ထိုင်းဘုရင်နတ်ရွာစံခဲ့ပြီ။ နောက်ထပ်နတ်ရွာစံမှာက ထိုင်းဘုရင်စနစ်လား။

0
9533

ထဝ်

ဆီဘတ်စ်တီယန် အက်စ် စထရန်ဂျီယို (ဖော်ရိန်းပေါ်လစီ)

ထိုင်းဘုရင်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး နှစ်ရက်ကြာလောက် ကောလဟလတွေ ပျံ့နှံ့နေပြီးတဲ့ နောက် ကြာသပတေးနေ့ညနေမှာ ထိုင်းတော်ဝင်နန်းတော်က အတည်ပြုချက်ထွက်လာပါတယ်။ နိုင်ငံရေး လှိုင်းလေတွေကြားထဲ ညီညွတ်မှုရဲ့ပြယုဂ်အဖြစ် နှစ်ပေါင်း ၇၀ လောက် ပါဝင်ပတ်သက်ပြီးတဲ့နောက်မှာ ဘုရင် ကြီး ဘူမိဘောလ် အဒူလ်ယာဒက်ဂျ်ဟာ သက်တော် ၈၈ နှစ်မှာ ဘန်ကောက်မြို့မှာ ငြိမ်း ချမ်းစွာကွယ်လွန်သွား ခဲ့ပါတယ်။ တော်ဝင်နန်းတော်ရဲ့ပြောဆိုချက်အရ ကမ္ဘာ့နန်းသက်အရှည်ကြာဆုံးဘုရင်ကြီးဟာ နှစ်ပေါင်းများစွာ ကျန်းမာရေးချွတ်ယွင်းမှုခံစားခဲ့ရပြီးနောက် ညနေခင်း ၃ နာရီ ၅၂ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘာရောဂါ နဲ့သေဆုံးခဲ့တယ်ဆိုတာကတော့ သေချာမသိရသေးပါဘူး။ လတ်တလောရက်တွေမှာ ဘုရင်ကြီးရဲ့ ကျန်းမာရေး ချွတ်ယွင်းလာနေတယ်လို့ သတင်းတွေပျံ့နေခဲ့ပေမယ့်လဲ ထိုင်းသတင်းတွေ မှာတော့ ဘုရင်ကြီးအတွက် ဆုတောင်းမေတ္တာပို့သတာတွေနဲ့ မသေခြာမရေရာမှုတွေက ဖြစ်ပျက်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံသားအများစု အတွက်ကတော့ ပိုမိုဝေးကွာလာနေတဲ့ နိုင်ငံရေးကွဲပြားမှုတွေ၊ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ လူထုဆန္ဒပြမှုတွေ အကြားမှာ ဘုရင်ကြီးဘူမိဘောလ်ကိုသာ တစ်ဦးတည်းသော ဘုရင်ကြီးအဖြစ် သိကြတာဖြစ်ပါတယ်။ အချို့ တွေအတွက်ဆိုရင် ဘုရင်ကြီးဟာ ဘာသာရေးဆန်ဆန်ကို အပြင်းအထန်လေးစားကြပါတယ်။ ပျော်ရွှင်နေတဲ့ သူ့ရဲ့ရုပ်ပုံတွေကို အိမ်နံရံပေါ်တွေကနေစပြီး စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရအဆောက်အဦးတွေအဆုံး နိုင်ငံနဲ့ အဝှမ်းချိတ်ဆွဲထားကြပါတယ်။

