အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်း

0
8777

ဌေးဝင်း

၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့။

ကော့တောင်ကျွန်း။ စာကြည့်တိုက်ဝင်းအတွင်းမှ ညစာစားပွဲ

အလွန်တရာ သာယာလှပသော ကော့တောင်ကျွန်းတွင် ထောင်နှင့်ချီသော မြန်မာနိုင်ငံသား အလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ သူတို့ထဲမှ အများစုကား စားသောက်ဆိုင်နှင့်ဘား၊ဟိုတယ်များတွင် လုပ်ကြပြီး အချို့မှာ ပန်းရံ လုပ်ငန်းများတွင်လုပ်ကြ၏။

ကော့တောင်ကျွန်းသည် ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သဘောကျသည့် နေရာတခုဖြစ်သောကြောင့် ခရီး သွားရာသီရောက်ပြီဆိုလျှင် ပျားပန်းခတ်မျှ စည်ကားလှသည်။ ၎င်းတို့က ဤကျွန်းကို လောကနိဗ္ဗာန်ဟု တင်စားကြ၏။ ထိုလောကနိဗ္ဗာန်ကား ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင်ရှိ အရှေ့ပင်လယ် ထဲတွင်တည်ရှိလေသည်။

လူဖြူ လူမည်း လူဝါ စသည်ဖြင့် အရောင်အသွေးစုံ လာရောက်လည်ပတ်ကြသော ဤကျွန်းတွင် ထူးခြားသော အ ရာတခုလည်း ရှိပေသေးသည်။ ယင်းကားအခြားမဟုတ်။ ကော့တောင်ကျွန်းရောက် မြန်မာတိုင်းရင်းသားများအဖွဲ့က တည် ထောင်ထားသော စာကြည့်တိုက်ပင် ဖြစ်၏။ ထိုစာကြည့်တိုက်ကား နှယ်နှယ်ရရ မဟုတ်ချေ။ ဖွင့်ပွဲပြုလုပ်စဉ်က ဂျပန်နိုင်ငံ ခန်ဒတက္ကသိုလ်မှ သမိုင်း ပါမောက္ခ ဒေါက်တာ အေးချမ်း ကိုယ်တိုင် ဖဲကြိုးဖြတ်ပေးခဲ့သော စာကြည့်တိုက် ဖြစ်ပေသည်။ ထို့ပြင် ယင်းဖွင့်ပွဲသို့ ယနေ့ မြန်မာစာပေလောကတွင် အောင်မြင်ကျော်ကြားနေသော စာရေးဆရာ မင်းဒင်၊ ဆရာ ဗြောက်အိုး (ဆူနာမီတမန် တော်) နှင့် ကျနော်တို့အား ဖိတ်ကြားကာ ဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့၏။

ယနေ့ကား စာကြည့်တိုက်မှူး ဦးဇော်မင်းထွန်းဦးဆောင်ကာ ကျောင်းပိတ်ရက်တွင်အနားယူရန် အလည်အပတ် ရောက်ရှိနေသော ဆရာကြီး ဒေါက်တာ အေးချမ်းနှင့်အဖွဲ့သားများကို ညစာတည်ခင်းဧည့်ခံဖို့ စာကြည့်တိုက်တွင် ပြင်ဆင် နေကြသည်။ ယင်းညစာစားပွဲသို့ ကျွန်းမှလူကြီးများဖြစ်ကြသော ဦးဖိုးဟန်၊ ဦးဘိုမြ၊ ဦးနေလင်း (ခေါ်) ဦးလေးကြီး။ ဦးသန်းလွင်နှင့် ဦးကာရီတို့ လာကြသကဲ့သို့ လူလတ်ပိုင်းများဖြစ်ကြသည့် ကိုဝင်း၊ ကိုပိုင်စိုး၊ ကိုကျော်အေးသိန်း၊ ကိုကျော် လင်း၊ ကိုခိုင်လင်း အစရှိသူတို့အပါအဝင် ဆရာကြီးကို ချစ်ခင်လေးစားကြသည့် ကျွန်းပေါ်မှ မြန်မာနိုင်ငံသား လေးငါးဆယ် ခန့် လာရောက်ခဲ့ကြသည်။

စားသောက်ဖွယ်ရာများကို ချက်ပြုတ်ကြသူများမှာ စာကြည့်တိုက်နားတွင် နေထိုင်ကြသူ အမျိုးသမီးတသိုက် ဖြစ် ကြ၏။ သူတို့သည် ကြက်သား ဝက်သား အမဲသား ငါး ပုဇွန် စသည့်စားသောက်ဖွယ်ရာများကို အကောင်းဆုံးဖြစ်အောင် စီစဉ်နေကြသကဲ့သို့ ကိုနေဝင်းကလည်း ဆရာကြီးအတွက်ဟုဆိုကာ ဆိတ်တကောင်ဝယ်ယူလာပြီး ကိုယ်တိုင်ချက်ပြုတ် လေသည်။ ထို့ပြင် ဘားတင်ဒါလောကတွင် နာမည်ရနေသူ ကိုအောင်အောင်ကလည်း ဆရာကြီးအတွက် မိုဂျိတို (Mojito) စပ်အရက်ကို အကောင်းဆုံးဖြစ်အောင် စီမံကာ ဧည့်ခံလျှက်ရှိ၏။ ဆရာကြီးနှင့်အတူ ပါလာသော တပည့်များမှာ ဘန် ကောက်မှ ကိုအောင်မြင့်သိန်းနှင့် ကျနော်၊ ချင်းမိုင်မှ ကိုဖိုးဇော်နှင့် ချုံဖော်မှ ကိုကျော်သန်းမာင်တို့ ဖြစ်ကြသည်။

ညစာစားပွဲတွင် ထမင်းမစားမီ ဆရာကြီးပြောပြသော နိုင်ငံတကာ ဗဟုသုတများ သမိုင်းဆိုင်ရာ ဗဟုသုတများကို နားထောင်နေကြစဉ် ကော့တောင်ကျွန်းမှ ကိုကျော်အေးသိန်းက မတ်တပ်ထရပ်ကာ ယခုကဲ့သို့ပြောလေ၏။

`ဆရာကြီးခင်ဗျား။ အခုလိုမျိုး လာရောက်လည်ပတ်ရင်း ဆရာကြီးဆီက ပညာဗဟုသုတကို ကြားသိခွင့်ရတကို ကျနော်တို့က အရမ်းကို ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဒီက ကျနော်တို့ အများစုကြီးဟာ တက္ကသိုလ် စာသင်ခန်းထဲမှာ ပါမောက္ခကြီးတယောက်ဆီက ဖြစ်စေ။ ကထိကကြီးတယောက်ဆီက ဖြစ်စေ ပညာရင်နို့ကို သောက်စို့ခွင့်မရခဲ့ကြပေမဲ့ ရောက်တုန်းရောက်ခိုက်မှာ ဆရာကြီးလို တက္ကသိုလ်ပါမောက္ခတဦးထံက အခုလိုပြောပြတာကို နားထောင်ခွင့်ရတာဟာ အ လွန်ကံကောင်းတယ်လို့ ထင်မြင်မိပါတယ်။ ပြီးတော့ ကျနော်တို့က ဆရာကြီးအပေါ်မှာ ဘယ်လောက် ချစ်ခင်ကြတယ်။ လေးစားကြတယ်ဆိုတာ ဆရာကြီးအသိပါ။ ဘယ်လောက်တောင်လဲဆိုရင် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ပညာသင်ပေးခဲ့တဲ့ လက်ဦးဆရာ ငယ်ဆရာတမျှပါဘဲ။ ဒါကြောင့်မို့လို့ အခုလိုဘဲ တနှစ်တခေါက် ကျနော်တို့ ဆီကို လာ လည်ဖို့ ဖိတ်ကြားကြတာ ဖြစ်ပါတယ်´

ဟု သူ့ရင်ထဲက စကားများကို ကရားရေလွှတ်ပြောပြလေသည်။ ထိုအခါ ဆရာကြီးသည် ကိုအောင်အောင် ဖျော် စပ်ပေးထားသော မိုဟီတိုခွက်ကို ဆတ်ကနဲမကာ တငုံငုံလိုက်ပြီးနောက် ကိုကျော်အေးသိန်းကို အသေအချာ စိုက်ကြည့် လိုက်ပြီးလျှင်

´ဟေ . .  လူ၊ ကိုကျော်အေးသိန်း။ ခင်ဗျားတို့ချစ်သလို ကျနော်လည်း ခင်ဗျားတို့ကိုချစ်လို့ဘဲ ဒီကို နှစ်တိုင်းလာ နေတာဘဲ မဟုတ်လား။ ဒီအခေါက်နဲ့ပါဆို သုံးနှစ်အတွင်း လေးကြိမ်ရှိပြီဗျာ။ ကျောင်းပိတ်ရက်အတွင်း အခြားနေရာတွေ ကိုတောင် မသွားတော့ဘဲ ခင်ဗျားတို့ဆီကိုဘဲ လာနေတာလေ။ ခင်ဗျားတို့အားလုံး အသိဘဲ မဟုတ်လား။ ဒီကျွန်းက လူ တွေကို ကျနော်ဘယ်လောက် အလေးအနက်ထားသလဲဆိုတာကို ကျနော်ရေးပြီး ခင်ဗျားတို့ဆရာ ဦးဌေးဝင်း စီစဉ် ထုတ် ဝေတဲ့ ´ရိုဟင်ဂျာဆိုသူများ၏ လုပ်ဇာတ်နှင့်သမိုင်းဖြစ်ရပ်များ´ စာအုပ် အမှာစာမှာတောင် ထည့်ရေးထားသေးတယ် လေ´
%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac-%e1%80%b1%e1%80%a1%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8
ဟု ဆရာကြီးက ကော့တောင်ကျွန်းမှ မြန်မာများအပေါ်တွင် ချစ်ခင်ကြောင်း သံယောဇဉ်ရှိကြောင်း ပြန်လည်ပြော ပြလေသည်။ ဆရာကြီးစကားအဆုံးတွင် ကိုကျော်အေးသိန်းက တဖန် ဤသို့ပြောပြန်လေ၏။

´ဒီအတွက်လည်း အားလုံးကိုယ်စား အရမ်းကျေးဇူးတင်ကြောင်း ပြောပါရစေဆရာကြီး။ ဒါ့အပြင် ကျနော်တို့က ဆရာကြီးရဲ့ဘဝကို အရမ်းအားကျကြတယ်။ ဂုဏ်ယူကြတယ်´

ဟု ဆိုရာ ဆရာကြီးက လက်ဝါးကာ၍

´ရပါပြီ ကိုကျော်အေးသိန်း။ ခင်ဗျားတို့ကိုလည်း ကျနော်က ကျေးဇူးတင်ပါတယ်ဗျာ။  ခင်ဗျားတို့ ကျနော့အပေါ် မှာ ချစ်ကြတယ်။ ခင်ကြတယ်။ ဂုဏ်ပြုကြတယ်ဆိုတာကို ကျနော် ကောင်းကောင်းကြီး သိပါတယ်။ ဒါကို လူသားတ ယောက် အနေနဲ့ ကျနော်လည်း ဝမ်းသားပါတယ်။ ”

ဟုဆိုလေ၏။ ဆရာကြီးစကားအဆုံးတွင် ကိုကျော်အေးသိန်းက ဆရာကြီးရဲ့လက်ရှိဘဝအခြေအနေကို အလွန် အားကျ၊ဂုဏ်ယူမိကြောင်း ဆက်လက်ပြောလေရာ ဆရာကြီးက ယခုကဲ့သို့ ဘဝအမြင်ပါသော လေးနက်သည့် စကားများ ကို ပြောပြခဲ့လေသည်။

