“ ပင်လယ်ပြင်ထဲက ပြန်လမ်းမရှိ ဘဝအချို့”

0
8253

ရဲနိုင်ဦး

မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀ မှ ၆၀ ကြား ကပ္ပလီပင်လယ် ပြင်ကြီးနဲ့အတူ ကျွန်းကြီး၊ ဝါးကျွန်း၊ နတ်ကျွန်း၊ ငှက်ပျောကျွန်းတွေနဲ့ သာယာလှပလို့နေပါတယ်။ သာယာလှပတဲ့ အဲဒီပင်လယ်ပြင်ထဲမှာတော့ အရုပ်ဆိုးအကျည်းတန်စရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေပါ တယ်။

အဲဒီပင်လယ်ပြင်ကြီးထဲမှာ ဧရာဝတီတိုင်းဒေသကြီးအပြင် အခြားပြည်နယ်နဲ့တိုင်းအချို့က ရေလုပ်သားတွေကိုအသုံးပြုပြီး ကျားပိုက်ဖောင်လုပ်ငန်း၊ စိန်ပိုက်ငါးဖမ်းစက်လှေလုပ်ငန်းတို့ လုပ် ကိုင်နေကြရာမှာ ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်အထိ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရရှိတဲ့စာရင်းတွေအရ လူသတ်မှု၊ လူကုန်ကူးမှုနဲ့ သေမှုသေခင်းဖြစ်ပွားမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ် ချောင်းတောင်ကျေးရွာ၊ အဘော်ကျေးရွာ၊ အစင်ကျေးရွာ၊ ဓမင်းဆိပ်ကျေရွာ၊ ဇီးဖြူသောင်ကျေးရွာနဲ့ အံဒင်ငါးမျှားစခန်းကျေးရွာတွေက ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေကို အထက်ကပြောခဲ့တဲ့ ပြည်နယ်တိုင်းဒေသတွေကနေ ရေလုပ်သားအဆင့် အလိုက် ငှားရမ်းအသုံးပြုနေကြတာပါ။ အဓိကပြစ်မှုဖြစ်ပွားကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတွေ၊ ကျန်းမာရေးအရ သေဆုံးခဲ့ရသူတွေကလည်း အဲဒီရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။

လူပွဲစားအချို့ရဲ့ စည်းရုံးဆွဲဆောင်မှုကြောင့် ပင်လယ်ထဲသို့ လုပ်ကိုင်ရမည်မှန်းမသိပဲရောက်ရှိ လာပြီး လုပ်ကိုင်နိုင်စွမ်းမရှိတော့သဖြင့် ခုန်ချထွက်ပြေးသေဆုံးခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း ကြောင့် လှေတွင်ဦးစီးဦးဆောင်ပြုနေသည့် အချို့သောသူများ၏ ညှင်းပန်း နှိပ်စက်မှုကြောင့်သော် လည်းကောင်း၊ ကျန်းမာရေးချို့ယွင်းလာမှုကြောင့်သော်လည်းကောင်း၊ အချင်းချင်းထိုးကြိတ် သတ် ဖြတ်ခြင်း၊ မကျေနပ်၍ ပြန်လည်သတ်ဖြတ်ခြင်းတို့ကြောင့်သော်လည်းကောင်း ပြစ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ လှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

“ ခေါ်လာတဲ့သူတွေအများစုက လုပ်ငန်းမကျွမ်းကျင်တာများသလို ဒီလိုပင်လယ်မှာလုပ်ရမယ်ဆိုတာလဲ မသိတာများတယ်။ အလုပ်လိုချင်လို့လာကြပေမယ့် ပွဲစားတွေက ဒီလိုမပြေးအောင်လို့ ဒီလူတွေကို အရက်တိုက်တယ်။ လိုချင်တာတွေပေးထားတယ်။ တချို့ဆို

ပင်လယ်ထဲရောက်မှသိကြတယ်။ အချို့ဆို ဦးစီးတွေနှိပ်စက်တာမခံနိုင်လို့ ရေထဲခုန်ချပြီးပြေးတဲ့သူတွေရှိတယ်။ မှုခင်းဖြစ်စဉ်မပေါ်ပဲ ပျောက်သွားတာတွေလဲရှိတယ် ” လို့ ဦးစီးချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုပါတယ်။

