ပန်ဒိုရာသေတ္တာနှင့်ကြည်ဖြူပါမေ

0
8005

နိုင်တိ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) အပြီးရက်သတ္တပတ်(၂)ပတ်ခန့်တွင် အာဏာရပါတီမှ ဗဟို ခေါင်းဆောင်တစ်ဦးက ညီလာခံကြီး၏ အောင်မြင်မှုများကို အံ့မခန်းဘွယ် ချီးမွမ်းဝမ်းသာ ယင်းတိုင်းရင်းသားပေါင်းစုံတို့ ၏ ဇာတိပုညဂုဏ်မာန ရင်ဖွင့်တောင်းဆိုသံများကို အားပါးတရ နားဆင်ခဲ့ရကြောင်း ဂျာနယ်တစောင်တွင် ဆောင်းပါးရေးသား ပါ သည်။ ၎င်းတွင် “အချို့က ပင်ဒိုရာသေတ္တာ(Pandara Box)နှင့် သွားပြီးဟု မှတ်ချက်ပြုကြောင်း၊ မိမိကမူ ဤသို့ မမြင် ကြောင်းထည့်ရေးသွားသည်။

ပန်ဒိုရာသေတ္တာဆိုသည်မှာ ဂရိဒဏ္ဍါရီပုံပြင်တပုဒ်အရ(Zeus) နတ်ဘုရား၏ ဖန်ဆင်းချက်ဖြစ်သည်။ နတ်ဘုရား သည် ပင်ဒိုရာဟု ခေါ်သော အမျိုးသမီးတစ်ဦးကို ဖန်ဆင်းပြီး မကောင်းမှု အနိဋ္ဌာရုံအမျိုးမျိုး အဖုံဖုံ ထည့်ထားသော သေတ္တာ တလုံးနှင့်အတူ ကမ္ဘာလောကဆီ ပို့ပေးလိုက်သည်။ ထိုသေတ္တာမဖွင့်ရန် အတန်တန်မှာကြားထားသော်လည်း သိချင် စိတ်ဇောဖြင့် ပင်ဒိုရာခများ ဖွင့်မိရှာသည်။ သူမ၏ ပြစ်မှုကြောင့် ကမ္ဘာကြီး၌ မကောင်းမှု မတရားမှု အနိဋ္ဌာရုံး အမျိုးမျိုးတို့ ပျံ့နှံလွှမ်းခြုံနေရကြောင်း ဒဏ္ဍာရီက ဆိုသည်။

ပန်ဒိုရာသေတ္တာအကြောင်းပြန်ဆက်ရလျှင် အောက်တိုဘာလ ခေတ်ရနံ့မဂ္ဂဇင်း၌ နိုင်ငံရေး ပန်းတိုင် ဆောင်းပါးရှင် ``သန်းစိုးနိုင်``က သူ၏ ဆောင်းပါး ``၂၁ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံရဲ့ နိဒါန်းသစ် ``တွင်`` ပန်ဒိုရာ သေတ္တာဖွင့်ပွဲ ``ဟုလည်းကောင်း`` ပန်ဒိုရာ သေတ္တာအဖုံးကို ဖွင့်လိုက်တာနဲ့ မတရားမှု အာဃာတ၊ သံသယ၊ အမုန်းနှင့် သေခြင်း တရားတို့ ပွင့်အံလျှံကျလာခဲ့ပါပြီ`` ဟု ပွင့်ပွင့်လင်းလင်းပင် ရေးသားသုံးနှုန်းသွားသည်။