“ဘဝဆိုတာက ဒီလိုချည်း တသမတ်တည်း ဖြောင့်ဖြူးနေကြတာ မဟုတ်ဘူးဗျ. ကိုကျော်အေးသိန်း..ရ။ ဒီကျွန်း ပေါ်ကမြင်နေရတဲ့ ဟောဒီ ..ပင်လယ်ကြီးထဲက လှိုင်းတွေလိုပါဘဲ။ နိမ့်လိုက်မြင့်လိုက်။ တက်လိုက်ကျလိုက်။ ပင်လယ်ဆို တာက တခါတရံမှာ လှိုင်းကြီးလေထန်ပြီး ခက်ခဲကြမ်းတမ်းတဲ့အခါရှိသလို တခါတလေတော့လည်း သာယာလှပနေတာဘဲ မဟုတ်လား။ ကျနော်လည်း လူထဲကလူဘဲဗျာ။ အချိန်တိုင်း သာယာစိုပြေနေတာမှ မဟုတ်တာ။ ခင်ဗျားတို့အားကျဂုဏ် ယူချင်စရာကောင်းတဲ့ ကာလရှိသလို ကျနော့ဘဝထဲက သင်ခန်းစာယူစရာလည်း ရှိချင်ရှိမှာပေါ့လေ။ ကျနော်လည်း အများ သူငါလိုဘဲ ဘဝမုန်တိုင်းတွေ ဘဝလှိုင်းကြမ်းတွေကို ကျော်ဖြတ်ရတာဘဲ မဟုတ်လား။ အဲဒီအခါကျတော့ ခင်ဗျားတို့က အားကျချင်မှကျမှာပေါ့´

ဟု ပြောလေသည်။ ထိုသို့ ဆရာကြီးက ပြန်ပြောသောစကားကိုနားထောင်ရင်း ကိုကျော်အေးသိန်းသည် တစုံတ ရာကို အလေးအနာက် စဉ်းစားနေလေသည်။ အတက်အကျ အနိမ့်အမြင့်ဟူသော လောကဓံဝဲသြဃမှ ရှောင်တိမ်း ကင်း လွတ်နိုင်သူဟူ၍ကား ရှိအံ့မထင်။ သို့သော် အောင်မြင်သူ ထူးချွန်သူများကား အဆိုးလောကဓံလှိုင်းကြမ်းများ ရိုက်ပုတ်ခံရ သောအခါ အရှုံးမပေးဘဲ အနိုင်ယူတတ်သော သဘောတရားများကို စာအုပ်များမှတဆင့် ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူးသည်။ ရုပ်ရှင်၊ ဗီဒီယိုမှသည် ဆရာတော်ဘုရားများ ဟောကြားတော်မူကြသည့် တရားများမှတဆင့်လည်း များစွာ သိခွင့်ရခဲ့ဖူးသည်။

ထို့အတူ ယခု စားပွဲဝိုင်းတခုတည်းတွင် အတူတူ ထိုင်နေသော ဆရာကြီးသည်လည်း မိမိတို့အမျိုးသားများထဲမှ တမိပေါက်တယောက်ထွန်းဆိုသကဲ့သို့ အမှန်ပင် သားကောင်းတယောက် ကျောက်ကောင်းတစေ့ဖြစ်လေ၏။ ယခုစကား များအရဆိုသော် ဆရာကြီးကိုယ်တိုင်၏ ဘဝထဲတွင်လည်း ခက်ခဲကြမ်းတမ်းသော လောကဓံမုန်တိုင်း လှိုင်းကြမ်းလေကြမ်း တိုက်ခိုက်ခံရခဲ့မှာသေချာသည်။ ယင်းအကြောင်းများကိုသိရှိရလျှင်ဖြင့် အလွန်ကောင်းပေမည်ဟု တွေးတောကာ ကိုကျော် အေးသိန်းက ဆရာကြီးကို ယခုကဲ့သို့ အလေးတနက် မေးလိုက်ပြန်ပါသည်။

`ဆရာကြီးခင်ဗျား။ လူတိုင်းရဲ့ဘဝမှာ အတက်အကျ အနိမ့်အမြင့် ရှိကြစမြဲဆိုတာ ကျနော်တို့ နားလည်သဘော ပေါက်ပါတယ်။ ဒါပေမဲ့ သာမန်လူတွေဟာ အခက်အခဲတစုံတရာ ကြုံခဲ့သည်ရှိသော် လက်မြှောက်အရှုံးပေးလေ့ ရှိတတ်ကြ ပေမဲ့ အောင်မြင်သူတွေကတော့ အဲဒီအခက်အခဲကို တနည်းနည်းနဲ့ ကျော်လွှားဖြတ်သန်းခဲ့ကြတာဘဲ မဟုတ်လား။ ဆရာ ကြီးဟာဆိုရင်လည်း ကျနော်တို့အားလုံးအတွက် ထူးချွန်ထက်မြက်တဲ့ အောင်မြင်သူ ပုဂ္ဂိုလ်ကြီးတဦးဖြစ်နေလေတော့ အောင်မြင်သူတိုင်း ဖြတ်သန်းခဲ့ကြရတဲ့ ဘဝခရီးကြမ်း တစုံတရာရှိရင် အဲဒါကို ဘယ်လို ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ကျနော်တို့ကို ပြောပြပေးစေချင်ပါတယ် ဆရာကြီး´

ဟုတောင်းဆိုလေရာ ရောကြီးသည် ပရိဿတ်အားလုံးဘက်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး အခုလို ဆိုလေ၏။

`မောင်ကျော်အေးသိန်း၊ မောင်ရင်ကတော့ လုပ်ချလိုက်ပြန်ပြီ။ အချီကြီး။ ဒီလောက် အစားကောင်း အသောက် ကောင်းနဲ့ စည်းစိမ်ခံစားနေချိန်မှာ ကိုယ့်ဘဝထဲက အနာဟောင်းတွေကို ပြန်တူးဆွသလိုမျိုး ဘဝမုန်တိုင်းတွေ လောကဓံ အကြောင်းတွေကို ပြန်ပြီးဖောက်သည်ချရဦးမလားဗျာ။ အေး… ဒါပေမဲ့ ခင်ဗျားတို့ အားလုံးကလည်း ကိုကျော်အေးသိန်း လိုဘဲ နားထောင်ချင်ကြတယ်ထင်တယ်။ ကြည့်ရတာ။ ဒီတော့ ကျနော့ဘဝထဲက ဇာတ်ကြမ်းလေးတပုဒ်ကို ထုတ်ခင်းရ တာပေါ့လေ´

ဟုဆိုကာ မြန်မာနိုင်ငံ၏ ကမ္ဘာကျော် ရှစ်လေးလုံးအရေးတော်ပုံ သမိုင်းစာမျက်နှာတွင် ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ သမိုင်းပါမောက္ခတဦး၏ ကိုယ်တွေ့ ခက်ခဲကြမ်းတမ်းသော ဘဝအစိတ်အပိုင်းတခုကို ဤသို့ဤပုံ ပြောပြခဲ့ပါသတည်း။

 

နာမည်ဆိုးနှင့်ကျော်ကြားလှသော အင်းစိန်အကျဉ်းထောင်ထဲမှ သမိုင်းပါရဂူ

ရှစ်လေးလုံးအရေးတော်ပုံကာလသည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းအတွက် အလွန်အရေးပါသော မှတ်တိုင်တခု ဖြစ်သကဲ့သို့ အပြောင်းအလဲ မျိုးစုံကို ဖြစ်ပေါ်စေခဲ့သော ကာလတခုလည်း ဖြစ်ပေသည်။ ထို့အတူ ဆရာကြီး ဒေါက်တာ အေးချမ်းသည် ထိုအရှိန်အဟုန်ကြီးမားလှသော သမိုင်းရေစီးကြောင်းသစ်တွင် ကိုယ်တိုင် ပါဝင်ပြောင်းလဲခဲ့ရပုံကို အစ ချီကာ သူ့ဘဝတစိတ်တဒေသကို ဤသို့ ပြောပြလေသည်။

`ဒုတိယ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒါမှမဟုတ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တဲ့နှစ်ဟာ ကျနော့်ဘဝမှာလည်း ကြီးမားတဲ့ အပြောင်းအလဲကြီးဖြစ်ခဲ့တဲ့နှစ်ပေါ့။  ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက တပါတီ အာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သလို ကျနော့ဘဝမှာလည်း အေးချမ်းဆိုတဲ့လူတယောက်ဘဝကနေ ဒေါက်တာ အေးချမ်း ဆို တဲ့ ပါရဂူဘွဲ့ရ ပညာရှင်ဖြစ်လာခဲ့ရတဲ့နှစ်ပေါ့´

ဟု ဆိုရာ ကျော်အေးသိန်းက

´ဆရာကြီးက ရှစ်ဆဲ့ရှစ်ခုနှစ်မှာ ပါရဂုဘွဲ့ရခဲ့တာကိုး။ အဲဒီတုန်းက ကျနော်က အထက်တန်းကျောင်းသားဘဲ ရှိသေးတယ်။ ဒါနဲ့ ဆရာကြီး သမိုင်းကျောင်းသားဆိုတော့ နိုင်ငံရေးဘက်မှာ တော်တော်လေး လိုက်စားခဲ့မှာနော်´

ဟု မေးလေ၏။ ထိုသို့မေးနေသော ကျော်အေးသိန်းဘက်သို့ တော်တော်လေး အမေးအမြန်းထူတဲ့လူ ဟူသော သဘောဖြင့် မျက်စောင်းတချက်ထိုးကာ ကြည့်လေ၏။ ထို့နောက်

´သမိုင်းသမား တနည်းအားဖြင့် သမိုင်းဆရာဆိုတာ နိုင်ငံရေးကို သီးခြားလိုက်စားနေရတာ မဟုတ်ဘူးဗျ…မောင် ကျော်အေးသိန်းရ။ အဲဒီဖြစ်ပျက်နေတဲ့ သမိုင်းတွေကို လေ့လာ သင်ယူ သင်ပြ ရေးသားနေရတဲ့အလုပ်နဲ့ နပမ်းလုံးနေရတဲ့ ဘဝပါ..ခင်ဗျ။ ကျနော်က သမိုင်းချည်းသက်သက် ဝါသနာပါတာ မဟုတ်ပါဘူး။ အနုပညာဘက်မှာလည်း အတော်လိုက် စားခဲ့ဖူးတယ်´

ဟု ဆိုလိုက်ရာ ဆရာကြီး၏ တပည့်တဦးဖြစ်သူ ချင်းမိုင်မှ ကိုဖိုးဇော်က ဤသို့ ထောက်ခံပြောဆိုလေသည်။

´အဲဒါတော့ ကျနော် ယုံတယ်ဗျာ။ အခု ကျနော်တို့လမ်းသွားရင်း တခါတလေမှာ ဆရာကြီးက စိတ်လိုလက်ရ သီချင်းတွေဘာတွေ ညည်းတဲ့အခါ သိပ်နားထောင်လို့ ကောင်းတာဗျ။ တခါတလေ ကိုအံ့ကြီးတို့ ပြည်လှဖေ တို့ကို ဆို တတ်သလို။ တခါတလေကျတော့လည်း သန်းနိုင်တို့ ဘိုဘိုဟန်တို့..ပေါ့ဗျာ။ စိုင်းထီးဆိုင် သီချင်းများဆိုလိုက်ရင် လုံး၀ ဗိုလ်ထီးဘဲ..ဗျ´

ဟု သူ့ဆရာကြီး သီချင်းဆိုကောင်းကြောင်း ညစာစားပွဲလာ မိတ်ဆွေများကို ဖောက်သည်ချလေ၏။ ဖိုးဇော်က ထိုသို့ပြောသောအခါ ဆရာကြီးက

