြီးပေါ်မှ လှမ်း၍မြင်ရသောရေကန်ကြီးမှာ အင်းကလိန်ဟုခေါ်၏။ အင်္ဂလိပ်ကန်ဟု နားစွန်နားဖျား အချိုု့က ခေါ်ကြရေးကြ၏။ ဤရေကန်အနီးတွင် တပင်ရွှေထီးမင်းကံတော်ကုန်ခဲ့သည်ဟုရာဇဝင် တွင်ဖတ်ရ၏။ ရေကန်နှင့်ဆက်လျက် အရှေ့မြို့ရိုးကိုလှမ်းမြင်ရပါသည်။ ထိုနေရာအနီးတွင် မုဆိုးမဂူခေါ် ဂဝံ

ကျောက်ထွင်းခံတပ်တစ်ခုရှိပါသည်။ ယခု အရှေ့မြို့ရိုးအထိ လမ်းလျှောက်သွားကြမည်ဟု စိတ်ဆုံးဖြတ်ပြီး ဘုရားကြီးပေါ်မှ အရှေ့လှေကားအတိုင်းဆင်းလာခဲ့ကြ၏။ ခရီးကားတစ်မိုင်ခန့်ရှိမည်။ မြေပြန့်သို့ရောက်လျှင် လှည်းလမ်းကြောင်း အတိုင်း လိုက်ရ၏။ သစ်ပင်ဝါးပင်များအုပ်ဆိုင်းလျှက် လှည်းလမ်းကြောင်းမှာ ရေကန်ကြီး သို့ မိုးရေများစီးဆင်းသော မြောင်းကြီး Rain gully တစ်ခုလည်းဖြစ်သည်။ မြေပြင်သည် အရှေ့ဘက်သို့တဖြည်း ဖြည်း နိမ့်ဆင်းသွားလျက် ရေကန်စပ်သို့ရောက်သည်။ လမ်းဘေး (မြောင်း)နှစ်ဘက်တွင် လူနှစ်ရပ်ခန့် အမြင့် ကမ်းပါးယံကြီး ဖြစ်လျက်ရှိ၏။ ထိုကမ်းပါး အဆုံးတွင် လှည်းလမ်းသည် အရှေ့ဘက် မြို့ပြင်ဘက်သို့ ထွက် သော ရွာလမ်းနှင့် ပေါင်းမိသည်။ ဤလှည်းလမ်းကြောင်းသည် မြို့ဟောင်းသမိုင်းအတွက် အဓိက သော့ချက် နေရာ တစ်ခုပင်ဖြစ်ပါသည်။

ဤနေရာသည်ကား ကျိုက်ခနုံ ဘုရားကြီးတည်ရာမြို့ဗဟိုချက်မ ရှေးဟောင်းနန်းတော်ကုန်းကို မြို့ရိုး များအထပ်ထပ် ဝန်းရံနေကြောင်း သက်သေထူ ပြသနိုင်သည့်နေရာဖြစ်၏။ အတွင်းထပ် မြို့ရိုး(၇)ထပ် ကျုံး ခုနစ်ထပ်စလုံးကို လက်ချိုး၍ ရေတွက်နိုင်သောနေရာဖြစ်ပါသည်။ မြို့ရိုးနှင့် ကျုံးထပ်တို့ကို မြေတောင်တစ်ထပ် ချိုုင့်ကျင်းတစ်ထပ်စသည်ဖြင့် တစ်ကန့်ပြီး တစ်ကန့်တွေ့နိုင်၏။ လှည်းလမ်းသည် မြို့ဟောင်း၏ မြို့ရိုးနှင့် ကျုံး ထပ်တို့ကို နှစ်ပေါင်းများစွာ လှည်းဘီးရာနင်းလျက်သွားခဲ့ပြီး လမ်းမှာလည်း တစ်ရွေ့ရွေ့နိမ့်ဆင်းသွားခဲ့သည်။ မိုးရေကလည်းတိုက်စားသွားခဲ့သည်။ သို့ဖြစ်၍ လှည်းလမ်းမှာမြောင်းကြီး ဖြစ်သွားတော့၏။ ထိုဖြစ်စဉ်အရ လှည်းလမ်းကမ်းပါးယံတွင် မြေအနိမ့် အမြင့် ဖြတ်ပိုင်းပုံ ပေါ်လာသည်။ အမြင့်မှာ မြို့ရိုး အနိမ့်မှာ ကျုံးဖြစ်သည်။ သို့ဖြစ်၍ သုတေသီများ မတူးမဖော်ရပဲ သူ့နဂိုအတိုင်း မြေလွှာဖြတ်ပိုင်းပုံ Soil Profile Section ကို တွေ့ရပေ သည်။