ပင်လယ်ပြင်အတွင်း ၂၀၁၅ ခုနှစ်၌ လူသတ်မှု ၆ မှုဖြစ်ပွားခဲ့ပြီး ကျားပိုက်ငါးဖမ်းဖောင်တွင် (၂)မှု၊ ငါးဖမ်းစက်လှေပေါ်တွင် (၃)မှု၊ ရေလုပ်ငန်းလုပ်ကိုင်ရာဇီးဖြူသောင်ကျေးရွာတွင် (၁)မှုဖြစ်ပွားခဲ့ပါ တယ်။ ၂၀၁၆ ခုနှစ်မှာတော့ လူသတ်မှု ၄ ခုဖြစ်ပွားခဲ့ပြီး ဖောင်ပေါ်၌ ၃ မှု၊ စက်လှေပေါ်၌ ၁ မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

လူကုန်ကူးမှုအနေနဲ့ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် (၁) မှုစီဖြစ်ပွားခဲ့ပြီး အခြားအရပ် ဒေသများမှာရှိတဲ့ ရေလုပ်ငန်းရဲ့သဘောသဘာဝကို သိရှိနားလည်ခြင်းမရှိသူတွေကို လုပ်အားခ ခေါင်းပုံဖြတ်ရယူလိုတဲ့ လူပွဲစားများက ယုံကြည်မှုပေးကာ စည်းရုံးသိမ်းသွင်းပြီး ရေလုပ်ငန်းရှင်များထံ အပ်နှံကြတယ်၊ လုပ်အားခအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူကျူးလွန်တာတွေရှိတယ်ဆို့ တာဝန်ရှိသူ တို့က ဆိုကြပါတယ်။
%e1%81%80%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%95
ပွဲစားတွေ လုပ်ချင်တိုင်းလုပ်လို့မရအောင် ကျွန်တော်တို့အနေနဲ့ နောက်ပိုင်းမှာ အစည်းအဝေး တွေ ရေလုပ်ငန်းရှင်တွေနဲ့ပြုလုပ်တဲ့ အသိပညာပေးဆွေးနွေးပွဲတွေမှာ မှာကြားထားတာတွေရှိပါတယ်။ အရင်က အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေလုပ်ငန်းစာချုပ်ချုပ်တာ လုပ်ငန်းရှင်ရဲ့အိမ်/ပွဲစားရဲ့အိမ် တွေမှာပဲ ချုပ်ကြပါတယ်။ အခုဆိုရင် ကျေးရွာအုပ်ချုပ်ရေးမူှးရုံးနဲ့ ရေလုပ်ငန်းရှင်များအသင်းရုံးတွေမှာ ချုပ်ကြဖို့ ညွှန်ကြားထားပါတယ်။ အဲ့လိုချုပ်ဆိုတဲ့နေရာမှာလည်းအသိသက်သေတွေနဲ့ ဒီအလုပ်ကို ကိုယ်တိုင်လုပ်လိုစိတ်ရှိ/မရှိ ကြိုတင်ငွေထုတ်ယူမှုနဲ့ပတ်သက်ပြီး ကျေနပ်မှုရှိ/မရှိ မေးမြန်းပြီးမှ ချုပ် ဆိုကြဖို့လဲ မှာကြားထားပါတယ်။ အဲ့ဒါကလည်း လုပ်ငန်းရှင်အားလုံးက လိုက်နာပြီး လုပ်ကိုင်ကြမှ ဒီလူကုန်ကူးမှုတွေ လျော့နည်းကျဆင်းမှာပါ။ ဖြစ်နိုင်ရင် ကြိုတင်ငွေကိုလျှော့ချပြီး လုပ်အားခ (လုပ်ခ)ငွေကို ပိုပြီးတိုးပေးနိုင်ရင် ပွဲစားတွေလည်း ပပျောက်သွားမှာပါ။ ဒီမှာဖြစ်နေတာက အလုပ် သမားတွေ ပင်လယ်ထဲမဆင်းခင် ပွဲစားအိမ်မှာနေထိုင်ပြီး စားသောက်မယ်။ ပျော်ပါးကြမယ်။ အဲ့မှာ သုံးတဲ့ငွေက (၃၊ ၄)သိန်းကျော်လာလည်း လုပ်ငန်းရှင်တွေက ကြိုတင်ငွေ (၅-၇)သိန်းလောက်ထုတ် ပေးနေတော့ သိပ်မမှုကြဘူးလို့ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောပါတယ်။