´ဟေ့.ကောင် မောင်ဖိုးဇော်၊ တိတ်တိတ် နေစမ်း။ တော်ကြာ ဒီမောင်တွေက စိတ်ချရတာ မဟုတ်ဘူး။ ငါ့ကို ဂစ် တာတီးပြီး သီချင်းဆိုခိုင်းနေရင် ဒုက္ခ။ ငါက ဂစ်တာမကိုင် အနှစ် သုံးဆယ်ကျော် ရှိနေပြီ..ဟ။ ဟုတ်ပါတယ် .. သူပြော တာ။ ကျနော် ကျောင်းသားဘဝတုန်းက အဆိုတော်ရူးလည်းရူးခဲ့ဖူးတယ်။ ဗိုလ်ထီးသီချင်းတွေဆို တော်တော်လေး ကို ပိုင်ခဲ့တာ..ခင်ဗျ။ အဆောင်ရှေ့က ဂစ်တာဝိုင်းတွေဆို အမြဲပါခဲ့တာပေါ့။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ ဘဝအ တွက် တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ်ဆိုပြီး အဖေကပြောလာတော့ အဲဒီမှာ ဘဝနဲ့ဆန္ဒဆိုတာကို ခွဲခြားပြီး ကျနော်နားလည်လာတယ်။ ခုနပြောတဲ့ အဆိုတော်တို့ဘာတို့ဆို တာက လူငယ်သဘာ၀ နာမည်ကြီးချင်တဲ့စိတ်ဆန္ဒနဲ့ ဖြစ်ချင်ခဲ့တာ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ကိုယ်တကယ်လုပ်ရမှာက ကိုယ့်ဘဝအတွက်၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အ တွက် ပညာနဲ့တာဝန်ထမ်းဆောင်နိုင်အောင်လုပ်ရမှာလို့ ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ်။ အဖေကလည်း ပညာရေး ဘက်မှာ ထူးချွန်အောင်လုပ်ဖို့ လမ်းညွှန်ပြတယ်။ အဖေ့ဘဝတခုလုံးကို နိုင်ငံရေးထဲမှာ မြှုပ်နှံပြီးပေးဆပ်ခဲ့တယ်လေ။ အ ဖေလုပ်ခဲ့တဲ့ မပြီးသေးတဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းရွက်ဖို့ ကျနော့မှာ တာဝန်ရှိတယ်´

ဟု ပြောပြီး ပြောနေသော စကားကို ခေတ္တရပ်ကာ သူ့တပည့်ကျော် မောင်ဖိုးဇော် အခွံနွှာပေးထားသော ပုဇွန် ကင်တကောင်ကို အားရပါးရ ဝါးနေလေသည်။ ဆရာကြီးပြောပြသော စကားကို နားထောင်ရင်း ကျနော်စဉ်စားမိသည်မှာ ဆရာကြီး၏ဘဝတွင် အလွန်အရေးကြီးသော ဇာတ်ကောင်တယောက်မှာ သူ၏ဖခင်ပင်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် ကျနော်က အားလုံးကြားအောင် ယခုကဲ့သို့ ပြောလိုက်၏။

´ဆရာကြီးဟာ အင်မတန် ကံကောင်းတဲ့ ပုဂ္ဂိုလ်လို့ ကျနော် မြင်တယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုရင် မှန်ကန်တဲ့ အနာဂတ်ကို လမ်းကြောင်းတခုကို ပီပြီပြင်ပြင် ချပေးနိုင်တဲ့ ဖခင်ကောင်းတယောက်ရဲ့ သားဖြစ်ခဲ့ရတယ်လေ။ ဆရာကြီး ကိုယ်တိုင်လည်း မိဘလမ်းညွန်တဲ့အတိုင်း လိုက်နာ ကြိုးစားခဲ့တယ် မဟုတ်လား´

ဟု ဆိုရာ ဆရာကြီးက

´ဟုတ်တယ်။ မြန်မာစကားပုံမှာ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗ္ဗ္ဗ္ဗာစရိယ မိနဲ့ဘဲလို့ ဆိုထားတယ် မဟုတ်လား။  ကျနော်အဖေက ကျနော့ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်ဖြစ်သလို ဘဝလမ်းကြောင်းကို တည့်တည့်မတ်မတ် ညွှန်ကြားခဲ့ တဲ့ ဆရာဆိုတာတော့ အမှန်ဘဲ။ ဒါကြောင့်မို့လို့ အရူးအမူးဖြစ်ခဲ့ဖူးတဲ့ ဂီတကို တခါတည်းတိကနဲဖြတ်ပြီး ကျောင်းစာဘက် ကို ဇောင်းပေးလိုက်တယ်။ ဒါ့ ကြောင့်ထင်ပါရဲ့။ မဆလခေတ်မှာက နိုင်ငံခြားးပညာတော်သင်ဆုဆိုတာ အင်မတန်ခက်ခဲ တာ။ အဲဒီဆုကို ကျနော်ရခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ ဂျပန်ပြည် ကျိုတို တက္ကသိုလ်မှာ ပါရဂူတန်းကို တက်ခွင့်ရခဲ့တယ်။ ဂျပန်မှာ ငါးနှစ်လောက် ပညာ တော်သင် ပါရဂူတန်းကျောင်းသားဘဝတုန်းကတော့ ဘဝရဲ့အနာဂတ်ပုံရိပ်ကို မှန်းဆပြီး အရမ်းလှပခဲ့တာပေါ့…။ ကျောင်းပြီးလို့ဂျပန်ကပြန်လာတော့ ရန်ကုန်တက္ကသိုလ်မှာဘဲ အလုပ်ပြန်ဝင်ရတယ်။ ဒီအချိန်မှာ တိုက်တိုက်ဆိုင် ဆိုင် တက္ကသိုလ် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက တော်တော် အရှိန်ရနေပြီ။ ငွေစက္ကူ အရေးအခင်း၊ ဖုန်းမော် အရေးအခင်းတွေ ဖြစ်ပြီးနေပြီ။ တပါတီ အာဏာရှင်စနစ်ဖြုတ်ချရေး နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တက္ကသိုလ်ပရဝုဏ်ထဲတင် မဟုတ်တော့ဘူး။ ပြည်လမ်း အင်းစိန်လမ်းကနေ မြန်မာနိုင်ငံအဝှမ်းကို ပြန့်နှံ့နေကြပြီလေ´

ဟူ၍ ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများကို ပြန်လည် ပြောပြခဲ့သည်။ ထိုအခါ ကျော်အေးသိန်းက

´ဆရာကြီး..ခင်ဗျား။ ဆရာကြီး ဂျပန်က ပညာတော်သင်ဘဝနဲ့ ပြန်လာချိန်မှာ ရှစ်လေးလုံး အရေးအခင်းက ဖြစ်ခါနီးပြီဆိုတော့ ဆရာကြီးတို့ ရန်ကုန်တက္ကသိုလ်က အခြေအနေလေးတွေကို သိချင်ပါတယ် ခင်ဗျား. ကျနော်တို့ သိခွင့်ရအောင် ပြောပြပေးပါဦး ခင်ဗျာ´

ဟူ၍ တောင်းဆိုလေရာ ဆရာကြီးက ဤသို့ဆိုလေ၏။

´အေး..အေး. ပြောပြတာပေါ့။ ဇွန်လအရေးအခင်းကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သွားရောက် ညှိနှိုင်းပြောဆိုဖို့ သမိုင်းဌာန ပါမောက္ခ ဦးထွန်းအောင်ချိန်က ကျနော့ကို တာဝန်ပေးလာတယ်။ ဒီလို တာဝန်ပေးလာတာ့ ကျနော်က ´ဟာ… ဆရာကြီးကတော့..လုပ်ပြီ။ ဆိုင်းမထည့်နဲ့ဆိုတဲ့ ဘုန်းကြီးအကြောင်းကို ကြားဖူးတယ်မဟုတ်လား။ ကျနော်က ကျောင်းသားတွေကို မတားဆီးနိုင်ဘဲ ကိုယ်တိုင် ဆန္ဒပြရာမှာပါသွားမှဖြင့် ဟုတ်ပေ့ဖြစ်နေဦးမယ်ဆရာ´ လို့ ဆိုတော့ ပါမောက္ခက ´ပါလည်းပါပေါ့ဆရာရယ် ကိုယ်တို့ ဌာနမှာက အားကောင်းမောင်းသန်ဆိုလို့ ကိုရင်တို့လောက်ဘဲ ရှိတာလို့´ဆိုရှာတယ်။ တကယ်ပါဘဲ ကျနော်လည်း ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးရင်း တပည့်များ နဲ့အတူတူ တဖြည်းဖြည်းပါသွားခဲ့တယ်။ နောက်ဆုံးမတော့ စစ်ကြောရေးစခန်း ခရောင်းလမ်းကိုဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ့်ငါးနှစ် ချမှတ်ခံရသည်အထိ ဆိုပါတော့´

ဟူ၍ ကိုကျော်အေးသိန်း၏ အမေးကို ပြန်ဖြေလေ၏။ ထိုသို့ ဆရာကြီးပြောပြနေသော ဘဝအတွေ့အကြုံများ သည် မျက်မှောက်ခေတ် သမိုင်းအဖြစ်အပျက်များဖြစ်သဖြင့် ပရိဿတ်အားလုံးလည်း စိတ်ပါဝင်စားစွာ နားထောင်နေကြ သည်။ ဆရာကြီးသည် အသံသြဇာလည်းကောင်းသဖြင့် လေးငါးဆယ်ခန့်သော ပရိဿတ်အတွက် မိုက်မလိုဘဲ ကောင်း စွာ ထိန်းနိုင်သည့် အဟောအပြောကောင်း ပုဂ္ဂိုလ်တယောက်လည်း ဖြစ်၏။ ဆက်လက်၍ အကျဉ်းထောင်ထဲတွင် သူဖြတ် သန်းခဲ့ရ သော အတွေ့အကြုံများကို ယခုကဲ့သို့ ဆက်ပြောသည်။

´အင်းစိန်ထောင်မှာက ပြဿနာတွေ သိပ်များတယ်။ စုံမှစုံဘဲ ပြဿာနာတွေကလေ။ ထောင်ထဲမှာ တခုခုဖြစ်ပြီ ဟေ့..ဆိုရင် လူတွေက ကျနော့ကိုဘဲ ဦးတည်ကြတယ်။ ခက်တာက အချောင်သမားတွေ အထူးသဖြင့် နိုင်ငံရေး အချောင် သမားတွေ အများကြီးဘဲတွေ့ခဲ့ရတယ်။ ဒီနေ့သိပ်ပြီးတော့ နာမည်ကောင်းယူနေကြတဲ့ ထောင်ထွက်နိုင်ငံရေးသမားတွေ ထဲမှာ အဲဒီအချောင်သမားတွေပါနေတယ်။ ကျနော့အနေနဲ့ ဘယ်သူဘယ်ဝါဆိုပြီး နာမည်တပ်ပြောလို့တော့ မကောင်းပါ ဘူး။ ဒီကောင်တွေက ဘာလုပ်သလဲဆိုတော့ ထောင်အာဏာပိုင်တွေနဲ့ပေါင်းမယ်။ မိဘကတတ်နိုင်သူတွေဆိုတော့ လိုင်း ဝင်မယ်။ အဲသလိုလိုင်းဝင်ထားပြီးတော့ ထောင်ထဲမှာ စကားကြီးစကားကျယ်တွေ ပြောကြမယ်။ ဘာလုပ်မယ် ညာလုပ်မယ် ပေါ့။ အဲသလိုမျိုးပေါ့။ တကယ်ပြန်တွေးကြည့်ရင် စိတ်ပျက်စရာ သိပ်ကောင်းတယ်။ ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသား တယောက်က အခုလိုမေးလာတယ်။ ဆရာ ´အကျဉ်းထောင် လက်စွဲ ဥပ ဒေ´ကို ဖတ်ဖူးသလားတဲ့။ ကျနော်က ´ငါတော့ သေချာမဖတ်ဖူးဘူး။ ဒါပေမဲ့ ငါကြားဖူးသလောက်တော့ အကျဉ်းသား အ ခွင့်အရေးဆိုတာက အရင်ဆုံးလာပြီးမှ အဲဒီ နောက်မှာ အကျဉ်းသားတွေလိုက်နာရမဲ့ စည်းကမ်းချက်တွေ မလိုက်နာရင် ချ မှတ်ခံရမဲ့ပြစ်ဒဏ်တွေဆိုတာလာတယ်လို့ ကြားဖူးတယ်´ လို့ ပြောလိုက်တော့ အဲဒီကျောင်းသားက ´ဒါဖြင့် ထောင်ပိုင် ကို ဆရာ့အနေနဲ့ ဒါကိုပြောသင့်တယ်။ ထောင်ပိုင်ကို ဆရာပြောပါ´လို့ အရေးဆိုလာတယ်´