ဘုရင်ကြီးသေဆုံးကြောင်း ကြသပတေးနေ့ညနေက ကြေငြာလိုက်ချိန်မှာ လူထုဟာ ရွှေနန်းတော်နဲ့ ဆက်စပ်တဲ့ အဝါနဲ့ ပန်းရောင်အဝတ် အစားတွေဝတ်ပြီး သီရီရာဇ်ဆေးရုံရှေ့မှာ စုရုံးခဲ့ကြပါတယ်။ တစ်ချို့တွေ က ဘုရင်ကြီးရဲ့ပုံကိုကိုင်ထားပြီး ငိုကြွေးနေကြပါတယ်။ တစ်ချို့ကလဲ ဘုရင်ဘုန်းတော်ဘွဲ့သီချင်းတွေကို သံစဉ်မညီမညာဆိုနေကြပါတယ်။ လူမှုမီဒီယာတွေပေါ်မှာတော့ “ဘုရင်ကြီးသက်တော်ရာကျော် ရှည်ပါစေ” ဆိုပြီး ဟက်ရှ်တက် (#) နဲ့တွဲပြီး ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရဓါတ်ပုံတွေတင်ခဲ့ကြပါတယ်။

ရုပ်သံထုတ်လွှင့်မှုတစ်ခုမှာ ၂၀၁၄ မေလတုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဘုရင်ကြီးရဲ့ဈာပနအခမ်းအနားကို တစ်နှစ်ကြာဆင်ယင်ကျင်းပသွားမှာဖြစ်ပြီး တစ်လ ကြာမယ့် အသုဘအလမ်းအနားကို ကျင်းပသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘုရင့်အရိုက်အရာကိုလဲ မျှော်မှန်း ထားတဲ့အတိုင်း အိမ်ရှေ့စံမင်းသား မဟာဝဇီရာလောင်ကွန်က ဆက်ခံသွားမှာ ဖြစ်ပေမယ်လို့ ပြည်သူတွေနဲ့ အတူ ဝမ်းနည်းပူဆွေးကြောင်းပြသလိုတဲ့အတွက် ချက်ကရီမင်းဆက်ရဲ့ ဆယ်ဆက်မြောက်မင်းအဖြစ် နန်း တက်ဖို့ တစ်လလောက် အချိန်ယူလိုတယ်ပြောကြားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ကြံ့ကြံ့ခံတဲ့စိတ်ဓါတ်နဲ့ နှစ်ပေါင်း ၇၀ လောက် နန်းစံခဲ့တဲ့ ထိုင်းဘုရင်ဘူမိဘောလ်ဟာ သူ့နန်းစံကာလ အတွင်း တစ်ချိန်တုန်းက ဆီယမ်လို့ ခေါ်တဲ့ ကျေးလက်ဘုရင့်နိုင်ငံတော်ကို ဒေသတွင်းစီးပွားရေးအင်အားရှိတဲ့ ခေတ်သစ်အမျိုးသားနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ပြောင်းလဲခဲ့ပါတယ်။

ဆင်စွယ်ရိုးတပ်မျက်မှန်ကိုင်းဝတ်ဆင်ထားပြီး ဘာသိဘာသာဖြင့် ရှက်တတ်သလိုနေပြီး စကားနည်းတဲ့ ဘုရင်ကြီးဟာ ၁၉၂၇ ခုနှစ်မှာ မက်ဆာချူးဆက်က ကင်းမ်ဘရစ်ချ်မှာ သူ့ဖခင်ကြီးက ဟားဗတ်ဆေးကျောင်း မှာကျောင်းတက်နေတုန်းက မွေးဖွားခဲ့ပါတယ်။ မင်းသားငယ်လေးဟာ သူ့ရဲ့ငယ်ရွယ်စဉ်ချိန်ခါအများစုကို ပြည်ပ မှာသာ ကုန်ဆုံးခဲ့ပါတယ်။ ခုထိ မဝေခွဲနိုင်သေးတဲ့ သူ့အစ်ကိုယ်ဖြစ်သူ ဘုရင်ကြီး အာနန္ဒမဟီဒေါလ် သေနတ်နဲ့ အပစ်သတ်ခံရပြီးနောက် ၁၉၄၆ မှာမှ သူဟာ ရာဇပုလ္လင်ပေါ်ကို မိုးပေါ်ကကျသလို ရုတ်တရက်ရောက်လာတာ ဖြစ်ပါတယ်။