” တကယ်တန်းပင်လယ်ထဲဆင်းပြီး အလုပ်လုပ်ကိုင်တဲ့အချိန်ကျတော့ ကြိုတင်ငွေတွေ အများ ကြီးထုတ်ထားလို့ ရာသီကုန်အထိလုပ်ကိုင်လည်း ငွေပိုဖို့မရှိတော့ဘူး။ အဲဒီအချိန်မှာ အလုပ်လုပ်ရတာ ကလည်း မပျော်တော့ဘူး။ လုပ်ငန်းခွင်ပျော်ရွှင်မှုမရှိတော့ဘူး။ ငါးဖမ်းလှေ/ကျားဖောင် တွေပေါ်မှာ ခိုက်ရန်ဖြစ်ပွားတာတွေ၊ ညှင်းပန်းနှိပ်စက်ခံရတာတွေ ရှိလာပါတယ် ” လို့ သူက ဆက်ပြီးပြောပြ ပါတယ်။

ပင်လယ်ပြင်အတွင်း သေမှုသေခင်းဖြစ်ပွားမှုအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ရေလုပ်သား (၂၁)ဦးနဲ့ ၂၀၁၆ ခုနှစ်မှာ (၁၉)ဦးတို့ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုတွေအထဲမှာ ၂ နှစ်အတွင်း ရေနစ်သေဆုံးမှု (၁၆)မှု၊ ကျန်းမာရေးမကောင်းပြီး ဖျားနာသေဆုံးမှု (၂၄)မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ စောစောကပြောသလိုပေါ့၊ အလုပ်သမားရဖို့ပဲစဉ်းစားပြီး ပွဲစားတွေနဲ့ ချိတ်ဆက် လုပ်ကိုင် မယ်၊ ကြိုတင်ငွေတွေ အဆမတန်ထုတ်ပေးပြီး လစာကနည်းနေတယ်ဆိုရင် ဒီပြဿနာတွေ ဆက်ပြီး ဖြစ်နေမှာပါ။ ကြိုတင်ငွေတွေထုတ်ပြီး အလုပ်သမားက ပင်လယ်ထဲခုန်ချ ထွက်ပြေးသွားတာတွေ၊ အလုပ်ဆက်လုပ်ချင်တော့ပေမယ့် ကြိုတင်ငွေမကြေလို့ ကမ်းပေါ်ပြန်မတင်ပေးပဲ အတင်းခိုင်းစေနေ တာတွေ၊ မလုပ်နိုင်ရင် ညှင်းပန်းနှိပ်စက်နေတာတွေဖြစ်နေမှာပဲ၊ အဲ့ဒါကြောင့် လုပ်ငန်းရှင်တွေအားလုံး နဲ့ အလုပ်သမားဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ကြိုတင်ငွေပမာဏနဲ့ လုပ်အားခ ပမာဏကို ဖြစ်သင့်တဲ့အနေအထားဖြစ်အောင် လုပ်ဖို့လိုပါတယ် ” လို့ ရဲမှူးမြင့်သော်က ပြောပါတယ်။

ပိုက်လှေလုပ်ငန်းရှင်တစ်ဦးကလည်း “ ရေလုပ်သားဆိုတာကတော့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တဲ့အတွက် အလုပ်အကိုင်အတည်တကျမရှိပါဘူး၊ ငွေရလိုမှုတစ်ခုပဲရှိပါတယ်။ပင်လယ်ပြင်အတွေ့ အကြုံလဲမရှိပါဘူး။ ပွဲစားတွေရဲ့ နည်းမျိုးစုံနဲ့စည်းရုံးမှုနဲ့ အနယ်နယ်အရပ်ရပ်ကရောက်လာတယ်၊ စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်တွေဖတ်ပြတယ်၊ သဘောတူညီပြီး လုပ်ကိုင်နိုင်ပါတယ်ဆိုမှ လှေ ပေါ်၊ ဖောင်ပေါ်တက်ပါတယ် ” လို့ဆိုပါတယ်။

