“အိမ်အကူကို အနည်းဆုံး တစ်ပတ်မှာတစ်ရက် အနားပေးရမယ်”

0
8295

အိချယ်ရီအောင်၊ အောင်ငြိမ်းချမ်း

ကမ္ဘာ့အလုပ်သမားအဖွဲ့၏ ရန်ကုန်ရုံးမှ အရာရှိနှစ်ဦးက ကလေးအလုပ်သမား၊ အိမ်အကူလုပ်သားတို့၏ အခွင့်အရေးအကြောင်း ပြောပြထားသည်။

ရန်ကုန် (Myanmar Now) – မြန်မာနိုင်ငံတွင် လုပ်အားပေးခိုင်းစေခြင်း ရပ်တန့်ရေး ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) က ကလေးအလုပ်သမား အသုံးပြုမှု ပိတ်ပင်နိုင်ရေးအတွက် လှုပ်ရှားလျက်ရှိသည်။

နိုင်ငံအနှံ့ရှိ နေအိမ်၊ စားသောက်ဆိုင်၊ ကုန်ထုတ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အသက် မပြည့်သေးသူများထဲမှ အများအပြားသည် အတင်းအကြပ် ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မိသားစုနှင့် တွေ့ဆုံခွင့် မရခြင်း၊ နားရက်မရခြင်း၊ ပြင်ပသို့ ထွက်ခွာခွင့် မရခြင်း စသည့် အခြေအနေတို့နှင့် ကြုံတွေ့နေရသည်။

Myanmar Now က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးမှ စီမံကိန်းအရာရှိများဖြစ်သော မခွန်ဆာမွန်းထယ်၊ မဝေနှင်းပိုတို့ကို တွေ့ဆုံပြီး အိမ်အကူလုပ်သား (အိမ်ဖော်)၊ အလုပ်သမားဥပဒေ၊ ကလေးအလုပ်သမားအရေးတို့နှင့် ပတ်သက်ပြီး မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Myanmar Now – အိမ်အကူတွေနဲ့ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းရမယ့်အကြောင်းအရာက ဘာတွေ ဖြစ်မလဲ။

မခွန်ဆာမွန်းထယ် – ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု မရဘူး။ ဒီနိုင်ငံအတွင်းမှာတင်မဟုတ်ဘူး၊ တခြားနိုင်ငံကိုသွားတဲ့ ရွှေ့ပြောင်း အိမ်အကူလုပ်သားတွေကလည်း ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု မရဘူး။ အခုလောလောဆယ် အစိုးရက ပိတ်ပင် တားမြစ်ထားတယ်၊ မသွားရဘူးပေါ့၊ ဒါပေမဲ့ ကွျွန်မတို့နိုင်ငံက အိမ်အကူလုပ်သားတွေ စင်္ကာပူကို နေ့တိုင်းရောက်နေတယ် တဲ့။ သူတို့ရဲ့အလုပ်ကို အလုပ်တစ်ခုအနေနဲ့ အသိအမှတ်ပြုထားခြင်း မခံရတဲ့အတွက်ကြောင့် လိုအပ်တဲ့ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု သူတို့ မရဘူးဆိုတော့ ဒါက အင်မတန်မှကို ကြီးမားတဲ့ ပြဿနာတစ်ခုပါ။

မဝေနှင်းပို – ဒုတိယအရေးအကြီးဆုံးလို့မြင်တာက လူတွေရဲ့သဘောထားပေါ့။ အိမ်အကူအလုပ်လု့ိ ပြောလိုက်တဲ့ အခါမှာ ဒါက အလုပ်မဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ တာဝန် တစ်ရပ် အနေနဲ့ သတ်မှတ်ကြတယ်။ အမျိုးသမီးတွေလုပ်နေကျပဲ၊ ပင်ပန်းတဲ့အလုပ် မဟုတ်ဘူး ဆိုတဲ့အမြင်နဲ့ တန်ဖိုးမထား၊ ခွဲခြားရုံတင်မဟုတ်ဘဲနဲ့ ကျားမ တန်းတူညီမျှရေးမှာလည်း ခွဲခြားတယ်၊ အသိပညာပေးတဲ့လုပ်ငန်းတွေ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုနေပြီ လို့တော့ မြင်တယ်။ ပါဝင် ပတ်သက်တဲ့ တစ်ယောက်ချင်းစီတိုင်းမှာလည်း တာဝန်ရှိတယ်။ အစိုးရအနေနဲ့လည်း လုပ်ဖို့လိုတယ်။ အလုပ်သမား အနေနဲ့ တန်ဖိုးထားပြီးတော့မှ ပြုမူ ဆက်ဆံမယ် ဆိုရင်တော့ ခွဲခြား ဆက်ဆံမှုတွေ၊ မတရားညှင်းပန်း ခိုင်းစေနေတာတွေပါ ပပျောက်သွားမယ်။