အုပ်ချုပ်သူဘုရင်အဖြစ်အစောပိုင်းကာလတွေမှာ သူ့ရဲ့အချိန်တွေကို တော်ဝင်တာဝန်ထမ်းဆောင်ချိန်နဲ့ ဓါတ်ပုံရိုက်တာ၊ ဂျတ်ဇ်ဂီတ တီးခတ်တာမျိုးလို သူ့ရဲ့ဝါသနာပါတာတွေလုပ်ဖို့အတွက် နှစ်ချိန်ခွဲထားပါတယ်။ နောက်ပိုင်း တည်ငြိမ်မှုရှိလာတဲ့အခါမှသာ နိုင်ငံရေး ကျပ်တည်းမှုသံသရာအကြား တည်ငြိမ်စွာရပ်တည်ခဲ့တာ တွေကို မြင်တွေ့ခဲ့ကြတာပါ။ ၁၉၃၂ ခုနှစ်ကစပြီး လူဦးရေ ၆၇ သန်းရှိတဲ့ ထိုင်းနိုင်ငံဟာ စစ်တပ်အာဏာသိမ်းမှု ပေါင်း ၁၉ ကြိမ်ကြုံတွေ့ခဲ့ကြရပါတယ်။ ဘုရင်ကြီးသြဇာအာဏာဟာ ၁၉၇၃ ခု အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဌာနွမ်ကိတ္တိကချွန်ကို စတင်ဆန့်ကျင် ဆန္ဒပြတဲ့ကျောင်းသား ၁၃ ယောက် ကနေတစ်ဆင့် လူထုဆန္ဒပြမှုအဖြစ်ကူးပြောင်းသွားတဲ့ နိုင်ငံရေးအဓိကရုဏ်းမှာမှ ပိုပြီးမြင့်တက်လာပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက ကျောင်းသားတွေ ကို ပစ်ခတ်တာတွေလုပ်ခဲ့ပြီး လူအယောက် ၇၀ လောက်သေဆုံး ချိန်မှာ ဘုရင်ဘူမိဘောလ်နဲ့ တော်ဝင်မိသားစုတွေဟာ ကြားဝင်ဖြန်ဖြေမှုတွေဝင်လုပ်ခဲ့ပြီး ဆန္ဒပြသူတွေကို ထောက်ခံကြောင်းပြသခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အာဏာကိုလက်လွှတ်ခဲ့ရပြီး အာဏာသိမ်း ဗိုလ်ချုပ်ဌာနွမ်ဟာ တိုင်းပြည်ထဲကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒီအဖြစ်အပျက်က အဲ့တုန်းက အသက် ၄၅ နှစ်အရွယ်ဘုရင်ကြီးရဲ့ ထင်ပေါ်ကျော်ကြားမှုကို အမြင့်ဆုံး ရောက်အောင် တွန်းပို့ခဲ့တယ်ဆိုရင် အဲ့ဒီအဖြစ်အပျက်ကပဲ ထိုင်းနိုင်ငံရဲ့ ကွဲပြားနေတဲ့ နိုင်ငံရေးလောကအတွင်း မှာ သူ့ရဲ့အခန်းကဏ္ဍနဲ့နေရာဟာ ဘာလဲဆိုတာကိုလဲ မသေမခြာ မရေမရာဖြစ်စေခဲ့တယ်လို့ ဖော်ပြရာရောက်ပါ တယ်။ သူဟာ ထိုင်းနိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်တာမျိုးလဲမဟုတ်သလို လုံးလုံးကင်းကင်း ရှင်းရှင်းနေတာမျိုးလဲ မဟုတ်ပါဘူး။ အဲ့ဒီအောက်တိုဘာအရေးအခင်းတုန်းက အဖြစ်အပျက်ကို သတင်းရေးသားဖော်ပြခဲ့တဲ့ နယူး ယောက် တိုင်းမ်သတင်းစာက “ဘုရင်ကြီးဘူမိဘောလ်ဟာ အစိုးရတစ်ရပ်လိုအုပ်ချုပ်တာထက် လျော့နည်း သော်လဲ ဘုရင်တစ်ယောက်စိုးမိုးမှု ထက်တော့ပိုတယ်” လို့ဖော်ပြခဲ့ပါတယ်။ ဘုရင်ကြီးကိုထောက်ခံသူတွေက ဘုရင်ကြီးဟာ တိုင်းသူပြည်သားများရဲ့ကောင်းကြိုးအတွက် အုပ်ချုပ်တဲ့ အဖအရာနေသူတစ်ဦးအဖြစ် စီမံခဲ့တာ လို့ ငြင်းချက်ပေးကြပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအားလုံးကလည်း ဖွင့်ပြောစရာမလိုတဲ့ ဘုရင် ကြီးရဲ့ထောက်ခံအတည်ပြုမှုကို ရယူကျေနပ်နေခဲ့ကြပါတယ်။