ဟုပြောရာ ဖိုးဇော်က

´သူတို့က ဆရာကြီးက ဆရာဆိုတော့ အားကိုးကြလို့ နေမှာပေါ့´

ဟု ဝင်ပြောလေ၏။ သို့သော် ဆရာကြီးသည် ဖိုးဇော်ပြောသည်ကို ပြန်မဖြေဘဲ သူ့စကားစ လမ်းကြောင်းမ ပြောင်းသွားစေရန် ဤသို့ ဆက်ပြောလေသည်။

´အဲဒီအချိန်က အင်းစိန်ထောင် ထောင်ပိုင်ကြီးနာမည်က ဦးဘိုကြည်…တဲ့။ သူက ကျနော်တို့ကို တလတခါ ခေါ် တွေ့လေ့ရှိတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခေါ်တွေ့တဲ့အခါတိုင်း သူ့နှုတ်က ရွက်နေကြစကားလုံးတွေက ဘယ် လိုလဲဆိုတော့ ´ခင်ဗျားတို့အားလုံးကို ဒီမှာလာထားတာဟာ ခင်ဗျားတို့ကို ကျနော်တို့ အင်းစိန်အကျဉ်းထောင်မှာ လာနေ ပါလို့ ခေါ်လို့ ခင်ဗျားတို့ရောက်လာတာမဟုတ်ဘူး။ အဲသလိုဘဲ ခင်ဗျားတို့ကလည်း ဒီနေရာမှာတော့ နေလို့ကောင်းပါ တယ် ဆိုပြီး နေချင်လွန်းလို့လာနေကြတာမဟုတ်ဘူး။ ထားတဲ့သူကလာထားလို့ ကျနော်တို့က လက်ခံထားရခြင်းသာဖြစ် တယ်။ အဲဒီမှာ အဓိကကတော့ ကျနော်တို့က ဒီအကျဉ်းထောင်ရဲ့ ဥပဒေအတိုင်း လုပ်ရမှာဘဲ´တဲ့။ သူရဲ့ ရွတ်နေကျထောင် တရားအဆုံးမှာ ကျနော်က ´ဟုတ်ပြီ အကျဉ်းထောင်လက်စွဲဥပဒေမှာ ထောင်ပိုင်ကြီး ပြောသွားတာထဲမှာ ကျနော်တို့ကို ဘယ်လို ပြစ်ဒဏ်ပေးနိုင်တယ် ဘယ်လို အပြစ်ပေးနိုင်တယ်ဆိုတာတွေကိုဘဲ ပြောသွားတယ်။ အကျဉ်းထောင် ဥပဒေမှာ အကျဉ်းသားအခွင့်အရေးဆိုတာလည်း ပါတယ်။ အဲဒီ အကျဉ်းသားအခွင့်အရေးဆိုတာကိုလည်း ကျနော်တို့ကို ပြောပြပါ လို့´ ဆိုတော့ ထောင်ပိုင်ကြီးရဲ့ မျက်နှာဟာ အတော်လေး မကြည်မလင်ဖြစ်သွားတယ်။ မကြည်တဲ့မျက်နှာနဲ့ ထောင်ပိုင် ကြီးက ´အေးပါ ခင်ဗျားတို့မှာလည်း အခွင့်အရေးရှိပါတယ်။ ဒီအကြောင်းတွေကို နောက်မှ ပြောတာပေါ့ဗျာ။ ဒီနေ့က ခင်ဗျားတို့ကိုခေါ်တွေ့တာ သက်သက်ပါ´ဆိုပြီး အားလုံးကို ပြန်ခိုင်းလိုက်တယ်။ ကျနော်မေး တာကို ဘာမှ မဖြေခဲ့ဘူး´

ဆရာကြီးသည် ထိုသို့ပြောပြီးနောက် သူ့စကားကို အာရုံစူးစိုက်နားထောင်နေကြသော ပရိဿတ်များဘက်သို့ တချက်ကြည့်လိုက်သည်။ အမှန်တကယ်ဖြစ်ပွါးခဲ့သည့် သမိုင်းတခုအား ကိုယ်တိုင်ပါဝင်ခဲ့သူ ဆရာကြီးက ပြန်လည်ပြောပြ နေသည်များကို နားထောင်နေကြသူများသည် နောက်ထပ် ဘာများဆက်ဖြစ်လာမည်နည်းဟူသော သိချင်ဇောဖြင့် ငံ့လင့် နေသည်ကို မြင်သောအခေါ သူ၏ ပြောလက်စ စကားကို ဤသို့ ဆက်ပြန်လေသည်။

´အဲဒီတွေ့ဆုံပွဲပြီးလို့သိပ်မကြာခင် စက်တင်ဘာ ၂၅ ရက် အရေးအခင်းဖြစ်လာတယ်။ ဒီအရေးအခင်းကို အရင် ဆုံး စတာက  ကြိုးတိုက်ကစတာ။ စဆူတာ။ ကျနော်တို့က ဘာတခုမှကိုမသိဘူး။ အဲဒီ စက်တင်ဘာ ၂၅ အရေးအခင်း မ ဖြစ်ခင် ထောင်အာဏာပိုင်တွေ မျက်မုန်းကျိုးစေမဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့သေးတယ်ဗျာ။ အဲဒါကတော့.. ဒီနေ့ ရှစ်ဆယ့် ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် နှစ်ယောက်ပေါ့။ သူတို့ဟာ အခု မြန်မာနိုင်ငံမှာနာမည်ကြီးတွေပေါ့။ သူတို့က ကျနော့ကို ´ဆရာ ကျနော်တို့ အကျဉ်းသား အခွင့်အရေး ကာကွယ်ရေး အဖွဲ့အစည်းဆိုတာကို ဖွဲ့စည်းရင် ကောင်းမ လား´ ဆိုပြီး ပြောလာတယ်။  ထောင်ထဲမှာ ဘာအသင်း ဘာအဖွဲ့အစည်းမှ မဖွဲ့ရဘူးဆိုတာကို ကျနော်သိတယ်။ သိပေ မဲ့လည်း မင်း တို့ လုပ်ချင်ရင်လည်း …လုပ်။ မလုပ်နဲ့လို့ဆိုရင်  ဒေါက်တာ အေးချမ်း အလကားပါ အာပလာပါ လူ ကြောက်ကြီးပါလို့ ဆိုကြမယ်။ သတ္တိမရှိဘူးလို့ ဆိုကြမယ်။ ဒါကြောင့် မင်းတို့လုပ်ချင်ရင်လည်း လုပ်ပေါ့ကွာ။ ဆိုတော့ သူတို့က ထောင်ထဲ မှာ သေသွားတဲ့ မန်းဒါဝိတ်နဲ့ ကျနော့ကို ခေါင်းတပ်ပြီး အဖွဲ့အစည်းဖွဲ့လိုက်ကြတယ်လို့ သတင်း လွှင့်လိုက်ကြတယ်…….။

………. ဒီသတင်းကြောင့် ကျနော့ကို ထောင်ပိုင်ကခေါ်တယ်။ ´ခင်ဗျားတို့ အသင်းအဖွဲ့ ဖွဲ့တယ်မဟုတ်လား´ တဲ့။ ကျနော်က ´ဘာအသင်းမှ မဖွဲ့ဘူး´လို့ ထောင်ပိုင်ကို ပြန်ပြောလိုက်တယ်။ ´ အေးဗျာ ဖွဲ့တာမဖွဲ့တာတော့ ခင်ဗျား တို့ သိမှာဘဲ´တဲ့။ ´ဒါပေမဲ့ ဒါဟာ ထောင်ဥပဒေကို ဆန့်ကျင်တယ်ဆိုတာကိုတော့ ခင်ဗျားတို့ သိမှာပေါ့´တဲ့။ ´ခင်ဗျားကို ကျနော်တို့ နောက်အမှုတခုနဲ့ စွဲလို့ရတယ်´တဲ့။ ဒီလိုထောင်ပိုင်က ခြိမ်းခြောက်လာတော့ ကျနော်က..´ဟာ ခင်ဗျားတို့ ကျနော့ကို ဘာအမှုနဲ့ထပ် စွဲမှာလဲ´ဆိုတော့  ထောင်ပိုင်က ´ဒါကို..ခင်ဗျားတို့သိမှာဘဲ´…တဲ့ဗျာ။ ကျနော့ကို ထောင်ပိုင် ကခေါ်တွေ့ပြီး သိပ်မကြာလိုက်ပါဘူး။ အလွန်ဆုံးကြာလှ သုံးလေးရက်ပေါ့။ ထောင်ဆူသံ ကြားလိုက်ရတယ်။ ကြိုးတိုက်က စဆူတယ်။ စဆူတော့ ထောင်အာဏာပိုင်တွေ ဘာလုပ်မယ်လို့ ခင်ဗျားတို့..ထင် ကြလဲ´

ဟု ငြိမ်ပြီး နားထောင်နေကြသူများကို မေးလေသည်။ ထို့နောက် ဆရာကြီးသည် ထောင်အတွေ့အကြုံ ရှိဖူးသူ ကျနော်ဘက်သို့လှည့်ကာ စိုက်ကြည့်နေသဖြင့် ကျနော့ကို သူ့မေးခွန်းအားဖြေစေလိုသည်ဟု ယူဆကာ ယခုကဲ့သို့ ဝင်ပြောလိုက်၏။

`ထောင်ဆူပြီဆိုရင်တော့ သူတို့က အကြီးအကျယ် နှိပ်ကွပ်တော့မှာဘဲပေါ့..ဆရာကြီး။ ခေါင်းဆောင်တဲ့ လူတွေကတော့ အကြီးအကျယ် နှိပ်စက်ခံရမယ်လေ။ ဒါက ယေဘုယျ သဘောပြောတာပါ။ ဒါပေမဲ့ တချိန်နဲ့ တချိန် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုကလည်း မတူဘူးဆိုတော့ ဆရာကြီးတို့ခေတ်က ဘယ်လိုကြုံခဲ့ရသလဲဆိုတာကို ပြောပြ ပါဦး..ဆရာကြီး´

ဟူ၍ သူ့အမေးကို ဖြေရင်း ဆရာကြီးတို့ဖြတ်သန်းခဲ့ရသော ထောင်တွင်းနှပ်ကွပ်မှုကြီးကို သိလိုစိတ်နှင့် ပြန်လည် မေးလိုက်မိသည်။

´သူတို့ဟာ ကြိုးစင်ကို ရှင်းလင်းရေး လုပ်တယ်။  အမှိုက်တွေကို ရှင်းတယ်။ ကြိုးပေးခံရတဲ့ လူတွေအတွက် အသုံးပြုတဲ့ ချိတ်တွေကို ပြင်ဆင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုထားတဲ့ တိုက်ဝင်းထဲမှာ အမြဲဆင်းလို့ခေါ်တဲ့ အကျဉ်းသားတွေ ရှိတယ်။ ဒီမောင်တွေကတော့ များသောအားဖြင့် စစ်ပြေးနဲ့ရဲပြေးတွေ များတယ်။ အမြဲဆင်းဆိုတာ တကယ်တော့ ထောင် အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းကို ထောက်လှမ်းခိုင်းထားတဲ့ ထောင် သတင်းပေးတမျိုးဘဲ……….။