MN – အိမ်အကူတွေ အလုပ်ရဖို့က ရန်ကုန်မှာ ဆိုရင် အများအပြားက ပွဲစားတွေနဲ့ပဲ လုပ်နေကြတာ။ ချိတ်ဆက်လုပ်ဆောင်ပေးမယ့် အဖွဲ့အစည်းတွေ ရှိလာနိုင်သလား။

မဝေနှင်းပို – (ကရင်နှစ်ချင်းခရစ်ယာန်အသင်းတော်) KBC မှာ သီးခြား အမျိုးသမီး အဖွဲ့အစည်းလေးတစ်ခု ရှိတယ်။ သူတို့က ဆယ်စုနှစ် တစ်ခုလောက်ရှိပြီ၊ ပြည်တွင်းမှာရှိနေတဲ့ အိမ်အကူလုပ်သားတွေကို အကူအညီ ပေးနေတာပါ။ သူတို့လုပ်တာတွေကတော့ အရမ်းကိုထူးခြားတယ်၊ အိမ်အကူလုပ်သားတွေကို သင်တန်းတွေလည်း ပေးတယ်။ အလုပ်ရှင်တွေက လာချိတ်ဆက်ရင် သူတို့က သဘောတူစာချုပ်တွေကအစ လုပ်ပေးတယ်။ ပြီးရင် သူတို့ သွားပြီးတော့မှ စစ်ဆေးတယ်၊ အိမ်ရှင်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား၊ သင့်တင့်တဲ့နားချိန်၊ လုပ်ခပေးရဲ့လား၊ အလုပ်သမားတွေကရော အလုပ်ကို ကြိုးကြိုးစားစား လုပ်ရဲ့လား ဆိုပြီးတော့ ကြားကနေ ညှိနိုှုင်းဆောင်ရွက်ပေးတယ်။ တခြားဒေသမှာဆိုရင်လည်း ဒီလိုအဖွဲ့အစည်းလေးတွေ ရှိနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်။

MN – အိမ်အကူတွေ ရသင့်တဲ့အခွင့်အရေးအတွက် အိမ်ရှင်တွေ ပူးပေါင်းပါဝင်လာအောင် ဘယ်လိုလုပ်မလဲ။

မခွန်ဆာမွန်းထယ် – အိမ်အကူလုပ်သားဆိုရင် ဘယ်လို့အခွင့်အရေးရှိရမယ်၊ သူတို့ကို ဘယ်လို ဆက်ဆံသင့်တယ်။ အိမ်အကူလုပ်ငန်းအပေါ်မှာ အမြင် ဘယ်လိုမျိုး ရှိသင့်တယ်ဆိုတဲ့ (သတင်းအချက်အလက်ကို) ဖြန့်ဖို့လိုပါတယ်။ ကောင်းတဲ့အိမ်ရှင်တွေနဲ့တွေ့မှပဲ သူတို့က အိမ်အပြင်ကို ထွက်နိုင်တယ်။ တချို့တွေဆိုရင် အိမ်မှာပဲ သော့ခတ်ပြီး နေခဲ့ရတယ်။ တန်ဖိုးထားဖို့ဆိုတာကို သွားပြောလို့ လက်ခံနိုင်ဖို့ ဆိုတာက ခဲယဉ်းဦးမယ်။ ဒါပေမဲ့ မကြိုးစားဘဲနဲ့တော့ နေလို့မရဘူး။ အလုပ်ချိန်၊ လုပ်ခလစာ ဘယ်လိုသတ်မှတ်မယ် ဆိုတဲ့ အလုပ်ခန့်ထားရေး ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ထားနိုင်မယ် ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်၊ အဲဒီလိုမျိုးလေးရှိလာနိုင်ရင်လည်း ကောင်းတယ်။ လုပ်ခလစာတွေ၊ နားချိန်တွေကို ဒီနမူနာပုံစံလေးကို ကြည့်ပြီးတော့မှ တွက်ချက်နိုင်မယ်။ ဘယ်လိုမျိုး အကျိုးခံစားခွင့် ပေးမလဲ ဆိုတာကိုလည်း ထည့်ထားလို့ ရတယ်။ တစ်ဖက်မှာလည်းပဲ အလုပ်ရှင်ကို ကာကွယ်ပေးရာ ရောက်တယ်။