သူ့ဘဝရဲ့နေဝင်ချိန်တွေမှာ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးဟာလဲ လက္ခပေါင်းစုံပေါင်းဆုံနေချိန်ဖြစ်နေပါတယ်။ ထိုင်းဘုရင်ကြီးဟာ တစ်သီးတစ်ခြား နေထိုင်လာခဲ့ပြီး သီးခြားဖယ်ထွက်နေထိုင်မှုပုံစံမျိုးဖြစ်လာပါတယ်။ ကျန်း မာရေးအားနည်းနေခဲ့ပါတယ်။ ဘုရင်ကြီးနဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုမှုမှန်သမ ျှ တင်းကျပ်တဲ့ဥပဒေနဲ့ ထုပ် ပိုးကာကွယ်ထားခဲ့ပါတယ်။ သူ့ရဲ့နတ်ရွာစံကံကုန်မှုဟာ နိုင်ငံရေးအရ အထိပါးမခံနိုင်လောက် အောင် ကွဲ အက်နေတဲ့နိုင်ငံအပေါ်အကျိုးသက်ရောက်မှုဘယ်လိုရှိလာမလဲဆိုတဲ့ ဝေဖန်သုံးသပ်မှုမျိုးကိုတောင် ပိတ်ပင် ထားခဲ့ပါတယ်။

ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် ဆက်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေက ဘာတွေလဲဆိုတာ မသေခြာသေးသည့်တိုင် အတိုင်း အတာကြီးကြီးမားမားတော့ သက်ရောက်မှုရှိလိမ့်မယ်ဆိုတာတော့ သေချာ ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလပတ်လုံး ခါးသီးတဲ့နိုင်ငံ ရေးတိုက်ပွဲတွေက နန်းတော်ကိုဝန်းရံထားတဲ့ စီးပွားရေးသမားတွေ၊ ဗြူရိုကရက်တွေ၊ စစ်သားတွေပါဝင်တဲ့ ဘုရင်ကိုထောက်ခံသူတွေကို ဆန့်ကျင်ပြီး ပေါ်ပြူ လာလူမှုရေး၊ စီးပွားရေးမူဝါဒတွေနဲ့ တောနေလူတန်းစားရဲ့ထောက်ခံမှုကိုရထားတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင် သူဌေး ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝါထရာကို ထောက်ခံသူတွေများပြားလာဖို့ မျိုးစေ့ချပေးခဲ့ သလို ဖြစ်ခဲ့ပါတယ်။ ဒီပဋိပက္ခဟာ ပိုပြီးနက်ရှိုင်းတဲ့ မြို့နေ လူလတ်တန်းစားရှေးရိုးစွဲသမားတွေနဲ့ သက်ဆင်ကို ထောက်ခံပြီး သူတို့ရဲ့နိုင်ငံရေးလိုလားချက်တွေကိုဖော်ပြဖို့ကြိုး စားနေတဲ့ “ရှပ်နီ” အုပ်စုခေါ် တောနေ လက် လုပ်လက်စားထိုင်းတွေအကြား အကွဲအပြဲကို ရောင်ပြန်ဟပ် ဖော်ပြနေတာဖြစ်ပါတယ်။