……..အဲဒီအချိန်က ကြိုးမိန့်ကျနေတဲ့သူတွေကတော့ ဒလဘက်က အုပ်စုတွေရှိတယ်။ သင်္ဃန်းကျွန်းဘက်က အုပ်စု တွေရှိတယ်။ ကြိုးသမား တရာကျော်လောက် ရှိမယ်ထင်တယ်။ ဒီလို ကြိုးတိုက်ကို ရှင်းတာဟာ ဘယ်သူ့ကို ကြိုး ပေးမလို့ လဲ။ ဘယ်သူ့အတွက်လည်းဆိုတာကို ဘယ်သူမှမသိဘူး။ ကြိုးသမားတွေထဲမှာ သန်လျင်က ကိုကိုနိုင်ကလည်း ရှိတယ် အဲဒီအချိန်မှာ။ သန်လျှင် ရေနံချက်စက်ရုံကို ဗုံးခွဲတယ်ဆိုတဲ့အမှုနဲ့ သေဒဏ်အမိန့်ချခံထားရတဲ့ ကိုကိုနိုင်လေ။

ဘာဘဲဖြစ်ဖြစ် စအော်တာက ကြိုးတိုက်က စအော်တာ။ မနက်စောစော ငါးနာရီလောက်ကတည်းက ကြွေးကြော် သံကို ကြွေးကြော်ကြတယ်။ ဘယ်လို ကြွေးကြော်သလဲဆိုတော့ အကျဉ်းသား အခွင့်အရေး ရရှိရေး ဒို့အရေး ဒို့အရေး။ ဒီ လိုအော်တော့ ထောင်မဖွင့်တော့ဘူး။ ထောင်ဖွင့်တယ်ဆိုတာ ရေချိုးဆင်းချတာ။ မိလ္လာချတာ။ ခြေဆန့်လက်ဆန့် အပြင် ပေးထွက်တာ၊ အကျဉ်းခန်းထဲကနေ တိုက်ဝင်းထဲကို ခဏလေးထွက်ခွင့်ရတာကို ပြောတာ။ ခုဟာက ထောင်ကမပွင့်တာ သက်သက်မဟုတ်တော့ဘဲ အကျဉ်းသားတွေကို အရေးယူ အပြစ်ပေးတာကိုပါ ချက်ချင်းလုပ်လာတယ်………။

……….. ပြီးတော့ ထောင်ဗူးဝတွေပေါ်မှာ လော်စပီကာကြီးတွေတင်ပြီး အဲဒီကာလက သိပ်ခေတ်စားခဲ့တဲ့ ဟင်္သာ တ ထွန်းရင်း စာဥသီချင်းကို အကျယ်ကြီး ဖွင့်ထားတယ်။ ဒီလိုဘာလို့ဖွင့်ထားတာလဲဆိုတော့ အထဲမှာ အကျဉ်းသားတွေ ကို အသားကုန်နှိပ်ကွပ်နေတဲ့ အသံကို အပြင်က မကြားစေချင်လို့။ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာ။ အင်းစိန်ထောင် တထောင်လုံး အရှင်လတ်လတ် ငရဲခံနေရတဲ့ အသံတွေ အပြင်ကို လျှံထွက်သွားမှာကို ကာကွယ်တဲ့အနေနဲ့ စာဥကို ဖွင့်ထားတာ။ အခု ကျနော်ပြောပြတာတွေကို ၁၉၉၀ ခုနှစ် စက်တင်ဘာလအတွင်းက အင်းစိန်ထောင်မှာ အကျဉ်းကျခံခဲ့ရ ဖူးသူတိုင်း သိပါတယ်။ အဲဒီတုန်းက ကျနော်က ငါးတိုက်မှာ။ ငါးတိုက်မှာ ပထမဆုံး ဆွဲထုတ်ခံရတဲ့သူကတော့ ကျနော်ပါ ဘဲ။ လာပြီး အရင်ဆုံး ဆွဲထုတ်တာပါ ဘဲ။  လာပြီးဆွဲထုတ်တဲ့လူက ကျောင်းနေဘက်သူငယ်ချင်း ပြုံးချိုတဲ့။ သူက ဒုတိယ ထောင်ပိုင်၊ ထောင်ပိုင်ကြီးပြီးရင် ဒုတိယ အာဏာအရှိဆုံးသူပေါ့။ သူက ´သူငယ်ချင်း မင်းကို ထောင်ပိုင်ကြီးက စကားပြော ချင်လို့ လိုက်ခဲ့ပါ´တဲ့။ ကျနော် က ´အေးပါ လိုက်ခဲ့တာပေါ့။ အေးဆေးပေါ့။ လိုက်တာပေါ့´ဆိုတော့ ´ပုံစံလဲပါ´တဲ့။ ဒါကြောင့် ပုံစံလဲလိုက်တယ်။ ပြီးတော့ သူက ´သူငယ်ချင်း မင်းကို ဒီမှာထားလို့ မရ တော့ဘူး´တဲ့။ ´မင်းပစ္စည်းတွေ သိမ်းကွာ´ တဲ့။ သိမ်းဆိုလည်းသိမ်းတာပေါ့ ကွာဆိုပြီး ရှိတဲ့ဟာလေးတွေကို ကောက်ထည့်နေစဉ်မှာဘဲ ကြာတယ်ကွာလို့ ဟို ခပ်လှမ်းလှမ်းက တယောက်က အော် ပြောတာကို ကြားလိုက်ရတယ်။ ကြာတယ်ကွာ လူဘဲ ထုတ်ခဲ့ကြတဲ့။ ဒိလိုအသံ မျိုးကြားလိုက်ရတော့  ကျနော်လည်း သ ဘောပေါက်နေပြီ။ ဘာဖြစ်တော့မယ်ဆိုတာ အလို လို …သိနေပြီ………။

…….. အခန်းထဲကအထွက်မှာ ကျနော့မျက်နှာကို အဝတ်နဲ့အုပ်လိုက်တယ်။ တိုက်အပြင်ကို ရောက်တယ် ဆိုရင် ဘဲ ဂန်း ပိုက်နဲ့တီးတာဗျာ။  ဘုန်း.. ဘုန်း …ဘုန်းနဲ့ တလမ်းလုံး ကျွဲရိုက်နွားရိုက် ရိုက်ပြီးတော့ ဆွဲခေါ်လာကြတယ်။ ဒီအ ကြောင်း တွေကို နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇဝန ရေးထားသေးတယ်။ တလမ်းလုံး တဘုန်းဘုန်းနဲ့တီးပြီးတော့ ထောင်ကျရုံးကို သူတို့ ခေါ်သွားကြတယ်။ အဲဒီကိုရောက်တာနဲ့ ချက်ချင်း အခြားတယောက်နဲ့တွဲပြီး သံခြေချင်း ခတ် လိုက်တယ်။ နှစ်ယောက်တွဲ သံခြေချင်းခတ်ပြီးတာနဲ့ အမိန့်ပေးသံ တသံကြားရတယ်။ ´လာခဲ့ မင်းတို့ နှစ်ယောက်၊ ဒီမှာလာ ထိုင်´တဲ့။  ကျနော်က အတူတူ ခြေချင်းခတ်ခံထားရတဲ့သူကို ´ခင်ဗျား ဘယ်သူလဲဗျ´ ဆိုတော့ သူက ´ကျနော် အောင်ဟိန်းပါ´တဲ့။ ´ငါ . အေးချမ်း´လို့ပြန်ပြောတော့ သူက ´အသံကြားကတည်းက ဆရာမှန်း ကျနော်သိတယ်´တဲ့။ အဲဒီအချိန်မှာ စကားမပြောနဲ့ကွဆိုပြီး နောက်ကလာပြီးတော့ ဘုန်းဘုန်းနဲ့ ဆော်ပလော် တီးပြန်ရော။ အဲဒီလို အတီးခံနေ ရချိန်မှာဘဲ တယောက်ကဝင်လာပြီး ကျနော့မျက်နှာကို ခြေထောက်နဲ့ကန်ထည့်လိုက်တယ်။ နောက်ပြန်လန်ပြီးကျသွား တယ်။ ဒါပေမဲ့ ကျနော့်ဦးခေါင်းဟာ မြေကြီးပေါ်ကိုကျခွင့်မရလိုက်ဘူး။ ခေါင်းမြေကြီးကိုမကျခင်အချိန်လေးမှာ အခြားတ ယောက်က ဝင်လာပြီး  နောက်ကနေဆောင့်ကန်ထည့်လိုက်ပါလေရော။ ခင်ဗျားတို့စဉ်းစားကြည့်ကြစမ်းပါ။ ကျနော် ဘယ် လောက်ခံ စားရမလဲဆိုတာ ခင်ဗျားတို့စဉ်းစားကြည့်ပေါ့။ မျက်နှာကိုလည်း အဝတ်နဲ့အုပ်ထားသေး။ လူနှစ်ယောက်တွဲပြီး ခြေထောက်ကို သံခြေချင်းလည်း ခတ်ခံထားရသေး။ ဒါကို ဂန်းပိုက်နဲ့ အသားကုန်တီးရုံနဲ့ အားမရသေးဘဲ မျက်နှာတည့် တည့်ကို ဆောင့်ကန်ခံရတယ်။ နောက်လန်ကျသွားတဲ့အချိန်မှာ မြေကြီးကိုမကျခင် တခါ ပြန်ကန်ခံရတယ်။ ဘယ်လောက် ဆိုးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝတွေလဲ။ ဒါတွေက အကင်းဘဲရှိသေးတယ်။ ကျနော်ကြုံခဲ့ရတာတွေထဲမှာ ဒီထက် ဆိုးတဲ့ ဟာတွေ အများကြီးရှိသေးတယ်´

ဟုဆိုကာ ဆရာကြီးသည် သူ့ရှေ့တွင်ချထားသော မိုဟီတိုး ခွက်ကိုယူပြီး အရသာခံ သောက်နေလေသည်။ ထို အခါ စောစောက ဆရာကြီးပြောပြသော ကိုယ်တွေ့ထောင်တွင်းခရီးကြမ်း ဖြတ်သန်းမှုအား တိတ်ဆိတ်ငြိမ်သက်စွာ အာရုံ စူးစိုက်နားထောင်နေကြရမှာ အချင်းချင်း တယောက်မျက်နှာ တယောက်ကြည့်ကာ ဆရာကြီးအပေါ် ကရုဏာ သက်သော အကြည့်များဖြင့် ကြည့်သူကကြည့်ပြီး အချို့ကလည်း ကြားရတာ စိတ်မကောင်းလိုက်တာကွာ ဟူသော  စကားများဖြင့် တီးတိုးပြောဆိုနေကြသည်။ ထိုအချိန်တွင် ကိုကျော်အေးသိန်းက ဤသို့ပြောလေ၏။

´ဆရာကြီးတို့ခေတ်က ထောင်တွင်းဖြတ်သန်းမှုက အရမ်းကြမ်းတယ်နော်။ ကျနော်တို့က စာထဲမှာလောက် ဖတ်ဖူးတာ။ သတင်းထဲမှာဘဲ ကြားဖူးတာ။ အခုလို ကြားရတော့ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာ တကယ်မကောင်းပါဘူး. ဆရာကြီး။ ဒါကြောင့် ဆရာကြီး ဦးဝင်းတင်က ထောင်ကို လူ့ငရဲဆိုပြီး ငရဲနဲ့ ခိုင်းနှိုင်းပြီး ရေးခဲ့တာ ဖြစ်မယ်´