မဝေနှင်းပို – အလုပ်သမားဥပဒေ အဓိပ္ပာယ်ဖွင့်တဲ့အထဲမှာ အိမ်အကူကလည်း အလုပ်သမားဖြစ်တယ် ဆိုပြီးပါတယ်၊ ဒါပေမဲ့ အိမ်အကူအတွက် အလုပ်ချိန်၊ လုပ်ခလစာ၊ နားရက် ဒါမျိုးတွေ မသတ်မှတ်ထားပေးဘူး။ ကျွန်မတို့ အကြံပြုချင်တာကတော့ အိမ်အကူအလုပ်သမားတွေအတွက် သီးခြား ဥပဒေ ပြဋ္ဌာန်းမယ့်အစား ရှိပြီးသားဥပဒေတွေထဲမှာ အလုပ်သမား စံချိန်စံညွှန်းတွေနဲ့ သတ်မှတ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာ စောင့်ကြည့်လေ့လာလို့ရနိုင်တဲ့၊ တိုင်းတာလို့ရနိုင်တဲ့ အနေအထား ဖြစ်လာနိုင်တယ်၊ လုပ်ထုံးလုပ်နည်းတွေ ရှိလာမယ်။ အဲဒီအခါမှာ အိမ်ရှင်တွေ ပူးပေါင်းဆောင်ရွက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ အလုပ်သမားဥပဒေ ပြင်ဆင် ရေးဆွဲတဲ့နေရာမှာ ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြု၊ နည်းပညာပံ့ပိုးပေးတာတွေ လုပ်နေတယ်။ ဒါပေမဲ့ ဘယ်ဟာကို ထည့်သွင်းမလဲ၊ မထည့်သွင်းဘူးလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရမှာပဲ ရှိတယ်။

MN – အိမ်အကူအလုပ်သမားတွေရဲ့အခွင့်အရေး ပိုပြီး သိမြင်လာကြအောင် ဘယ်လိုမျိုး လုပ်ရင်ကောင်းမယ် လို့ ယူဆသလဲ။

မခွန်ဆာမွန်းထယ် – ဆွေးနွေးပွဲတွေ ပိုပြီးတော့ လုပ်တယ်။ briefing paper (စာတမ်း)တွေ ထုတ်သွားမယ်၊ အလုပ်သမားတစ်ယောက်တည်းရဲ့အမြင်ကို ပြောသွားမှာ မဟုတ်ဘူး၊ ဘက်ပေါင်းစုံကနေပြီးတော့မှ အိမ်အကူ လုပ်ငန်းတွေ၊ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ပြောသွားမယ်၊ ဒါတွေကို ဖြန့်သွားမယ်။ ကျွန်မတို့နဲ့ အတူတူ လုပ်နေတဲ့ အဖွဲ့အစည်းတွေက နယ်တွေမှာရှိနေတဲ့အလုပ်သမားတွေနဲ့လည်း ဆက်ဆံမှုရှိတယ် ဆိုတော့ ဒီနည်းလမ်းအားဖြင့်လည်း သတင်းအချက်အလက်ကို ဖြန့်ဝေပေးမယ်။ ဒါက အင်မတန်မှ ထိရောက်တဲ့နည်းလမ်းလို့လည်း မြင်တယ်။