ဤလှည်းလမ်းမြောင်းချိုုင့်တွင် အရှေ့ဘက် အတွင်းမြို့ရိုးအထပ် အမှတ် ၁ မှ အမှတ် ၄ အထိ ရေ တွက်နိုင်သည် ။ မြို့ရိုးတစ်ကန့် ကျုံးတစ်ကန့် အလီလီ အမြင့်နှင့် အနိမ့် တဖြည်းဖြည်း နိမ့်လျှက် ရေကန် ဘက်သို့ ရောက်သည်။ ကျန်သောမြို့ရိုးနှင့် ကျုံး သုံးထပ်တို့မှာ ရွာလမ်း၏အရှေ့၌ ရှိပါသည်။ ၎င်း အရှေ့ဘက် မြို့ရိုးအမှတ် ၅ ၆ နှင့် ၇ တို့မှာ ရွာမြေအဖြစ်သို့ ပြောင်းနေပြီ။

ကျိုက္ကသာမြို့ဟောင်းတွင် ဤကဲ့သို့ အတွင်းထပ်မြို့ရိုး ၇ ထပ် အရေအတွက်များများ စီမံထားသည်မှာ ထူးခြားမှုတစ်ခုဟုဆိုရမည်။ အပြင်မြို့ရိုးမှာလည်း ၂ ထပ် ရှိသေးသည်။ လုံခြုံရေးအတွက်ပေလား ယုံကြည်မှု ကြောင့်လား ဘာအကြောင့်လဲဟု မေးစရာရှိ၏။ အမေးကားလွယ်၏ အဖြေကားခက်၏။ မွန်ရာဇဝင်၌မူ သိကြား မင်းက လုလင်တစ်ယောက်ကို မြို့ခုနှစ်ထပ် ကျုံးခုနစ်ထပ်နှင့် တည်ထောင်ဖန်ဆင်းပေးလေ၏ဟု ဖတ်ရသည်။ ထိုလုလင်ကို ရသေ့နှစ်ပါးကမွေးစားပြီး ရုပ်ရည်အဆင်းကောင်းသူ သီလစောင့်သူဖြစ်ကြောင်းဖော်ပြ၏။ သို့ဆို လျှင် ပုံပြင်ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဟုဆိုစရာဖြစ်လာ၏။ ယခုလိုမြေပြင်၌ အထင်အရှား တွေ့နေရကြောင်း ကို ကြည့်ရှု့ခြင်း၊ စစ်ဆေးခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ သုတေသနပြုခြင်း ယခုအထိ မရှိသေးပေ။ (၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ကျိုက္ကသာတူးဖော်မှု စတင်သည့်အခါ ဆရာမင်းဘူး ဦးအောင်ကြိုင်ကျိုက္ကသာကိုရောက်လာပြီး အတွင်းမြို့ရိုးများ အထပ်ထပ်ရှိကြောင်းကို မျက်မြင်ကိုယ်တွေ့သိခဲ့ပါသည်။ မြို့ရိုး ၇ ထပ်ကိုလည်း ကွင်းဆင်း စစ်ဆေးပြီး မြေပုံတစ်ခုထုတ်ခဲ့ပါသည်။ ၂၀၀၀ပြည့်နှစ်တွင်လည်း သစ်တောမင်းကြီးဦးအောင်မြင့်နှင့်

တက္ကသိုလ်များ သမိုင်းသုတေသန ကွင်းဆင်းအဖွဲ့ ကျိုက္ကသာသို့ရောက်၍ ၎င်းအတွင်းထပ်မြို့ရိုးများအား စစ်ဆေးတိုင်းတာခဲ့ကြပါသည်။)