“ လုပ်ငန်းရှင်တွေကကြိုတင်ငွေတွေထုတ်ပေးတယ်၊ တချို့က တိုက်ရိုက်ရတာရှိတယ်။ ပွဲစား ကနေတဆင့်ရတဲ့လုပ်သားတွေကတော့ ထိန်းသိမ်းခေါ်ယူထားတဲ့စရိတ်တွေနှုတ်တော့ ဘာမှမကျန် တော့ဘူးပင်လယ်ပြင်တက်ချိန်မှာဘာမှခံစားခွင့်မရှိဘူး၊ ပဲ့နင်းတွေ၊ ဖောင်ဦးစီးတွေရဲ့ ကြိမ်းမောင်းမှုကို ခံရတော့ ခုန်ဆင်းထွက်ပြေးကြတယ်၊ မသေပဲ တစ်ခြားကျားဖောင်မှာဆက်လုပ်ကြတယ်၊ သေပြီလို့ သတင်းလွှင့်ထားပြီး လုပ်ငန်းရှင်တွေအပေါ် ပြန်ပြီးတောင်းတာတွေလဲရှိနေတယ်၊ ပြဿနာဖြစ်လာရင် လုပ်ငန်းရှင်တွေဘက်ကလည်း အများကြီးနစ်နာမှုရှိလို့ မဖြစ်ချင်ပါဘူး ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်မှုတွေကို ကြိုတင်ထိန်းချုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့စီမံမှုတွေ၊ ကြပ်မတ်ကွပ်ကဲမှုတွေဆောင်ရွက်ဖို့ စီစဉ်တင်ပြထားတာတွေ ရှိနေတယ်လို့ သိရ ပါတယ်။

အဖွဲ့ပေါင်းစုံပါဝင်တဲ့ လှေဝင်/လှေထွက်ကို စနစ်တကျစစ်ဆေးတဲ့ Check Point ကတော့ အမှန်တကယ်ရှိဖို့လိုအပ်ပါတယ်။ ဒါမှလည်း ပင်လယ်ပြင်ကိုမထွက်ခင်မှာ လှေ/ကျားဖောင်နဲ့ ရေလုပ် သားတွေကို ကျွန်တော်တို့ စနစ်တကျ စစ်ဆေးနိုင်မှာပါ။ လှေသားတွေထဲမှာ မလုပ်ချင်ပဲ ပါခဲ့တာတွေ၊ မကျေနပ်မှုရှိတာတွေကို ပင်လယ်ထဲရောက်မသွားခင် ကျွန်တော်တို့ တားဆီးစစ်ဆေးနိုင်ပါမယ်။ ပြီး တော့ အဲဒီရေလုပ်သားတွေအထဲမှာ ရဲစခန်းအသီးသီးက အလိုရှိနေတဲ့ တရားခံပြေးတွေ၊ ရဲဘက်ပြေး တွေ၊ ရဲပြေး/စစ်ပြေးတွေ ပါလာနိုင်ပါတယ်။ ဒါတွေကိုလည်း စစ်ဆေးဖို့လိုအပ်ပါတယ်လု့ိ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောပါတယ်။

“ ဥပမာ – လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ တရားခံပြေးတစ်ဦးဟာ ပင်လယ်ပြင်ထဲက စက်လှေ/ကျားဖောင်တွေပေါ်မှာလည်း လူသတ်ဖို့ဝန်လေးကြမှာမဟုတ်ပါဘူး။ ပြီးတော့ ငါးဖမ်းလှေကို လည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Check Point လုပ်နိုင်ဖို့ အထက်ကိုလည်း တင်ပြထား တာရှိပါတယ် ” လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်ရဲ့ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ အရင်ကတော့ check point ထားပြီး စစ်ဆေး ဆောင်ရွက်ခဲ့တာတွေရှိတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီတုန်းကတော့ တရားဥပဒေစိုးမိုးရေး နည်းတဲ့အချိန်ကာလဖြစ်သလို check point ကလည်း စနစ်တကျစစ်ဆေးတာမျိုးမရှိပဲ လာဘ်ပေး လာဘ်ယူတွေရှိခဲ့တယ်။ ယနေ့ကာလမှာတော့ check point ပြန်လည်ထားပြီး စနစ်တကျစစ်ဆေး ဆောင်ရွက်သင့်ပြီထင်တယ်၊ ဘာလို့ဆိုတော့ ရေးမြို့နယ်ရဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန် ကူးမှု၊ အတင်းအဓမ္မလုပ်အားခိုင်းစေမှု၊ ကလေးလုပ်သားခိုင်းစေမှုတွေနဲ့ အခြားပြစ်မှုတွေ အဖြစ်များ လာတယ်၊ နောက်ပြီးတော့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့မညီညွတ်ဘဲ ငါးဖမ်း ကိရိယာအသုံးပြုတာတွေ၊ လိုင်စင်မရှိဘဲလုပ်ငန်းဆောင်ရွက်တာတွေ အများကြီးတွေ့နေရတယ်ဟု ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သုံးသပ်ပါတယ်။