မဝေနှင်းပို – ပညာပေးတဲ့နေရာမှာ ရေဒီယိုတွေ၊ TV တွေကနေတဆင့် လူထုဆီကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရောက်သွားနိုင်တယ်။ အိမ်အကူတွေကလည်း သူတို့အလုပ်ကိုသူတို့ တန်ဖိုးရှိတယ်လို့ မထင်ဘူး။ သူတို့လုပ်နေတဲ့အလုပ်က တန်ဖိုးရှိတယ်လို့ နားလည်ရင် တောင်းဆိုတာတွေ ရှိလာမယ်။ ဒါက အရေးကြီးတဲ့အချက်လု့ိ ကျွန်မတို့မြင်တယ်။ ဒီအိမ်အကူတွေက အသက်မပြည့်သေးတဲ့သူတွေများတယ်။ အဲဒီတော့ သူတို့ကို လုပ်အားခ ပြည့်ပြည့်ဝဝပေးတာတွေ အားနည်းတယ်။ ပြီးတော့ ကလေးတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွမ်းကျင်မှု အပိုင်းမှာလည်းပဲ အားနည်းတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြဿနာတွေက ဖြစ်တယ် ဆိုတော့ အသက်အရွယ် ကန့်သတ်တာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

MN – ဥပဒေပြန်ရေးဆွဲတဲ့အခါမှာ အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအချက်တွေ ပါသင့်တယ်လို့ မြင်လဲ။

မဝေနှင်းပို – အလုပ်ချိန် နာရီအများဆုံး ဘယ်လောက်ရှိရမယ်၊ နားချိန် ဘယ်လိုပေးရမလဲ၊ အခြေခံ လုပ်ခလစာ … အဲဒါမျိုးတွေ ရှိသင့်တယ်။ သူတို့အတွက် လူမှုဖူလုံကာကွယ်ရေးတွေ ရှိသင့်တယ်၊ ကျန်းမာရေးဆိုင်ရာ၊ အရေးအကြီးဆုံးက မိသားစုနဲ့ ဆက်သွယ်နိုင်ရေး လမ်းကြောင်းဖွင့်ဖို့ကို ဥပဒေထဲမှာ မဖြစ်မနေ ပြဋ္ဌာန်းသင့်တယ်။ ပြီးတော့ အိမ်အကူတွေအတွက်နားရက်၊ ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် ၁၈၉ မှာလည်း တိတိကျကျပြဋ္ဌာန်းထားပါတယ်၊ အိမ်အကူကို အနည်းဆုံး တစ်ပတ်မှာတစ်ရက် အနားပေးရမယ်၊ တစ်ပတ်မှာ တစ်ရက်လို့ပြောတာဟာ ၂၄ နာရီအပြည့်လို့ပြောချင်တာပါ။ ဒါကြောင့် ဒီလိုအချက်တွေကတော့ မပါမဖြစ် ထည့်သွင်းသင့်တယ်။
ilo-1
MN – အိမ်အကူပွဲစားတွေ ပါဝင်နေတဲ့ ပြဿနာက ဘယ်လောက်အထိကြီးမားသလဲ။

မဝေနှင်းပို – ပြည်တွင်းအလုပ်သမားဝန်ဆောင်မှု အေဂျင်စီကနေတဆင့် အလုပ်သမားစုဆောင်းပြီး အလုပ်ခန့်ထားရေး လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတယ်။ အလွတ်သဘော ပွဲစားဆိုရင် ပို့လာတဲ့ သူကိုလည်း (အိမ်ရှင်/အလုပ်ရှင်က) ဘယ်လောက်အထိ ယုံကြည်စိတ်ချလို့ရမလဲ။ တချို့က အိမ်အကူ ခေါ်ချင်တယ်၊ ငွေကြေးကလည်း တတ်နိုင်တယ် ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတွေ စိတ်မချရတာတွေလည်းရှိတယ် ဆိုတော့ အိမ်ရှင်တွေ အတွက် ဘယ်လိုအကာအကွယ် ပေးမလဲ ဆိုတာကလည်း စဉ်းစားဖို့လိုတယ်။ ဥပဒေတွေ သတ်မှတ်ပြီးရင် ဒီကိစ္စကို နည်းစနစ်ကျကျ စီမံအုပ်ချုပ်သွားမယ်ဆိုရင် ဒီပွဲစားပြဿနာက လျော့ကျသွားနိုင်တယ်။

မခွန်ဆာမွန်းထယ် – လိမ်တဲ့ကိစ္စတွေကလည်း ရှိသေးတယ်၊ ပွဲစားက လိမ်သွားတယ်၊ အိမ်အကူကလည်း အပြင်ကလူနဲ့ပေါင်းပြီးတော့ အိမ်ကိုဖောက်တာတွေလည်း ရှိတယ်။ ဥပဒေကြောင်းအရ လုပ်မှပဲ ဒီပြဿနာတွေက လျော့ကျသွားနိုင်မယ်။