မုဆိုးမဂူသို့ သွားရန်မှာ ကော့စံရွာထဲမှထွက်လာသော လှည်းလမ်းအတိုင်းလိုက်သွားရုံသာဖြစ်၏။ သိပ်မခက်ပေ။ သို့သော် လမ်းတစ်လျှောက်တွင် အချိန်ပေး၍ ကြည့်ရှု လေ့လာစရာများရှိပါသည်။ ဘုရား ဟောင်းကုန်း အမည်မသိအုတ်ကုန်းတွေရှိ၏။ အထူးသဖြင့် ဂဝံကျောက်အုတ်ချပ်များ တူးဖော်သည့် ကျောက် ကျင်းများစွာရှိ၏။ ၎င်းတို့ကို အချိန်ပေး၍ ကြည့််ရှု့ရန် လိုအပ်၏။ ဤနေရာတွင် လူနေအိမ်ခြေလည်းမရှိ။ စိုက်ခင်းနှင့် တောခြုံများသာရှိသည်။ ရံခါ မြေဝပ်ငှက် တစ်တီဒူးငှက်တို့ ယုန်တို့ပင် ထွက်လာလေ့ရှိ၏။

ဤတွင် ဂဝံကျောက်ထုတ်လုပ်ရာကျောက်ကျင်း အကြောင်းကိုတင်ပြလိုပါသည်။ ကျိုုက်ကသာမှာ ဂဝံ ကုန်းပေါ်၌ရှိ၍ ဂဝံကျောက်ထွက်ပါသည်။ ကျေက်နှစ်မျိုးနှစ်စားထွက်၏။ တစ်မျိုးမှာ ညိုရင့်ရင့်အရောင်ရှိသော လမ်းခင်းဂဝံမျိုးဖြစ်သည်။ ကျန်တစ်မျိုးမှာ လောလောဆယ်တူးဖော်ရသော အဆောက်အဦသုံး ဂဝံအုတ်ချပ် များဖြစ်၏။ နှစ်မျိုးစလုံးကို ပြင်ပသို့ တင်ပို့သည်။ အထူးသဖြင့် အောက်ကွင်းရွာ ပဲခူး သနပ်ပင်မြို့နယ် စစ် တောင်းအနောက်ကမ်းဒေသသို့ လှေများဖြင့်တင်ပို့ရ၏။ ကျိုက်က္ကသာမြို့ဟောင်း မြောက်ဘက်ရှိ ခလွန်ချောင်း မှာ အနောက်ဘက်ကမ်းသားတို့ လှေဆိပ်ရှိသည်။ ထိုလှေဆိပ်တွင် ဂဝံအုတ်များကိုတင်၍ သယ်ယူပြီးမိမိမြို့ရွာ ရေနက်ကွင်းရွှံ့နွံဗွက်ထသည့်နေရာများ၌ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ရေတွင်းပေါင်ခွေခြင်းတို့၌ သုံးကြ ပါသည်။ ကျိုက်က္ကသာဘူတာမှ တစ်ဆင့် မီးရထားကျောက်တွဲများဖြင့် ပဲခူးဘူတာသို့ တင်၍ လမ်းခင်းကျောက် အဖြစ်လည်း ဖြန့်ဖြူးရောင်းချရ၏။ လမ်းကန်ထရိုက်တာများက ဝယ်ယူကြသည်။ ဗြိတိသျှကိုနီခေတ်မှစ၍ ယနေ့ ခေတ်တိုင်အောင်ပင် လမ်းခင်းရန် ဂဝံကျောက်များကို ကျိုက်က္ကသာမှ အမြောက်အများထုတ်ယူခဲ့ကြသည်။ မြို့ ဟောင်းခေတ်က ဂဝံဟောင်းအုတ်ဟောင်းများပမာဏ မည်မျှလမ်းခင်းသွားကြောင်းကိုမူ စေ့စေ့စပ်စပ် သိသူ ရှားပါသည်။