“ check point သာ အမှန်တကယ်ထားပြီး စိစစ်လိုက်မယ်ဆိုရင် ပြစ်မှုဖြစ်စဉ် တွေနည်းလာ မယ်၊ ပင်လယ်သယံဇာတတွေထုတ်ယူတဲ့နေရာမှာလည်း စနစ်တကျပိုဖြစ်လာမယ်၊ ခုဟာက ပင် လယ်ငါးဖမ်းလုပ်ငန်းကို ရေတပ်ကပဲ စစ်ဆေးနေတဲ့သဘောကိုတွေ့ရတယ်၊ အမှန်က ရေတပ်က ပင်လယ်ထဲမှာသာ သူတု့ိကို လုံခြုံရေးအရ စိစစ်ဆောင်ရွက်ဖို့ ယခင်မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဌာနက ဥပဒေနဲ့အညီ စိစစ်ခွင့်ပေးထားခဲ့တာဖြစ်တယ်၊ လိုအပ်တဲ့အဖွဲ့အစည်းတွေစနစ်တကျစုဖွဲ့ပြီး check point ထားပြီး စစ်ဆေးမယ်ဆိုရင် ယခုထက်ပိုပြီး အစစအရာရာ ကောင်းမွန်လာမယ်လို့ ထင် တယ် ” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးရဲ့ပြောကြားချက်အရ ရေလုပ်သားကတ် ကို ယမန်နှစ်က ၂၀၀၀ ခန့် လာရောက်လုပ်ကိုင်ကြရာမှ ယခုနှစ်တွင် ၃၈၀၀ ခန့်လာရောက်ပြုလုပ်နေ ပြီဖြစ်တယ်လို့ဆိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အဆိုအရတော့ ပင်လယ်ပြင်မှာ သောင်းနဲ့ ချီတဲ့လုပ်သားတွေရှိနေနိုင်ဦးမယ်လု့ိ သုံးသပ်နေကြပြီး တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်မှုမရှိဘူးဆိုရင် ပြစ်မှုဖြစ်စဉ်တွေက ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ ဆိုကြပါတယ်။

“ ဒီဖြစ်စဉ်တွေအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ဆီစာတင်ဖို့ဆောင်ရွက်နေတယ်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိတဲ့သူတွေက သေချာကြပ်မတ်ဖို့တော့လိုနေပါပြီ ” ဟု လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က ဒါရိုက်တာ ကိုဂျင်မီကဆိုပါတယ်။

ရေးမြို့နယ်ရဲ့ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းအနေနဲ့ ကမ်းဝေးမှာဘုံကျောင်းကျာပိုက် လုပ် ငန်း၊ မျှောပိုက်လုပ်ငန်း၊ စိန်ပိုက်လုပ်ငန်း၊ အင်္ဂလန်ကျားပိုက်လုပ်ငန်းတို့ရှိကြပြီး အစင်၊ ဇီးဖြူသောင်၊ ချောင်းတောင်၊ အဘော်၊ ကော့ဒွတ်ရွာတွေက လုပ်ငန်းရှင် ၂၀၀ ဦး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ကမ်းနီးမှာတော့ မျှောပိုက်၊ ကျားပိုက်နဲ့ ကျောက်ပုဇွန်ဖမ်းတဲ့လုပ်ငန်းတွေရှိပြီးတော့ လုပ်ငန်းရှင် ၃၆၀ ဦးခန့် ကမ်းရိုးတန်းကျေးရွာတွေမှာ လုပ်ကိုင်နေကြတာပါ။

သယံဇာတပေါကြွယ်ဝပြီး မွန်ပြည်နယ်ရဲ့ ရေထွက်သယံဇာတအမြင့်ဆုံး ထုတ်လုပ်ပေးနေတဲ့ ရေးမြို့နယ်ရဲ့ ပင်လယ်ပြင်ကြီးထဲမှာ မည်သူတစ်ဦးယောက်ကမျှ ပြစ်မှုတွေ၊ ဒဏ်ရာအနာတရဖြစ်မှု တွေ၊ သေဆုံးမှုတွေနဲ့ အကျည်းတန်အရုပ်ဆိုးမှုကို မလိုလားကြဘူးလို့ ဆိုနေကြဆဲ၊ မှုခင်းကျဆင်းရေး တွေလဲဆောင်ရွက်နေကြဆဲ၊ ပြစ်မှုတွေလဲဖြစ်ပွားနေဆဲ၊ သေဆုံးမှုတွေလဲဖြစ်ပေါ်နေဆဲ၊ ဒဏ်ရာအနာ တရမှုတွေလဲဖြစ်နေဆဲပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.