အချို့သောလေ့လာသူတွေက ထီးနန်းအရိုက်အရာဆက်ခံမှုဟာ ဒီအကွဲအပြဲရဲ့ရလဒ်အပေါ် အကျိုး သက်ရောက်မှုအကြီးကြီးရှိလာနိုင်တယ် လို့ ဆိုပါတယ်။ ဘုရင်ကြီးဘူမိဘော်ကိုယ်တိုင် အိမ်ရှေ့စံအဖြစ် လျာ ထားခဲ့တဲ့ နောက်တက်မယ့်ဘုရင်သစ်ကို မေးခွန်းပေါင်းများစွာ ဝန်းရံ နေပါတယ်။ အိမ်ရှေ့စံမင်းသား ဝဇီရာ လောင်ကွန်က ဘုရင်အရိုက်အရာကိုဆက်ခံမယ်လို့ သေခြာအောင်ပြောဆိုခဲ့ပြီးဖြစ်ပေမယ့်လဲ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဆီမှာ သူ့အဖေလို ဘုန်းတန်ခိုးသြဇာအာဏာမျိုးကင်းမဲ့နေပါတယ်။ အထူးသဖြင့် သူဟာ တော်ဝင်လူတန်းစားတွေအကြားမှာ တော်တော်လေး မကြိုက်သူတွေများနေပါတယ်။ သူဟာ နှစ်ပေါင်းများစွာ ကာလအတွင်း တော်ဝင်မိ သားစုနဲ့သက်ဆိုင်တဲ့ အများပြည်သူဝန်ဆောင်မှုအလုပ်တွေကို စိတ်ဝင်စားမှုမရှိခဲ့ပါ ဘူး။ အဲ့ဒီအစား ပလေးဘွိုင်းမင်းသားတစ်ယောက်လို လူအထင်ကြီးခံရဖို့လောက်သာ ကြိုးစားနေခဲ့ပြီး သူ့ဘဝ ရဲ့အချိန်အများစုကို ပြည်ပမှာသာ ကုန်ဆုံးစေခဲ့ပါတယ်။ အထူးသဖြင့် သူဟာ ဂျာမဏီနိုင်ငံမှာ အချိန်ကုန်နေ တာများပြီး မြူးနစ်မြို့တောင်ဘက်နားက ရေကန်တစ်ခုဘေးမှာရှိတဲ့ ဒေါ်လာ ၁၁ သန်းတန် အိမ်တော်မှာ နေထိုင်နေခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ငွေကုန်ကြေးကျများစွာအကုန်ခံကျင်းပတဲ့ ပါတီပွဲတစ်ခုမှာ သူ့ရဲ့အချစ်တော်ခွေး လေး ဖူးဖူးနဲ့ အတွင်းခံဘောင်းဘီနဲ့ ထောက်ဖိနပ်သာဝတ်ထားတဲ့ သူ့ရဲ့ကြင်ယာတော်ဟောင်း သီရိရာဇ် မိဆု ဝတီတို့ပါတဲ့ ဗီဒီယိုအတိုလေးတစ်ခု ပေါက်ထွက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အဲ့ဒီခွေးလေးသေတော့ အဲ့ဒီခွေးလေးဟာ တော်ဝင်လေတပ်မှာ ဗိုလ်ချုပ်ရာထူးအဆင့်ရှိတယ်လို့သိရပြီး အသုဘအခမ်းအနားကို လေးရက်ကြာကျင်းပခဲ့ပါတယ်။ ဇူလိုင်လတုန်းကလဲ ဂျာမာန် သတင်းစာတစ်စောင်က ချက်ပြုတ်ဘောင်းဘီနဲ့ စွပ်ကျယ်ပြတ် လေးဝတ်ထားတဲ့ ထိုင်းအိမ်ရှေ့မင်းသားက ကိုယ်လုံးပြည့်ထိုးထားတဲ့ ယာကူဇာပုံစံ ဆေးမင် ကြောင်တွေနဲ့ လေယာဉ်ပေါ်တက်နေတဲ့ ပုံတွေကို ဖော်ပြခဲ့ပါသေးတယ်။ ထိုင်းအာဏာပိုင်တွေကတော့ အဲ့ဒီ ဆေးမင်ကြောင်တွေဟာ တည်းဖြတ်ထည့်သွင်းထားတာလို့ ဆိုပါတယ်။