ဟု ဆိုလေသည်။ ထို့နောက် ဆရာကြီးသည် မဆုံးသေးသော သူ့စကားကို ဆက်ပြန်လေသည်။

´ဟုတ်တယ် ကိုကျော်အေးသိန်း၊ ကျနော် ဆက်ပြောဦးမယ်။ အခု ခင်ဗျားမေးထားတဲ့ မေးခွန်းကို ကျနော် ပြည့်စုံ အောင် မဖြေရ သေးဘူးထင်.လို့။ ကျနော်တို့ဖမ်းဆီးထောင်ချခံရတဲ့ကာလက ခုခေတ်လို ခေတ်ကောင်းမဟုတ်ဘူး ဗျ။ ဒီနေ့ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြောင်း သတင်းတွေ ဖေ့စ်ဘုတ်တွေကတဆင့် ဖတ်နေသိနေရတာ ကတော့ ကိုယ်တွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ယှဉ်ရင် ဆီနဲ့ရေပါဘဲ။ ဟိုတုန်းက ဘာအခွင့်အရေးမှမရှိဘူးလေ။ နှိပ်စက်ခံ သက်သက်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့ ကာလ။ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း မဲမဲမြင်ရာဖမ်းဆို သလို ဖမ်းပြီး စစ်ခုံရုံးကနေ အပြစ်ပေး နေတဲ့ကာလ။ အာဏာပိုင်တွေဟာ ထောင်မချခင် စစ်ကြောရေးမှာ ဆန်ခါစစ်သလို အသားကုန် စစ်ဆေးမေးမြန်းပြီးတာကိုတောင် မကျေနပ်သေးဘဲ ထောင်ထဲရောက်တော့လည်း နေ့စဉ်ရက်ဆက်ခေါ်ပြီး စစ်ကြောရေးလုပ်သေးတယ်။ အင်မတန် စိတ်ပျက်စရာကောင်းတယ်။ ဒီလိုမျိုး ခဏခဏခေါ်ပြီး စစ်ကြောရေးလုပ်ခံနေရ တော့ အရမ်းစိတ်ဆင်းရဲရတယ်။ ဒီလိုစိတ်ပျက်ရာကနေ လူ့ဘဝကြီးကိုလည်း ငြီးငွေ့လာတယ်။ နှစ်ပေါင်းများစွာ ကြိုးစား တည်ဆောက်ခဲ့တဲ့ ပါရဂူတယောက်ရဲ့ ဘ၀ ကလည်း အင်းစိန်ထောင်ငရဲတွင်းမှာ ကျခံဖို့ဘဲလားလို့တွေးမိလာတယ်……။

………ဒါကြောင့် စဉ်းစားမိတယ်။ ငါ …ဘာဖြစ်တာလဲ။ ငါ..ဒီတိုင်းပြည်ကို ပြန်လာတာဟာ အရမ်းကိုမှားသွားပြီ လား။ နိုင်ငံခြားမှာနေခဲ့ရင် အကောင်းသား။ ငါ.. ဒီ ပါရဂူဘွဲ့ကြီးကိုရယူပြီး တိုင်းပြည်အတွက်လည်း ဘာမှ အကျိုးမပြုနိုင် တော့ဘူး။ လူမျိုးအတွက်လည်း ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ငါ့အဖေလည်း .ဆုံးပြီ။ အမေလည်း ..ဆုံးပြီ။ သမီးလေး တယောက် တော့ရှိတယ်။ ငါ့မျိုးဆက်တော့ ကျန်ခဲ့ပြီ။ ဒီတော့ ငါ…အသက်ရှင်နေလို့ကော..ဘာထူးဦးမှာလဲ။ သေလိုက် တာက ကောင်းဦးမယ်။ ဒီတိုင်းပြည်ကလည်း ဘယ်တော့မှ ဒီမိုကရေစီရမှာလဲ။ ရမယ်လည်း မထင်ပါဘူး။ စစ်တပ်က ဒီ လောက်တောင် အားကောင်းနေတာ။ အဲသလိုစဉ်းစားမိပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချ လိုက်တယ်´

ဟု ဆရာကြီးက ပြောလေရာ ကျော်အေးသိန်း ပါးစပ်မှ အံ့သြစွာဖြင့်

´ဗျာ… ဆရာကြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမိတယ်.. ဟုတ်လား။ ဘုရား. ဘုရား´

ဟု ဘုရားတလေရာ ဆရာကြီးက ဟုတ်မှန်ကြောင်း ပြောဆိုလေသည်။

´ ဟုတ်တယ်။ ကျနော် ကိုယ့်ကိုယ်ကို သေကြောင်း ကြံခဲ့တယ်။ ဒါကြောင့် ဘယ်လိုသေရမလဲလို့ စဉ်းစားကြည့် တော့ ခြေရင်းဘက်က နံရံအထက်ပိုင်းမှာရှိတဲ့ လေဝင်ပေါက်က သံတိုင်မှာ လုံချည်ကို ကြိုးကွင်းသိုင်းပြီး ဆွဲကြိုးချလိုက် ရင် တခါတည်းကိစ္စပြတ်ရောလို့တွေးမိတာနဲ့ ဂန်ဖလားထည့်တဲ့ ထင်းရူးပုံးကို နံရံဘက်ကိုရွှေ့လိုက်တယ်။ ဂန်ဖလားဆို တာက ထောင်ထဲမှာ အိမ်သာအဖြစ် အသုံးပြုတဲ့ဟာကို ခေါ်တာ။ ကျနော်က အရပ်ကလည်းနည်းနည်းရှည်တယ်ဆိုတော့ အဲဒီထင်းရှူးပုံပေါ် ဂန်ဖလားတင်ပြီး တက်ထရွန်လုံချည်ကို သံတိုင် မှာ လျှိုပြီးချည်လိုက်တာ အတော်ဘဲဖြစ်သွားတယ်။ ကျနော့လည်ပင်းကို အဲဒီလုံချည်ကွင်းထဲထည့် ကြည့်တာ အံကျပါဘဲ။ အောက်ကရပ်ထားတဲ့ ဂန်ဖလားကိုဆောင့်ကန် လိုက်ပြီးတာနဲ့ ကျနော်လည်း တခါတည်းသေရောဘဲ။ … … …

….. ဒီအချိန်မှာ ကိုယ့်ဖာသာကိုယ် အရေးကြီးတဲ့မေးခွန်းနှစ်ခု မေးကြည့်တယ်။ နံပါတ်တစ်မေးခွန်းက.. အေးချမ်း…မင်း ကိုယ့်ကိုယ်ကို တကယ်..သတ်သေရဲသလား။ သေဝံ့သလား.. ဆိုတော့။ ဟုတ်တယ်.. ငါ.. ငါ့ကိုငါ ….သတ်သေဝံ့တယ်။ မသေရဲစရာ ဘာအကြောင်းမှမရှိဘူး…..။

……နောက်မေးခွန်းတခုက..အိုကေ.ဒါဆိုရင်..အခုလိုဆွဲကြိုးချသေတာဟာ သူရဲကောင်းတယောက်ရဲ့ သေခြင်း မျိုး… ဟုတ်သလား။ နံပါတ်နှစ် မေးခွန်းရဲ့အဖြေကျတော့…မဟုတ်ဘူး။ ဒါဟာ သူရဲကောင်းတယောက်ရဲ့သေ ခြင်းမျိုးတော့မ ဟုတ်။ ဒါဖြင့် ဒါဟာ…ဘာလဲ……။

…… အဲသလို ကျနော်တယောက်တည်း ဖြစ်နေတုန်း ကျနော့နားထဲမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က အသံတသံကို ပြန်ကြားလာ တယ်။ တဖြေးဖြေးနဲ့ အဲဒီအသံဟာ ပိုပြီး.. ပီပီသသ… ကြားလာရတယ်။ ´ငါ့သား… မောင် မောင်..မင်းမှားနေပြီ။ မင်းသိပ်မှားနေပြီ´ ဆိုတဲ့ အဖေရဲ့…အသံ။ ကျနော့ကိုဆုံးမခဲ့တဲ့…စကားတွေ။ အဖေနဲ့ကျနော် ပြော ဖြစ်ခဲ့တာတွေကတော့..ဒီလိုခင်ဗျ´

ဟု ဆိုကာ ဆရာကြီး၏ စကားရေလျဉ်ကြောတွင် မျောပါနေကြေသော ပရိဿတ်များကို ဝေ့ဝိုက်ကြည့်နေလေ ၏။ ပြောဆိုနေသော အကြောင်းအရာ၏ အရေးအကြီးဆုံး အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သေဖြင့် နားထောင်နေသူ များ၏ သိလိုစိတ်များများက အလွန်ပြင်းပြနေကြသည်။ ညစာစားပွဲဟုဆိုသော်လည်း ညစာစားပွဲနှင့်မတူဘဲ စာသင်ခန်းမ ကြီးတခုထဲတွင် စာအသင်အပြအလွန်ကောင်းသော ဆရာကြီးတဦး၏ စာသင်ခန်းနှင့်သာ တူနေတော့သည်။ စိတ်ဝင်တ စား နားထောင်နေကြသော ညစားစားပွဲလာ ပရိဿတ်ကို ဆရာကြီးသည် ယခုကဲ့သို့ သူ့စကားကို ဆက်ပြန်လေသည်။

´တနေ့မှာ ကျနော်က အဖေ့ကို အခုလိုပြောပြတယ်။ ကျနော်တို့ဆီမှာ အဖေကို ပါပါလို့ခေါ်ပြီး သားတွေက မောင်မောင်ဆိုတဲ့ နာမ်စားကိုသုံးလေ့ရှိကြတယ်။ ကျနော်လည်း မိဘတွေနဲ့စကားပြောရင် ကိုယ့်ကိုယ်ကိုယ် မောင်မောင် ဆိုတဲ့နာမ်စားကို အသုံးပြုသလို မိဘတွေကလည်း မောင်မောင်လို့ ခေါ်တတ်ကြတယ်။ ပါပါ၊ မောင်မောင်လေ ကိုယ့်ကို ကိုယ် သတ်သေဝံ့တဲ့လူတွေကို အရမ်း ချီးကျူးတယ်..ပါပါ။ ဘာဖြစ်လို့လည်းဆို တော့  ကိုယ့်အသက်ကိုတောင် သတ်ဝံ့ တဲ့လူ… ဒီလူတွေဟာ တကယ် သတ္တိကောင်းတဲ့လူတွေဘဲလို့…. ကျနော်ကပြောတော့ အဖေက..ဟေ့ကောင်… မင်းမှား နေပြီ။ မင်းထင်တာတွေ ဘာတခုမှမဟုတ်ဘူး မောင်မောင်။ ငါ့သား.. မင်းရဲ့အတွေးအခေါ်တွေ အရမ်းမှားနေပြီကွာ။ ဒီလို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့လူတွေဟာ သတ္တိကောင်းလွန်းလို့ မဟုတ်ဘူးကွ။ သူတို့ဟာ လောကဓံတရားကို ရင် မဆိုင်ဝံ့လို့၊ ခံစားနေရတဲ့ ဒုက္ခတွေကို ရင်မဆိုင်ဝံ့လို့ ကြောက်လို့ လောကကြီးထဲက ထွက်ပြေးသွားကြတာ။ သတ္တိ ကြောင်တာ သူရဲဘောကြောင်တာကွ။ သတ္တိရှိတာမဟုတ်ဘူး။ အဖေလည်း ထောင်ကျခဲ့ဖူးတာဘဲ။ ထောင်ကျတာတောင် ကိုယ့်တိုင်းပြည်မှာကျတာမဟုတ်ဘူး။ အိန္ဒိယပြည်မှာသွားကျတာ။ ဒါပေမဲ့ တခါမှ ကိုယ့်ကိုယ်ကို သတ်သေဖို့မစဉ်းစားမိ ဘူး။ တသက်လုံး နိုင်ငံရေးလုပ်လာခဲ့လို့ လောကဓံလှိုင်း ပုတ်ခတ်တဲ့ဒဏ်ကိုလည်း မျိုးစုံ ခံစားခဲ့ဖူးတာဘဲ။ ဒါပေမဲ့ မင်း တွေးသလိုမျိုးတော့ တခါမှ မတွေးမိပါဘူး… ငါ့သားရာ။ လူကလေး မင်း နောက်ကို အဲသလို ဘယ်တော့မှ…မကြံစည်နဲ့ နော်။ မကြံစည်ကောင်းဘူး ..သား။ ပါပါတို့လူဖြစ်လာဟာ တကယ်တော့ လောကဓံကို လက်မြှောက်အရှုံးပေးဖို့ ..လူ ဖြစ်လာတာမဟုတ်ဘူး.ကွ..ငါ့သား။ လောကဓံလှိုင်းကို အနိုင်ယူဖို့ လူဖြစ်လာတာ .ကွ။ ဘယ်လို အခြေအနေ ရောက် ရောက် ကြိုးစားရင် ဘာမဆို ဖြစ်လာနိုင်တာဘဲ… သား …….   လို့ဆိုတဲ့ အဖေပြောခဲ့တဲ့ အသံကိုပြန်ကြားမိတော့ ကျနော့စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်သွားတယ်။ ချီတုံချတုံနဲ့ပေါ့။ အဖေပြောတာ ယုတ္တိတန်ပါတယ်။ ဒါပေမဲ့ ကျနော် ပြတ် ပြတ်သားသား မဆုံးဖြတ်နိုင်သေးဘူး။ သေချာစဉ်းစားဦးမယ်လို့ စိတ်ကူးနေခိုက်မှာ တိုက်ဝက အသံတသံ ကြား လိုက်ရတယ်။ တာဝန်ဆိုတဲ့ ထောင်ဝါဒါ ရုတ်တရက် အော်လိုက်တဲ့..အသံ။ ဒါကြောင့် သံတိုင်မှာချည်ထားတဲ့ လုံချည်စကို ခပ်သွက်သွက်ကလေး ဖြုတ်ယူလိုက်တယ်။ အဲဒီအချိန်မှာ တာဝန်ကျ အရာရှိဟာ ကျနော့အခန်းရှေ့ကို ရောက်လာနေ ပြီ…….. ။