(၂၁)ရာစုပင်လုံငြီမ်းချမ်းရေး ညီလာခံကြီးကို အစပိုင်းသုံးသပ်ရာတွင် ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများ၊ အဖွဲ့ အစည်းအသီးသီးမှတင်ပြသောစာတမ်းများနှင့် တပ်မတော်ဘက်မှ တင်ပြချက်များအပေါ်တွင် အထူပြုထောက်ပြကြပြီး ပြဿနာရှိခြင်းကို အသိမှတ်ပြုခြင်းနှင့် ပြဿနာအား ညီလာခံ ကိုယ်စားလှယ်များ သာမကတစ်တိုင်းပြည်လုံးသို့ အချိန်နှင့် တပြေးညီတင်ပြလွှင့်ထုတ်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုချီးမွမ်းဂုဏ် ပြုခဲ့ကြသည်။ အပြီးသတ်၌ ဒေါ်စု၏ ``ပြဿနာကို သတ္တိ ရှိရှိနဲ့ ရင်ဆိုင်မယ်``  ``အတိတ်ရဲ့ချည်နှောင်မှုကို ခံနေတော့မှာလား၊ အနာဂတ်ကို သတ္တိရှိရှိနဲ့ တည်ဆောက်သွားမှာာလား ဆိုတာ ကျွန်မတို့တစ်ဦးချင်း၊ လူမျိုးတစ်မျိုးချင်း၊ တိုင်းပြည်တစ်ခုခြင်း အတွက် စဉ်းစားဆုံးဖြတ်ကြရမှာ မဟုတ်ပါဘူး။``  ``ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးရဖို့ ရှေ့ကနေသည်းခံဆိုလည်း သည်းခံပါမယ်။  နောက်ကနေ ကာဆိုလည်း နောက် ကနေကာပေးပါမယ်`` ဟူသော အပိတ်အမိန့်ခွန်း လမ်းညွှန်ချက်ဖြင့် မျှော်လင့်တကြီး ရှိခဲ့ကြသည်။

ညီလာခံကြီး၏နောက်ပိုင်းဖြစ်ပေါ်တိုးတက်မှုကို ဆက်ကြည့်လျှင် တွေ့ရမည်ကား ငြိမ်းချမ်းရေးပြဿနာသည် ကတိကဝတ်များတိုက်တွန်းချက်များနှင့် မျှော်လင့်ချက်တို့ဖြင့်ဖြေရှင်း၍မရနိုင်သည်ကို ထင်ထင်ရှားရှား တွေ့ကြရမည်ဖြစ် သည်။ ပဋိပက္ခ၏တည်ရှိမှုကိုအသိအမှတ်ပြုရာတွင် ပဋိပက္ခ၏နက်ရှိုင်းမှူ၊ ဘက်(၂)ဘက်ကြား အဟပ်ကွာလွန်မှုကို အမှန် တကယ် အသိအမှတ်ပြုသည်လား(သို့မဟုတ်) ပဋိပက္ခဖြေရှင်းရာတွင် ကမ္ဘာနှင့် ပြည်တွင်းလူထုအား အသုံးချခြင်းလား ပြန်လည်စဉ်းစားဆန်းစစ်ရန်လိုအပ်သည်။
logo-osx
ညီလာခံနောက်ပိုင်းနိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ကြီး၏ အာရှပြင်ပ ပထမခရီးစဉ်အတွင်း နိုင်ငံတကာ၏မျှော်လင့်အားထား မှုများစွာရရှိခဲ့သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ အမေရိကန်က ပိတ်ဆို့မှု၏(၈၀%)ကိုပြန်လည်ဖွင့်ပေးခဲ့ပြီး ဗြိတိန် နိုင်ငံက ယခုနှစ်အတွင်း ပေါင်(၁၁၈)သန်းကူညီထောက်ပံ့မည်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးသည် အဓိက ထောက်ပံ့ကူညီပေးနေသော ဂျပန်နိုင်ငံသို့လည်းသွားရောက်ဦးမည်ဖြစ်သည်။ ဤသည်ကား ငြိမ်းချမ်းရေးညီလာခံ၏ လက်တွေ့ရလဒ်အာမျှမပေါ်လာသေးပဲနှင့် ရရှိလိုက်သည့် အကျိုးကျေးဇူးများပင်ဖြစ်သည်။

      ညီလာခံ၏အခြားမျက်နှာစာဖြစ်သော တိုင်းသားပြည်သူများဘက်က ကြည့်လျှင်မှု ပန်ဒိုရာသေတ္တာမှ ထွက်လာသော တိုက်ပွဲများကို တွေ့ရမည်ဖြစ်သည်။ ကချင်(KIA)၊ ရှမ်းပြည်တပ်မတော် (RCSS)နှင့် ခွဲထွက် (DKBA)တို့နှင့် တိုက်ပွဲများ ပြန်တစခန်းထခဲ့သည်။ ဝတပ်ဖွဲ့နှင့် မိုင်းလားအကြားတင်းမာမှုသည်လည်း ဤလောင်းရိပ်နှင့်မကင်းပေ။