၂၀၁၄ တုန်းက ဘုရင်ဆက်ခံမှုအကြောင်းရေးထားလို့ ထိုင်းနိုင်ငံမှာ ပိတ်ပင်ထားတဲ့ “ပြိုပျက်တော့မယ့် ဘုရင့်နိုင်ငံ” ဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ စကော့လူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်သူ မက်ဂရီဂေါ မာရှယ် က ထိုင်းတော်ဝင်မိသားစုတွေ၊ ပညာတတ်တွေက ထိုင်းအိမ်ရှေ့စံမင်းသား ဝဇီရာလောင်ကွန်က သူ့အဖေ အရိုက်အရာကို ဆက်ခံမယ့်အရေးကို လုံးလုံးဆန့်ကျင်ကြပါတယ်။ “ငယ်ငယ်လေး ကတည်းက သူဟာ အမှောင်ခေတ်ကဘုရင်တစ်ပါးလို ပြုမူခဲ့ပါတယ်” လို့ ပြောပါတယ်။ “ပြည်သူ့ကောင်းကျိုးဆောင်ရွက်တဲ့ မင်းမျိုးမင်းနွယ်လို့ ထင်မြင်ယုံကြည်မှုတွေဆက်ရှိနေတဲ့ပတ်ဝန်းကျင်မှာ အခွင့်ထူးခံလူတန်းစားတစ်ယောက်က ဒီလိုဖြစ်နေတာဟာ ဆိုး ရွားတဲ့ ကပ်ပျက်မှုတစ်ခုပဲ” လို့ သူက ဆိုပါတယ်။

အခြေအနေကို ပိုပြီးဆိုးရွားစေတာကတော့ အိမ်ရှေ့စံဝဇီရာလောင်ကွန်ဟာ သက်ဆင်နဲ့ ပူးပေါင်းသွား နိုင်တဲ့အချက်ဖြစ်ပါတယ်။ သက်ဆင်ဟာ ခုချိန်မှာ ပြည်ပကိုတိမ်းရှောင်နေရပြီး နန်းတွင်းသန့်ရှင်းရေးုလုပ်လိုသူ ထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့ လက်ချင်းချိတ်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့မယ်ဆိုရင် သေး ငယ်သော်လဲ တော်ဝင်နန်းတော်တွင်းမှာ သြဇာတိက္ကမကြီးမားတဲ့ ဘုရင့်အကြံပေး ကောင်စီရဲ့ လွှမ်းမိုးမှုကို မထီမဲ့မြင်ပြုရာရောက်မယ့်ပြင် ဘုရင့်ဘဏ္ဍာတော်ထိန်းဗျူရိုနဲ့ အဲ့ဒီဗျူရိုနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ စောင့်ကြပ်သူတွေကို ထိပါးရာလဲရောက်ပါလိမ့်မယ်။ ဘုရင့်ဘဏ္ဍာထိန်းဗျူရိုဟာ ဒေါ်လာ ၅၃ ဘီလျံ လောက်ရှိတဲ့ စီးပွားရေးရင်းနှီး မြှုပ်နှံမှုကို စီမံခန့်ခွဲနေပါတယ်။