……… ဘောင်းဘီတိုနဲ့ဖြစ်နေတဲ့ကျနော့ကို တာဝန်ကျအရာရှိက မအိပ်သေးဘူးလားလို့ မေးတော့။ ကျနော်က ဘယ်လို အိပ်လို့ရမလဲဗျာ ဒီလောက်ခြင်တွေကိုက်တဲ့ဟာကိုဆိုတော့ အဲဒီအရာရှိက အိပ်ပျော်အောင်အိပ်လေလို့ဆိုပြီး ရှေ့ကို ဆက်သွားလေရဲ့။ တော်သေးတာပေါ့၊ စောစောကအနေအထားနဲ့သာတွေ့လိုက်ရလို့ကတော့ ကိုယ့်ကိုယ်ကို သေ ကြောင်းကြံမှုနဲ့ နောက်မှုကပ်ပြီး ထောင်ဒဏ်ထပ်တိုးခံမှာ သေချာတယ်။ အဆင်မသင့်ရင် ပြစ်ဒဏ်တိုက်တွေ ဘာတွေ တောင် ရောက်ရင်ရောက်သွားနိုင်သေးတယ်။ ဒီလောက်နဲ့ဘဲ တော်လိုက်ကြဦးစို့။ ဒီလို ဇာတ်မျိုးကို ပြန်ခင်းရတာ အ ဟောင်းတွေ အသစ်အသစ် ပြန်ဖြစ်တတ်လွန်းလို့။ ကဲ..မောင်ကျော်အေးသိန်း ကျေနပ်ရဲ့လား။ မောင်ရင်တို့သိချင်တာ ရှိသေးရင်လည်း နောက်မှ ပြောကြတာပေါ့။ အခုတော့မောသွားပြီ´

ဟု ဆိုကာ သူ့ကျော်လွှားခဲ့ရဖူးသော ဇာတ်လမ်းကို အဆုံးသတ်လိုက်လေသည်။

အနောက်ဘက်တံတိုင်းကို ပညာလက်နက်ဖြင့်ကာကွယ်ပေးနေသူ

ညစာစားပွဲမှ ဘန်ဂလိုသို့ ပြန်ရောက်ချိန်မှာ ည ၁၂ နာရီထိုးနေပြီ။ ပင်လယ်မှဖြတ်တိုက်လာသော လေကလည်း အေးစက်နေ၏။ ကျနော်တို့တည်းခိုနေသော ရီဆော့(Resort)ကား တိတ်ဆိတ်စွာ အိတ်မောကျနေပေပြီ။ သို့သော် ကျော် အေးသိန်းနှင့် ကျနော်တို့နှစ်ယောက်ကား စောစောက ဆရာကြီးပြောပြခဲ့သော အကြောင်းအရာနှင့် ပတ်သက်ပြီး အမျှင်မ ပြတ်သော အတွေးကိုယ်စီဖြင့် ဘန်ဂလိုရှေ့က ဝရန်တာတွင် ထိုင်နေကြသည်။

ယင်းသို့နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်နေရာမှ ကျော်အေးသိန်းမှ စတင်၍

´ဘုရား.. သိကြားမလို့ ဆရာကြီးဟာ မသေကောင်းမပျောက်ကောင်းနော် … ဆရာ။ ဆရာကြီးက စိတ်လိုက် မာန်ပါ ဟောဟော..ဒိုင်းဒိုင်း လုပ်တတ်ပါဘိသနဲ့။ ဆရာကြီးအဖေ ပြောပြခဲ့တဲ့ စကားကိုသာ ပြန်အမှတ်မရဘူးဆိုရင် တ ကယ်လုပ်ချင် လုပ်ပစ်မလား မသိဘူးနော်။ ဆရာကြီးရဲ့အဖေဟာ တမလွန်ဘဝကနေ ဆရာကြီး ကယ်လိုက်တာဘဲလို့ ကျနော် ထင်တယ် ..ဆရာ။ နားထောင်ရင်းနဲ့ အသည်းတထိတ်ထိတ် ရင်တဖိုဖို ခံစားရတယ်ဗျာ´

ဟု ပြောလေသည်။ ပြီးတော့ ကျနော့်ဆီက တုန့်ပြန်သည်ကိုပင် မစောင့်ဆိုင်းဘဲ သူသည် ယခုလို ဆက်ပြောပြန် သည်။

´ကြားရတာ စိတ်မကောင်းလိုက်တာဗျာ။ ကျနော်တို့ဆရာကြီး ဒီလောက်ဆိုးဝါးတဲ့ အတွေ့အကြုံတွေကို ဖြတ် သန်းခဲ့ရတာတောင်မှ သူ့ဘဝမှာ ကျရှုံးမသွားဘဲ ထိပ်ဆုံးကိုပြန်ရောက်အောင် တက်နိုင်ခဲ့တာ အံ့သြစရာဘဲနော်။ တ ကယ်ပါ။ အခုလို သိလာလိုက်ရတဲ့အချိန်မှာ ကျနော် ဆရာကြီးကို အရင်ထက် ပိုကြည်ညိုလာတယ်ဗျာ´

ဟု စုတ်တသပ်သပ်ဖြင့် ပြောရှာသည်။ သူကား ဆရာကြီးကို အလွန် လေးစားချစ်ခင်သူဖြစ်သောကြောင့်  ဤမျှ ကြမ်းတမ်းသော ဘဝခရီးကြမ်းကို ဖြတ်သန်းခဲ့ရမည်ဟု လုံးဝမျှော်လင့်မထားခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ ဆရာကြီး ကိုယ်တိုင် ပြောပြသည့်စကားကို ကြားရသောအခါ များစွာ စိတ်မကောင်း ဖြစ်မိနေလေသည်။ ထို့ကြောင့် ကျနော်က သူ့ ကို ခုလိုပြန်ပြောပြလိုက်သည်။ ကျနော်နှင့်သူကား အသက်အတန်ကွာသဖြင့် ရင်းရင်းနှီးနှီး မင်းနဲ့ငါနဲ့ပြောလေ့ရှိသည်။

´ကျော်အေးသိန်း။ မင်းလည်းကျောင်းဆရာလုပ်ဖူးတာဘဲ၊ ငါလည်း ကျောင်းဆရာလုပ်ဖူးတာဘဲ။ ငါတခုပြောပြ မယ်…မင်းကို။ ငါတို့ကိုယ်တိုင်လည်း ကျောင်းသားတွေကို သင်ပြခဲ့ဖူးသလို ကျောင်းသားဘဝမှာ ကိုယ်တိုင်လည်း ရေးခဲ့ဖူး တဲ့ စာစီးစာကုံး ခေါင်းစဉ်လေးတွေ ရှိတယ်လေ။ ဘာလဲဆိုတော့ ´ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်´တို့။´လှေခွက်ချည်း ကျန် အလံမလှဲ´တို့ ဆိုတာတွေလေ။ ဒါပေမဲ့ ငါတို့က ရေးရုံသာရေးကြတာ။ ဆရာ..ဆရာမက ခိုင်းလို့ ..ဖတ်ရုံသာ ဖတ် ကြတာ။ စာမေးပွဲအတွက်ဘဲ ရေးခဲ့ကြတာလေ။  ဘဝအတွက် ရေးကြ.သားကြ.သင်ယူကြတာမဟုတ်လေတော့ ကျောင်း ကလည်းထွက်ရော။ စာတွေကလည်း အုန်းပင်ထိပ်ဖျားကို ပျံတက်သွားကြတာဘဲ မဟုတ်လား။ ဆရာကြီးတို့ကျတော့ ငါ တို့လို မဟုတ်ဘူး..ဟ။ ပညာကို ဘဝထဲမှာ လက်တွေ့အသုံးချသွားတာ။ ကိုယ်ယုံကြည်ရာကို ဘာအခက်အခဲ ကြံကြုံ  မ ဖြုံစတမ်း နောက်မဆုတ်စတမ်း လုပ်ခဲ့လို့ အခုလို အဖိုးတန်လူသားတယောက် ဖြစ်လာတယ်လို့ဘဲ ငါကတော့ မှတ်ချက် ချချင်တယ်ကွာ။ ငါပြောတာ မှန်လားတော့ မသိဘူး´

ကျနော်အမြင်ကို သူ့အား ပြောပြလိုက်သည်။ ထို့နောက် ကျနော်တို့နှစ်ယောက်သည် စကားဆက်မပြေဖြစ်ဘဲ တိတ်ဆိတ်စွာဖြင့် ပင်လယ်ပြင်ဘက်ကို ကြည့်နေမိကြသည်။ သို့သော် မျက်နှာများက ပင်လယ်ပြင်ဘက်ကို မူနေသော် လည်း အတွေးများမကမူ ပင်လယ်ထဲတွင် ရှိမနေဘဲ အင်းစိန်အကျဉ်းထောင်ထဲမှ ဆရာကြီးခံစားခဲ့ရသော ငရဲရက်များကို စိတ်မှန်းဖြင့် တွေးတောကြည့်နေမိကြလေသည်။ ဆယ့်ငါးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက် ယခုကဲ့သို့ သူ့ခံစားချက်ကို ဖွင့်အံလေသည်။