      ကချင်(KIA)နှင့်ဖြစ်သောစစ်ပွဲများမှာ (၂)လကျော်ကြာမြင့်လာပြီဖြစ်ပြီးယနေ့ထက်တိုင်ဖြစ်နေဆဲဖြစ်သည်။ တိုက်ပွဲ များသည်(KIA)ဌာနချုပ်လိုင်ဇာမြို့ဆီသို့ ဦးတည်သွားနေပြီဖြစ်ပြီး (၅)မိုင်အကွာသို့ရောက်နေပြီ ဖြစ်သည်။ ဗုံးကြဲတိုက်ခိုက် ခြင်း အပါအဝင်လက်နက်ကြီးများအသုံးပြုသည့်တိုက်ပွဲများဖြစ်သည်။ ဤသည်ကိုကချင်ပြည်နယ်လွှတ်တော်တွင် စက်တင် ဘာလ(၂၉)ရက်နေ့က ထိုးစစ်ရပ်ရန်အဆိုတင်ရာအတည်မပြုနိုင်ခဲ့ပါ။ ထိုကြောင့် ကချင်ပြည်နယ်မှ ပြည့်သူလွှတ်တော် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ဆက်လက်ပြီး အဆိုတင်သွင်းရန် လှုပ်ရှားလုပ်ဆောင်လာကြပါသည်။

    ဤကိစ္စနှင့်ပတ်သက်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရေးရှင်းကောင်စီမှ ကန့်ကွက်စာထုတ်ထား သည်။ (KIA)ကလည်း ဤသည်မှာတပ်မတော်၏ တဖက်သတ်ထိုးစစ်ဖြစ်ခြင်းကြောင့် စစ်မီး၏ နောက်ဆက်တွဲများကို တပ်မတော်က တာဝန်ယူရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အား ထိန်းထိန်း သိမ်းသိမ်းလုပ်ရန် အစိုးရ၌တာဝန်ရှိသော်လည်း အစိုးရကလုံးဝ နှုတ်ဆိတ်နေသည့် အပေါ်အများကအား မလိုလားမရ ဖြစ်သည့်အပြင် တပ်မတော်နှင့်ဆက်ဆံရေးကိုလည်း သံသယရှိလာရသည်။  စစ်ပွဲများတိုးလာခြင်းနှင့်အတူ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းနှင့် ဒုက္ခသည် ဦးရေ လည်းတိုးလာလျှက်ရှိသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က စက်တင်ဘာလ (၂၉) ရက်တွင် ဒုက္ခသည်ဦးရေ တစ်သိန်းခန့်ရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ကြေငြာသည်။ ကရင်ပြည်နယ်တွင်း (DKBA) ခွဲထွက် အဖွဲ့နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တို တိုက်ပွဲဖြစ်ပွားရာတွင်လည်း ဒုက္ခသည်(၄၀၀၀) ခန့်ထွက်ပြေးတိမ်းရှောင် ရကြောင်း (UNOCHA MYANMAR) ကထုက်ပြန်ထားသည်။


ဤနေရာတွင်ဘာကြောင့်စစ်ပွဲများပြန်လည်ခေါင်းမှာချာချာလည်စရာမလိုပါ။ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံ ကို နောက်ကြောင်းပြန်လျှင်တွေ့နိုင်ပါသည်။


ညီလာခံတွင်(UNFC) က လူမျိုးအခြေခံပြီးဖွဲ့စည်းထားသော ဗမာအပါအဝင် အမျိုးသားပြည်နယ်များဖြင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးမှုကိုတင်ပြခဲ့သည်။ မြန်မာနိုင်ငံဆိုသည်ကို အမည်ပြောင်းသင့်ကြောင်း ပြည်ထောင်စုအစိုးရကို ပြည်နယ်ကိုယ်စားလှယ်များဖြင့် အချိုးချဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ နိုင်ငံဦးစီးခေါင်းဆောင်သမ္မတကို တိုင်းရင်းသားများ အလှည့်ကျတာဝန်ယူရန် ဖြစ်ကြောင်းတင်ပြထားသည်။ 

ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအခြေခံမှုများကိုလည်းတင်ပြထားသည်။ ဖက်ဒရယ် ပြည် ထောင်စုတပ်မတော်ကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များအချိုးကျထည့်ဝင်ဖွဲ့စည်းရန်၊ ပြည်ထောင် စုတပ်မတော် စစ်ဦးစီးအဖွဲ့ ကို ပြည်နယ်အသီးသီးမှစေလွှတ်သော စစ်ဦးစီးမှူးများဖြင့်ဖွဲ့စည်းရန်၊ ထိုအဖွဲ့ကို ကာကွယ်ရေးအရပ်သား၊ ဝန်ကြီး အောက်တွင်ထားရှိရန်၊ ကာကွယ်ရေးဦးစီးချုပ်ကို ပြည်နယ်များမှ အလှည့်ကျတာဝန်ယူရွေးချယ်ခန့်အပ်ရန်၊ ပြည်ထောင်စု တပ်မတော်၏ အင်အားကိုလူဦးရေ၏ (ဝ.၅%) ထက်မပိုစေရန် စသဖြင့်ပါရှိသည်။ တစ်ချိန်တည်းတွင်(UNFC) အဖွဲ့တွင် မပါဝင်သောအခြားတိုင်းရင်းသားအဖွဲ့များမှလည်း ပြည်နယ်သစ်ထူထောင်ရေး တောင်းလိုက်ကြသည်မှာ လက်ဆယ်ချောင်း ကျော်ဖြစ်သွားသည်။

တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက(၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖက်ဒရယ် ဝိသေသ လက္ခဏာများကိုတစ်ယောက်ပြီး တစ်ယောက်တက်ဖတ်ကြသည်။ အစိုးရသစ်၏ မြဝတီသတင်းစာတွင်းလေ့လာသူတစ်ဦး ကလောင်နာမည်ဖြင့် (၁၀) မှ (၁၄ ၊ ၈ ၊ ၁၆) ရက်အထိထည့်သွင်း ဖေါ်ပြထားသည်။ ထို့ပြင်မြန်မာအလင်းသတင်းစာတွင် တပြည်ထောင်စနစ်ထူထောင်ဖို့ လှုံဆော်သောစာများ ကိုပြည်သူ့သဘောထား၏ အမြင်ကဏ္ဍ၌ (၂၅-၂၆ ၊ ၈ ၊ ၁၆)ရက်နေ့ များတွင်ထည့်သွင်းဖော်ပြခဲ့သည်။

တပ်မတော်က (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံသည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်း အတိုင်း သာသွားရမည်။ ပြန်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေးစာချုပ် (NCA) လမ်းပြ မြေပုံ အတိုင်း အဆင့်ဆင့်ဆောင်ရွက်ရန် သာဖြစ်သည်ဟု အနှစ်ချုပ်တင်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို (DDR) (လက်နက်စွန့်၊ တပ်ဖွဲ့ဖျက်၊ ပြန်လည်ဖွဲ့စည်းရေး) ပြန်ပြီး ပြတ်အောင်လုပ်သွားမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်သ္ပဆိုလျှင်လည်း ပုဒ်မ (၄၃၆) ပါပြဋ္ဌာန်းချက်အတိုင်ပြင်နိုင်လျှင်ပြင်ပေးမည်ဟု ပြန်လည်စိန်ခေါ်သွားသည်။

ဧည့်သည်ဆွေးနွေးခွင့်ရ (NCA)လက်မှတ် မထိုးရသေးသောအဖွဲ့များကလည်း ငြိမ်းချမ်းရေး ညီလာခံကျင်းပပုံ သည်(NCA)စာချုပ်ပါသဘောထားနှင့်ဆန့်ကျင်နေကြောင်း၊ ယခုပုံစံအစား(အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကတစ်စု၊ တိုင်း ရင်းသားလက်နက်ကိုင်များတစ်စုနှင့် နိုင့်ငံရေးပါတီများကတစ်စု) သုံးပွင့်ဆိုင် ပုံစံဖြစ်စေချင်ကြောင်း ဝေဖန်တင်ပြကြသည်။

 မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၌ အခြေခံကွဲလွဲချက်(၂)ခုရှိပါသည်။

ပထမ အချက်မှာလူမျိုးစုအခြေခံပြည်နယ်များဖြင့် ဖွဲ့စည်းမည်လား၊ (ပြည်ခိုင်ဖြိုးပါတီနှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အပါအဝင်) တပ်မတော်က အမာခံရပ်တည်နေသော ပထဝီဒေသအခြေခံဖြင့်ထုုထောင်မည်လား ဟူသော အချက် ဖြစ် သည်။

ဒုတိယအချက်မှာလက်ရှိ(၂၀၀၈)ဖွဲ့စည်းပုံကိုပင် အခြေခံပြီးဖက်ဒရယ်အနှစ်သာရပြည့်အောင်လိုက် ထည့်မည်လား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကိုရေးဆွဲမည်လား ဟူသောအချက်ဖြစ်သည်။