“အထက်တန်းအလွှာတော်ဝင်မိသားစုတွေစိုးရိမ်နေတာက သက်ဆင်ဟာ အဲ့ဒီဗျူရိုကို လက်ဝါးကြီးအုပ် သွားမှာကိုပါ” လို့ မာရှယ်က ပြောပါတယ်။

အခုချိန်မှာတော့ ထိုင်းနိုင်ငံသားတွေဟာ ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် ပူဆွေးနေကြတဲ့အတွက် အရာရာဟာ တိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် ဒါဟာ အကွက်ဆင်ထားတာပဲဆိုတာ သံသယရှိစရာ မလို လောက်အောင်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ခါဆစ် ပီရိုမိယာက ၂၀၁၄ စစ်အာဏာသိမ်းမှုဟာ မကြာခင် ရောက်လာနိုင်တဲ့ နန်းဆက်ခံမှုမှာ နိုင်ငံရေးတည်ငြိမ်မှုရှိစေဖို့လုပ်ခဲ့တဲ့ အာဏာသိမ်းမှုပါလို့ ပြီးခဲ့တဲ့နှစ်တုန်းက ကျနော့်ကို ပြောပြဖူးပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ ပါဗင် ချာချာဗာပွန်ပန် က အထက်တန်းအရာရှိတွေက အိမ်ရှေ့စံကို မကြိုက်ကြပေမယ့်လဲ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာက တော့ စောင့်ကြည့်နေကြမှာပဲ လို့ ပြောပါတယ်။ “နောက်ဆုံးတစ်နေ့မှာတော့ တော်ဝင်မိသားစုကောင်းစားရေး က တော်ဝင်မိသားစုထောက်ခံသူ တွေကောင်းစားရေးပါပဲ။ သူတို့အနေနဲ့ မကြိုက်ဘူးဆိုရင်တောင်မှ သူတို့ အကျိုးစီးပွားအတွက် ဒါကို မျိုချရမှာပါပဲ” လို့ ပြောပါတယ်။
international-article-photo
ဒီထီးနန်းဆက်ခံမှုက ဘယ်ကိုဦးတည်သွားမလဲဆိုတာ ခုချိန်မှာ ခန့်မှန်းပြောဆိုဖို့ဆိုတာ ခက်ခဲပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုက အိမ်ရှေ့စံမင်းသားသာ ထီးဖြူဆောင်းဘုရင်တစ်ပါးဖြစ်လာခဲ့ရင် ဘယ်လိုဘုရင် စနစ်မျိုးဖြစ်လာမလဲဆိုတာပါပဲ။ နန်းတွင်း အခမ်းအနားတွေ ကြားထဲမှာ သက်တောင့်သက်သာရှိတဲ့ဘဝမျိုးကို သူရွေးမှာလား။ တက်ကြွတဲ့ထီးနန်းစံဘုရင်အဖြစ်နဲ့ ထိုင်းနိုင်ငံအတွက် သူ့ရဲ့အနာဂါတ် မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့်ဘဝမျိုးကိုရွေးမလား။ နောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုက စစ်အာဏာသိမ်း အစိုးရက လုပ်ပေးမယ်လို့ပြောထားတဲ့ ရွေးကောက်ပွဲကို အရင်လုပ်မလား။ သေခြာတာတစ်ခုက သမိုင်းဝင် ခေတ်တစ်ခေတ်ရဲ့ စာမျက်နှာတစ်ခု ပိတ်သွားချိန်မှာ နောက်ထပ်သမိုင်းဝင်ခေတ်တစ်ခေတ်ရဲ့ပထမစာမျက်နှာ ကိုတော့ ဖွင့်လှစ်လိုက်ပါပြီ။ အများကအသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဘုရင်စနစ်တစ်ခုရဲ့ အနာ ဂါတ်ဟာ ခုချိန်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံရေးဘဝမှာ ကံဆိုးစွာနဲ့ပဲတွဲလွဲမှီခိုလိုက်ပါ နေခဲ့ပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.