´ ဆရာကြီးပြောပြသွားတာတွေဟာ ကျနော့်ခေါင်းထဲက ထွက်မသွားဘူးဗျ။ ဆက်စပ်ပြီး တွေးကြည့်မိတယ်။ အာ ဏာပါးကွက်သားတွေက ပညာရှင်တယောက်ကို အခုလို ရက်ရက်စက်စက် ပြုမူကြတာကိုကြားရတော့ စိတ်မကောင်းဖြစ် ရုံမဟုတ်ဘူး။ နင့်နေအောင် ခံစားရတယ်။ ထောင်ထဲမှာ ခုနစ်နှစ်နဲ့တလတောင်နေခဲ့တာဆိုတော့ ခါးသီးတဲ့ အတွေ့အကြုံ ဆိုးမျိုးတွေ ဘယ်လောက်တောင် ခံစားခဲ့ရလည်းမှ မသိတာဗျာ။ ဒီနေရာမှာ ဆရာကြီးနေရာမှာ ကျနော် ဝင်ခံစားကြည့် တယ်ဗျာ။ ဒီလောက် ပညာတွေ တပုံတခေါင်းကြီးသင်လာပြီး တက္ကသိုလ်မှာ ပါရဂူ ပညာရှင် ဖြစ်လာပြီးမှ ကလေကချေ တ ယောက်ကို ပြုမူသလိုပြုမူခံရတော့ အရမ်းစိတ်ဆင်းရဲလာမယ်။ ဒါကြောင့် ခုနက ဆရာကြီးပြောပြသလိုဘဲ ကြံမိတာဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ ပညာရှိဆိုတော့ အလုပ်တခုလုပ်တော့မယ်ဆိုရင် နောက်ဆုံးမှာ ဆင်ခြင်မှု ဝေဖန်မှု ရှိတတ်စမြဲလေ။ ဒါကြောင့် ဒီ အဓိပ္ပါယ်မရှိတဲ့ ကိုယ့်ကိုယ်ကိုသတ်သေမဲ့ အလုပ်ကို နောက်ဆုတ်လိုက်တာနေမှာပါ။ နောက်တခုက ကျနော့ အထင်ပေါ့လေ။ အတွေးအမြင်ဆိုလည်း ရတာပေါ့။ ဒီလိုလည်း စဉ်းစားကောင်း စဉ်းစားမှာပေါ့။ ငါ ဒီပညာတွေကို တတ် အောင်သင်လာခဲ့တာဟာ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခလုပ်ဖို့တခုတည်းအတွက်ဘဲလား။ အခြား လုပ်စရာ ဘာမှမ ရှိတော့ဘူးလားပေါ့´

ဟု ပြောပြီး သူ့စကားကို ရပ်ထားသည်။ ထို့ကြောင့် ကျနော်က

´လုပ်ပါဦး မင်းစကားက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်´

ဆိုရာ သူသည် အဝေးတနေရာသို့ စူးစိုက်ကြည့်နေပြီး ယခုကဲ့သို့ သူ့အမြင်ကို ပြောပြလေ၏။

`ဘာမှ.လုပ်စရာမရှိတော့ဘူးဆိုရင်.. ရှိတာပေါ့။ သိပ်ရှိတာပေါ့။ လုပ်ဖို့သာ လိုတယ်။ အလုပ်ချင်တဲ့သူအတွက် လောကကြီးမှာ လုပ်စရာတွေက တပြုံကြီးဘဲ ရှိနေတယ်ဆိုတာကို မြင်လာပါလိမ့်မယ်။ အရေးကြီးတာက ရှင်သန်ခြင်းဘဲ။ ကျန်းကျန်းမာမာနဲ့ ရှင်သန်နေရင် ဘယ်နေရာကိုဘဲ ရောက်နေရောက်နေ လောကကောင်းကျိုးကို ဆောင်ရွက်နိုင်တာဘဲ မဟုတ်လား။ ကျနော်ကြားဖူးသလောက် တော့ ဆရာကြီးဟာ ထောင်ထဲမှာလည်း အင်္ဂလိပ်စာတွေ သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံ ပညာတွေကို သင်ကြားပေးတယ်လို့ ကြားဖူးတယ်။ ထောင်တွင်းပညာရေး သင်ကြတဲ့ ပုံစံအတိုင်းပေါ့။ စာအုပ်စာတမ်း တော့ ဘယ်ရှိပါ့မလဲ။ ထောင်တွင်းတက္ကသိုလ်လို့ ပြောရမလားမသိဘူးပေါ့။ ထောင်ကလွတ်လာပြီး နောက်မှာတော့ နိုင်ငံ ခြားကိုထွက်သွားပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက တက္ကသိုလ်တွေမှာ ပါမောက္ခတာဝန်တွေနဲ့ အလုပ်လုပ်ရင်း သိပ်အ ရေးပါတဲ့ စာတမ်းတွေ ကျမ်းတွေကို ရေးသားပြုစုခဲ့တယ်။ အထူးသဖြင့် မြန်မာနိုင်ငံအနောက်တံခါးလို့တင်စားကြတဲ့ ရခိုင် ပြည်ကို ဘင်္ဂလီကုလားတွေက ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ်နဲ့ ခြေရှုပ်လာတာကို ခုခံကာကွယ်ပေးနိုင်တဲ့ စာတမ်းတွေ .. ကျမ်းတွေပေါ့။ ဒါတွေကို အင်္ဂလိပ်လို ဂျပန်လို မြန်မာလို အထောက်အထား ခိုင်ခိုင်မာမာနဲ့ ထုတ်ဖော်ရေးသားမှုဟာ ဆရာ ကြီးရဲ့ ကြီးမြတ်တဲ့ လုပ်ဆောင်ချက်တခု မဟုတ်လား.. ဆရာ´

ဟု ကျနော့်ကို မေးခွန်းထုတ်လေရာ သိပ်သေချာတာပေါ့ဟု ကျနော်က သူ့စကားကို ထောက်ခံလိုက်သည်။ သူကား သူပြောနေသည့်စကားကို အရှိန်မသတ်သေးဘဲ

´ဒီကနေ့ မြန်မာနိုင်ငံကို ဘာသာရေး လူမျိုးရေးအရသာမက အချုပ်အခြာ အာဏာကိုပါ မူဆလင်နိုင်ငံတွေရဲ့ နောက်ကွယ်က ထောက်ခံအားပေးမှုနဲ့ လှုပ်ရှားလာကြတဲ့ အလိမ်အညာ ရိုဟင်ဂျာဇာတ်လမ်းကို ဆရာကြီးက ဒါဟာ လုပ် ကြံလီဆယ်ထားတဲ့ လုပ်ဇာတ်ပါဆိုတာကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ရေးလည်းရေးပြတယ်။ ဟောလည်း ဟော ပြောတယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတမျိုး မြန်မာသမိုင်းမှာရော ရခိုင်သမိုင်းမှာရော ဒါ့အပြင် ကိုလိုနီခေတ် ဗြိတိသျှတွေရဲ့ မှတ်တမ်းမှာပါ ဘယ်နေရာရာမှ မပါဘူး။ ဒါကြောင့် ပြတ်ပြတ်သားသားဘဲ မရှိဘူးလို့ ခိုင်မာတဲ့အထောက်အထားတွေနဲ့ သမိုင်းမှန် ထုတ်ဖော်ပြသခဲ့တယ်။ ဒါကြောင့် မြန်မာတပြည်လုံးလည်း ရိုဟင်ဂျာဆိုတာဟာ လုပ်ဇာတ်မှန်း သိသွား ကြပြီ။ ဒါတွေဟာ.. ဆရာကြီးရဲ့ အဓိပ္ပါယ်ရှိသော တန်ဖိုးမဖြတ်နိုင်သော သမိုင်းကောင်းတခုကို ရေးထိုး ခြင်းဘဲမဟုတ်လား… ဆရာ´

ဟု သူခံစားချက်ကို အရှည်ကြီးပြောပြပြီးနောက် ခေတ္တနားလိုက်ချိန်တွင် သူ့အမြင်ကို ကျနော်ကလည်း ယခုကဲ့ သို့ ဖြည့်စွက်ပေးလိုက်လေ၏။

´မင်းအတွေးအခေါ်ဟာ တကယ်မှန်ကန်တဲ့ အတွေးအခေါ်ပါဘဲ. ငါ့ညီ။ တကယ်တော့ ဆရာကြီးတို့ မိသားစု ကိုယ်တိုင်က သမိုင်းထဲက ဇာတ်ကောင်တွေဘဲ မဟုတ်လား..ကွ။ ဆရာကြီးဖခင်ဟာ သူ့ခေတ်ကပေးလာတဲ့ သမိုင်းပေး တာဝန်ကို ထမ်းရွက်ခဲ့သလို ဆရာကြီးတို့လက်ထက်ကျတော့လည်း အားလုံးသိတဲ့အတိုင်းဘဲ ဒီကနေ့ လူမျိုး သမိုင်း နိုင်ငံသမိုင်းအတွက် အခက်အခဲ အကျပ်အတည်းနဲ့ ကြုံရချိန်မှာ။ တခြားသူတွေက လက်ပိုက်ပြီး ဘေးထိုင်ဘုတော လုပ် နေကြချိန်မှာ ငါတို့ဆရာကြီးက အားလုံးရှေ့က မားမားမတ်မတ် သတ္တိရှိရှိ ထွက်ပြီး ရပ်တည်ပေးနေတယ် မဟုတ်လား။ တကယ်လို့ ဒီ ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ်တွေကို ဆရာကြီးလို ပုဂ္ဂိုလ်ကြီးတယောက်က ထွက်ပြီး မရပ်တည်ဘူးဆိုရင် တိုင်းပြည် ဘာဖြစ်သွားမလဲ။ ဒါကြောင့် ငါတို့ဆရာကြီးဟာ တိုင်းပြည်နဲ့လူမျိုးကို ပညာလက်နက်နဲ့ ခုခံကာကွယ်ပေးနေ တဲ့ တံတိုင်းတချပ်လို့ဘဲ ငါ…တင်စားချင်တယ်´

ဟု ပြောလိုက်ရင်း ကျနော့စိတ်ထဲတွင် ငယ်စဉ်က အလွန်နှစ်သက်ခဲ့ဖူးသော ကျော်ဟိန်းသီချင်း တပိုင်းတစကို ကြားယောင်လာမိသည်။ ထိုအပိုင်းအစများသည် ပင်လယ်များ ရိုးမတောင်များကို ဖြတ်သန်းကာ ရောက်လာကြကုန်၏။ အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ကာ ထိုစဉ်က ပရိဿတ်အချစ်တော် ကျော်ဟိန်း၏။ ´သင်ဟာ သမိုင်းကြောင်း ကောင်းဖို့ တခုခု လုပ်ပြီးပြီလား´ ဟူသော အသံသည် ကျနော့နားထဲတွင် ကျယ်လောင်စွာ မြည်ဟီးလျှက် ရှိချေသည်။ သီချင်းနာ မည်က အဓိပ္ပါယ်ရှိသောလူ ဖြစ်သည်။ သို့ဆိုလျှင် ကျနောတို့၏ဆရာကြီးကား တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းကောင်း တခုကို ကိုယ်တိုင် ရေးထိုးခဲ့ပြီးပြီ မဟုတ်ပါ….လော။ လောကဓံကို အရှုံးမပေးဘဲ အဓိပ္ပါယ်ပြည့်ဝစွာ ရှင်သန်ဖြတသန်းခဲ့ သည်ပင် မဟုတ်ပါ…. လော။

ပြီးပါပြီ

 

 

( စာကောက်သုံးရန် )

´သား….ပါပါတို့လူဖြစ်လာဟာ တကယ်တော့ လောကဓံကို လက်မြှောက်အရှုံးပေးဖို့ ..လူ ဖြစ်လာတာ                       မဟုတ်ဘူး.ကွ..ငါ့သား။ လောကဓံလှိုင်းကို အနိုင်ယူဖို့ လူဖြစ်လာတာ .ကွ။ ဘယ်လို အခြေအနေ ရောက်ရောက် ကြိုးစားရင် ဘာမဆို ဖြစ်လာနိုင်တာဘဲ… သား ……. ´

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.