MN – အိမ်အကူတွေကို သင်တန်း ပေးဖို့လိုအပ်လား။

မခွန်ဆာမွန်းထယ် – လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ အိမ်ရှင်အတွက်လည်း အင်မတန်မှ ကောင်းတယ်။ အလုပ်သမားအတွက်လည်း လုပ်ခလစာမြင့်ဖို့ဆိုရင်တော့ ဒါတွေ လိုအပ်တယ်။

မဝေနှင်းပို – စင်္ကာပူဆိုရင် လက်မှတ်မရှိရင် work permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) ထုတ်မပေးဘူး။ အနည်းဆုံးတော့ သွားမယ့်သူကို သင်တန်းပေးရတယ်၊ တရားဝင်ခွင့်ပြုတုန်း ကတော့ တရားဝင်သ င်တန်းတွေ ဖွင့်ထားတယ်။ အခု ခွင့်မပြုတော့လည်း ဖွင့်ထားတာတွေ ရှိတယ်။ အစိုးရက လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ အစိုးရက မလုပ်ပေးနိုင်ရင်တောင်မှ ဥပဒေအရ သတ်မှတ်ပြီး ပုဂ္ဂလိက လုပ်တဲ့သူတွေရှိလာရင်တောင်မှ ကောင်းပါတယ်။

မခွန်ဆာမွန်းထယ် – စင်္ကာပူကဆိုရင် သူတို့ပြောတယ် … (အလုပ်သမားက) မြန်မာနိုင်ငံကဆိုရင် ငါတို့ နည်းနည်းပဲပေးရတယ်တဲ့။ ဘာကြောင့်လဲဆိုရင် လုပ်ငန်းကျွမ်းကျင်မှုပိုင်း၊ ဘာသာစကားပိုင်းမရဘူး။ လုပ်ခဆိုရင် နည်းနည်းပဲပေးရတယ်ဆိုမှ အလုပ်ရှင်တွေက လိုချင်တယ်။ အခြေခံအလုပ်သမားအနေနဲ့ သွားတဲ့အတွက်ကြောင့် သွားပြီးညှိနှိုင်းနေရင်လည်း ကိုယ့်ဘက်က ပြောအားမရှိဘူး။ ကိုယ့်ဘက်က တကယ် ကျွမ်းကျင်တဲ့ လုပ်သားတွေရှိတယ်ဆိုရင် အစိုးရအနေနဲ့လည်း ပိုပြီးတော့မှ ပြောနိုင်ဆိုနိုင်လာမယ်၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုလည်း ပိုပြီးတော့မှ ကာကွယ်စောင့်ရှောက်နိုင်လာမယ်။

MN – အိမ်အကူ ကလေးတွေကို အလုပ်ရှင်တွေက နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်လာတယ်။ လတ်တလော အကြီးအကျယ် ဖြစ်သွားတာကတော့ ရန်ကုန် အင်းဝအပ်ချုပ်ဆိုင်မှာ ငါးနှစ်လောက် လုပ်ခဲ့တဲ့ ကလေးအလုပ်သမားတွေရဲ့ သတင်းပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