နှစ်ချက်စလုံး၌ အာဏာရပါတီ၏ တပ်မတော်အပေါ် နှာစေးချောင်းဆိုး ပေါ်လစီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒါရိုက်တာဇာတ်ညွန်းဆွဲကာထားရစ်ခဲ့သော(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရတပ်မတော် ဒီမိုကရေစီပေါ် ပေါက်လာ ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးသလောက်သာရမည့် ဒီမိုကရေစီဟု ထောက်ပြဝေဖန်ရေးသာလျှက်ရှိသည်။

အစိုးရသစ်တွင်း၌လွန်ခဲ့သော စက်တင်ဘာလက အလွန်အကျည်းတန်သောအဖြစ်အပျက်တခုဖြစ်ပွားခဲ့သည်။ ပြည်ထဲရေးဌာနသည် မိမိလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌန၊ မီးသတ်တပ်ဖွဲ့ ဦးစီးဌာနနှင့် အထူးစုံစမ်း စစ်ဆေး ရေးတပ်ဖွဲ့များကို ပြည်နယ်များ တိုက်ရိုက်ကွပ်ကဲသွားရန် လွှဲအပ်ကြောင်း စာထွက်ခဲ့သည်။ တိုင်းရင်းသား ပြည်သူများနှင့် မီဒီယာများက ပြည်နယ်များ အတွက်အသက်ရှူပေါက်၊ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်း (Decemtrezatioon) အစဟု ဝမ်းသာ အယ်လဲ ကြိုဆိုဝမ်းမြောက်ခဲ့ကြသည်။ တစ်လပင်မကြာလိုက်ပါ ပြည်ထဲရေးဝန်ကြီးဌာနဆိုင်ရာ အဖြစ်အပျက် ကလေးကပို၍ သက်သေထင်ရှားပြနေပြန်သည်။

ဤနည်းတို့ဖြင့် ပန်ဒိုရာသေတ္တာပွင့်သွားခြင်းဖြစ်သည်။

ပန်ဒိုရာသေတ္တာပွင့်သွားခြင်းကို လက်မခံသော ဆောင်းပါးရှင်ပါတီ ခေါင်းဆောင်ကြီးသည် ငြိမ်းချမ်းရေး နှင့် ပတ်သက်၍လည်း ဗျူဟာမြောက်အတွေးအခေါ်သစ်များပေါ်ထွက်လာပြီဖြစ်ကြောင်း၊ ယခင် နဝတ အစိုးရ လက်ထက် အပစ်အခတ်ရပ်စဲရေးများသည် အခွင့်အရေးနှင့်အပေးအယူကို အခြေခံကြောင်း၊ စစ်အာဏာတည်မြဲရေးနှင့် အပစ်အခတ် ရပ်စဲရေးမလုပ်လိုသော အင်အားစုများ အားထိုးစစ်မြှင့်တင်ရေးပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ ခွဲထွက်အတွေးအခေါ်မှ လွတ် လပ်ရေးနှင့် တန်းတူညီမျှရေး ဘက်သို့ပြောင်းလဲသွားပြီဖြစ်ကြောင်း အကောင်းမြင် ရေးထားသေးသည်။

တဖက်တွင် အကျယ်တဝင့်ရေးသားထားပြီးဖြစ်၍ မှန်သည်မှားသည် မပြောလိုတော့ပါ။ သို့ရာတွင် ဆရာသန်းစိုးနိုင် က နိုင်ငံရေးပါတီအစုအဖွဲ့ ပုဂ္ဂိုလ်တစ်ဦး၏ “ဒါကျတော့ ဖက်ဒရယ်ထက်လွန်သွားပြီး ကွန်ဖက်ဒရေးရှင်း (confederation) ဖြစ်သွားပြီး” ဟူသောစကားဖြင့်ကိုးကားဝေဖန်ထားသည်။

ချုပ်ရလျှင် ဤမိုးဤလေဤလူတွေနှင့်ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရမည်ဆိုလျှင်တပ်မတော်က ကြည်ဖြူပါမှ ရမည်။ ဒီမိုကရေစီ (သို့မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုအတွက် “ကြည်ဖြူပါမေ” ဟူသောသီချင်းကို ထပ်လဲလဲဆို နေရမည်လား အတွေးပွားနေမိသည်။ သေချာသည်မှာ အမျိုးသားရေးဝါဒသည် အစောဦးဆုံးနှင့် သာမန်သက်တမ်းရှည် သဘောတရားတခု ဖြစ်ကြောင်း အဆိုအမိန့်ကိုပြန်လည်အမှတ်ရမိလိုက်ခြင်းဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.