ကျောက်ကျင်းတူးဖော်ပုံမှာ ရှေးဟောင်းသုတေကန တူးနည်းနှင့် ခပ်ဆင်ဆင်တူပါသည်။ လေးထောင့် ကျင်းကွက်ဖော်ပြီး အနက်နှိုက်တူးရပါသည်။ ရှေးဟောင်းသုတေကနအလို့ငှာတူးလျှင် အပေါ်ယံမြေလွှာနှင့် ဂဝံမြေလွှာတို့ အကြားရှိ ယဉ်ကျေးမှုမြေလွှာကိုတူးမည်။ ဂဝံမြေလွှာကို ဆက်တူးမည်မဟုတ်။ ဂဝံအုတ်ခုတ် သူကမူ အပေါ်မြေကို တမင်တကာဖယ်ပြီးမှ ဂဝံခုတ်ရန်မြေလွှာကို ရရှိပေမည်။ ကျင်းမှာ အလျား အနံ ၁၀ ပေ ၁၅ ပေခန့်ကျယ်မည်။ ဂဝံအုတ်ပုံစံ ခုတ်ရမည့်မြေမှာ အပေါ်ကျော၌မရှိ။ ၄ ပေ ၅ ပေ ခန့်စေးထန့်ထန့်မြေ၌ ရှိ သည်။ ထို့ကြောင့် အပေါ်မြေကို ဦးစွာဖယ်ရှားရ၏။ ၎င်းအပေါ်မြေသည် အုတ်သမားအတွက်အသုံး မတည့် သော်လည်း သုတေသီအတွက်မူ အသုံးတည့်လှပါသည်။ ထိုပေါ်မြေညိုညို အရောင်အဆင်းမှာ လူနေမှု အထောက်အထား ယဉ်ကျေးမှု မြေလွှာပင်ဖြစ်၏။ ကျောက်သမားဖယ်ထုတ်လိုက်သည့် မြေမှအိုးကွဲများ မြေ ပုတီး၊ ကျောက်ပုတီးဖန်ပုတီးစေ့များ၊ သံမယ်န၊ ကြေးခွက်၊ ကျောက်ခွက်စသဖြင့် လူလုပ်ပစ္စည်းများစွာပါ၏။ ကျောက်ကျင်းနံဘေးမှစွန့်ပြစ်မြေပုံများကို ယခုလိုမိုးကျချိန်မှာ သွားကြည့်လျှင် ဤကဲ့သို့ ရှေးဟောင်းဝတ္ထု Artefacts များကို ကောက်ယူစုဆောင်းနိုင်ပေသည်။ ဤအလုပ်မျိုးကို အချိန်ပေး၍ လုပ်စရာရှိပါသည်။ လောလောဆယ်တွင် အရှေ့မြို့ရိုးဆီမရောက်မီလမ်းဘယ်ဖက်မှ ဆင်ကျုံုးနေရာကို ဝင်ကြည့်လိုက်ဦးမည်။

ဆင်ကျုံးသည် လှည်းလမ်းဘေးမှာပင်ရှိသော်လည်း အတော်ရှာရခက်ပါသည်။ ခြံနွယ်များထူပြီးပိတ်ဖုံးနေသဖြင့် သုံးယောက်သားလူဖြန့်၍ရှာရ၏။ ဆရာကြီးများနှင့် ရောက်ခဲ့စဉ်က မုဆိုးမဂူကိုရောက်ပြီးအပြန်လမ်းမှာ ဆင် ကျုံးကိုလည်း ကြည့်ခဲ့ရပါသည်။ ဟော တွေ့ပါပြီ။ မြေကျင်းနက်နက် တွင်းကြီးဖြစ်၏။ ကျင်းနှုတ်ခမ်းမှာ ခြုံနွယ် များပတ်လည်ရှိ၍ ဖယ်ရှားပြီး ချောင်းကြည့်ရ၏။ ကျင်းမှာ အရှေ့ဘက်ကခပ်တိမ်တိမ်နှင့် အနောက်ဖက်မှာမူ အတော်နက်၏။ ထောင်ချောက်တစ်ခုပင်ဖြစ်သည်။ တွင်းထဲကျပြီးလျှင် တက်ဖို့မလွယ်အောင်စီမံထားပုံရ၏။

ရှေးက ကျိုက်က္ကသာမြို့ပျက်ကြီးမှာ ဆင်အုပ်ကြီးများ ကျက်စားရာနေရာဖြစ်မည်လားဟု ခန့်မှန်းရ၏။ ဘုရင်များ တောကစားထွက်ရာ ဆင်ကျော့ရာအရပ်လည်းဖြစ်မည်ထင်ပါသည်။
logo-osx
(ရှေ့တစ်ပတ်ဆက်ပါအုံးမည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.