မခွန်ဆာမွန်းထယ် – ကျွန်မတို့ဆီမှာ အင်မတန်မှ ဆင်းရဲတယ်။ ဆင်းရဲတဲ့မိသားစုက ကလေးတွေက ကျောင်းထွက်ရမယ်။ ထွက်ပြီးရင် အိမ်အကူအလုပ်တွေ၊ လက်ဘက်ရည်ဆိုင်တွေ လုပ်ကြရတယ်။ ကျွန်မတို့ ဆီမှာက ကိုယ့်ဆီက အိမ်အကူလုပ်သားဆိုရင် ကိုယ့်ရဲ့ပိုင်ဆိုင်မူတစ်ခုလို့ပဲ ထင်နေကြသူတွေလည်း ရှိတယ်။ နှိပ်စက်ခံရတယ်ဆိုရင် အတွေ့အကြုံရှိ၊ အသက်အရွယ်ရှိသူက တစ်နည်းနည်းနဲ့တော့ သူတို့ ထွက်ပြေးမှာပဲ၊ ဒီလောက်အကြာကြီး ငါးနှစ်လောက် နေနေစရာ မလိုဘူး။ ဒါပေမဲ့ သူတို့က ကလေးတွေ ဖြစ်နေတယ်။ ILO မှာ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ဆိုတာ ရှိတယ်။ အဆိုးရွားဆုံးပုံစံနဲ့ ကလေးလုပ်သားခိုင်းစေခြင်း၊ ပုံစံမျိုးစုံနဲ့ ကျွန်ပြုခိုင်းစေမှု၊ ဒါမှမဟုတ်ရင်လည်း အလားတူ ကျွန်ပြုခိုင်းစေမှုတွေ မလုပ်ဖို့၊ အဲ့ဒါတွေ ပပျောက်ဖို့ ဆိုတဲ့ဟာကို ပြဋ္ဌာန်းချက် အနေနဲ့ ထုတ်ထားတယ်၊ မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးသား။

မဝေနှင်းပို – ကျွန်မတို့နိုင်ငံမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အထိကို ကလေးအလုပ်သမားအနေနဲ့ လုပ်ခွင့်ရှိတယ်။ ၁၄ နှစ်အောက်ဆိုရင် လုပ်ခွင့်မရှိပေမဲ့ သူတို့ရဲ့မိသားစု စားဝတ်နေရေးကလည်း အင်မတန်မှကို အရေးကြီးနေတော့ သူတို့ရဲ့လုပ်အားက လိုအပ်လာတယ်။ ဒီလိုကလေးမျိုးတွေအတွက်ကို စီမံကိန်းတွေ၊ စီမံချက်တွေမရှိနေဘူး။ ပညာဆက်လက်သင်ယူဖို့၊ မိသားစုတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေတိုးမြင့်နိုင်မယ့်အခွင့်အလမ်းတွေ မရှိတဲ့အတွက်ကြောင့်မိုလို့ ဒီလိုမျိုးပြဿနာတွေ ဖြစ်တယ်လို့ ကျွန်မကတော့ မြင်တယ်။ ဥပဒေက တစ်ဖက်မှာ ရှိတယ်ဆိုရင်တောင်မှပဲ ဒီဥပဒေအသက်ဝင်လာအောင်၊ ကောင်းမွန်တဲ့အခြေအနေဖြစ်လာအောင် ဒီစီမံချက်တွေနဲ့ စနစ်တကျ အကောင်အထည် ဖော်သင့်တယ်၊ နှစ်ပေါင်းများစွာ ယိုယွင်းလာတဲ့ နိုင်ငံရေးအုပ်ချုပ်မှု အနေအထား တစ်ရပ်မှာ ဒါတွေက အများကြီး ဖြစ်လာတယ်လို့ မြင်တယ်။ တခြား ဖွံ့ဖြိုးရေးစီမံချက်တွေထဲမှာ ဒီကလေးတွေရဲ့ အကြောင်းတွေကို ထည့်သွင်းပြီးတော့ ကဏ္ဍအလိုက်ကို လုပ်နိုင်မှ ပပျောက်နိုင်မယ် လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံက ဆင်းရဲတဲ့အတွက်ကြောင့် ဒါတွေပပျောက်ဖို့ဆိုရင် အားလုံးမှာ ကြိုးစားရမယ့်တာဝန် ရှိပါတယ်။

MN – အိမ်အကူတွေ အပါအဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေတင်မကဘဲ ရဲအရာရှိတွေ၊ ဥပဒေစိုးမိုးရေးလုပ်ဆောင်တဲ့ ဌာနဆိုင်ရာ အရာရှိတွေကိုရော သင်တန်းပေးဖို့လိုမလား။

မဝေနှင်းပို – လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ချိုးဖောက်တဲ့ပြဿနာတွေ တွေ့ရတယ် ဆိုတော့ ရဲတွေမှ မဟုတ်ပါဘူး၊ ရှေ့နေ၊ တရားသူကြီး၊ လူ့အခွင့်အရေးကော်မရှင်တို့လို အကုန်လုံးက သူတို့ရဲ့တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ဖို့ စွမ်းဆောင်ရည်ကတော့ မဖြစ်မနေဖြည့်ရမှာအမှန်ပဲ။ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.