ဘုရားလှည့်လည်ပင့်ဆောင်ပွဲတွင် အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု များလာ

0
7992

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၃

ထားဝယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရပ်ကွက်အတွင်းလှည့်လည်ပြီး ဘုရားကြီး ဝင်းအတွင်း ပြန်လည်ပို့ဆောင်ချိန်တွင် ရပ်ကွက်တချို့က အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

ယင်းသို့ ဘုရားပင့်ဆောင်ပွဲများတွင် ယခင်က မြန်မာရိုးရာသီချင်းများကိုသာ အသုံးပြုကြသော်လည်း နောက်ပိုင်းတွင် မြူးကြွ သည့် DJ တီးလုံးပါ သီချင်းများအပြင် အခြား သီချင်းများကိုလည်း အသုံးပြုလာကြသည်။

နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်ရာတွင် ရပ်ကွက် အချို့တွင် ယင်းကဲ့သို့ ဘာသာ၊ဒေသ ဓလေ့နှင့် မကိုက်ညီသည့် သီချင်းများ ဖွင့်ကာ လှည့်လည် နေသည့် အတွက် အရုပ်ဆိုးအကျည်းတန်သွားသကဲ့သို့ ခံစားရကြောင်း ထားဝယ်မြို့ ကညုံရပ်ကွက်နေ ဦးရာဇာစိုးက ဆိုသည်။

“လူငယ်တွေလည်း အတုယူမှားသွားနိုင်တယ်”ဟု ဦးရာဇာစိုးက ပြောသည်။

နောင်လာမည့်နှစ်တွင် ယင်းကဲ့သို့ ထားဝယ်အတွက် ပုံရိပ်ထိခိုက်နိုင်သည့် လုပ်ရပ်မျိုးမဖြစ်စေရန် တာဝန်ရှိသူများက သေချာစွာ ကြပ်မတ်သင့်ကြောင်း ၎င်းက ဆိုသည်။

ဘုရားလှည့်ရာတွင် ရှေးအစဉ်အလာအတိုင်း ရိုးရာ အဆို၊ အက၊ အတီး များဖြင့်သာ လှည့်လည်ကြရန် နှစ်ကျိပ် ရှစ်ဆူဘုရား လှည့်ပွဲ့နှင့် ပတ်သက်၍ ပြုလုပ်သော အစည်းအဝေးများတွင် ရပ်ကွက်ဘုရားဂေါပကများကို ပြောဆိုထားပြီးဖြစ်ကာ ၎င်းတို့က တာဝန်ယူ ထိန်းသိမ်းသင့်ကြောင်း ဘုရာကြီးဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထားဝယ်ရဲ့ မျက်နှာစာပုံရိပ်ဖြစ်ပြီး တစ်ပြည်လုံးက အလေးထား လေ့လာနေတဲ့ ပွဲတော်ဖြစ်လို့ ရိုးရာ အစဉ်အလာ အတိုင်းသာ လုပ်သင့်တယ်”ဟု အဆိုပါ ဂေါပက အဖွဲ့ဝင်က ဆိုသည်။

သီတင်းကျွတ်လ သပိတ်မျှောပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲများတွင် ထားဝယ်ရိုးရာကို ဖော်ဆောင်သည့် အဆို၊ အကများ ဖြင့်သာ ဖျော်ဖြေမှုလုပ်သင့်ပြီး ဘာသာရေးအဖွဲ့အစည်းများတွင် သာမက အစိုးရတာဝန်ရှိသူများတွင်ပါ တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

ဘုရားပို့ရာတွင် လူငယ်များ ပျော်တတ်သည်ကို နားလည်ပေး၍ရသော်လည်း လူငယ်အချို့မှာ မူးရူးပြီး လမ်းမပေါ်တွင် အုပ်စုဖွဲ့ ရမ်းကားနေမှုများ ရှိနေသည့် အတွက် ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်သူများလည်း ရှိနေသည်။

“လူတိုင်းရပ်ကွက်တိုင်း ရိုးရာလေးတော့ ထိန်းသိမ်းသင့်တယ်၊ ဆွမ်းဆန်ထဲကြွက်ချေးရောသလို ခံစားရ တယ်”ဟု ထားဝယ်မြို့ အနောက်မြို့တွင်းရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

လာမည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်တွင် ထားဝယ်မြို့အတွင်း လှည့်လည်အပူဇော်ခံမည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ၁၀၇ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဘုရားလှည့်ပွဲမှာ ဒေသတွင်း အစည်ကားဆုံးဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အများဆုံးလာရောက် ဖူးမျှော်လေ့ရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.