အဖိုးတန်မြေမှသည် ကမ်း တဖက်ဆီသို့

0
9013

Generation Focused Monitor
“ ….. ဒါဒို့ပြည်..ဒါဒို့မြေ..ဒို့ပိုင်တဲ့မြေ..ဒို့ပြည်..ဒို့မြေ..အကျိုးကို ညီညာစွာ ဒို့တစ်တွေ..ထမ်းဆောင်ပါစို့လေ.. ဒို့တာဝန်ကျေ..အဖိုးတန်မြေ…” ဆိုသည့် နိုင်ငံတော်သီချင်းက မြန်မာ – ထိုင်း နယ်စပ်ဖြစ်သည့် မြဝတီမြို့ တစ်မြို့လုံးကို လွှမ်းခြုံထားစဉ် လူအချို့က သွားလာလှုပ်ရှားမှုများကို ရပ်ပြီး ငြိမ်သက်စွာ

အလေးပြုနေသော် လည်း အချို့ က လှုပ်ရှားမှုမပျက် ပုံမှန်အတိုင်းသာ။

ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ရှိ လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ကြမည့် မြေယာမဲ့ မြန်မာနိုင်ငံသား အများစုကမူ မြဝတီချစ်ကြည်ရေးတံတားအနီးတွင် မျက်နှာကိုအောက်ချ၍ ခြေစုံရပ်ကာ အလေးပြု လိုက်ကြ သည်။ ယင်းနောက် မြဝတီချစ်ကြည်ရေးတံတားပေါ်မှဖြတ်ကာ အဖိုးတန်မြေဆိုသော မြန်မာနိုင်ငံကို တဖြည်း ဖြည်း ကျောခိုင်း ထွက်ခွာသွားနေကြသည်။

“ကိုယ့်ဒေသမှာ ကိုယ်လုပ်ချင်ကြတဲ့သူတွေချည်းပဲ။ ဒီဘက်မှာက အလုပ်မှမရှိတာ။ အဲဒါကြောင့် ဟိုဘက်(ထိုင်း နိုင်ငံ) ကူးရတာပေါ့” ဟု ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ သွားရောက်လုပ်ကိုင်မည့် ကိုညွှန့်ဝေက ပြောသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားအနယ်နယ်အရပ်ရပ်မှ လူဦးရေ ၆၀၀ ခန့်က အလုပ်အကိုင်အခွင့် အလမ်းပေါများသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီသွားရောက်ရန် မြဝတီချစ်ကြည်ရေး တံတားပေါ်မှ နေ့စဉ်ဖြတ် သန်း သွားလာနေကြသည်။ ယင်းအပြင် တရားမဝင်နည်းလမ်းဖြင့် သွားရောက်နေသူများလည်း အများအပြား ရှိနေသေးသည်။

နိုင်ငံဖွံ့ဖြိုးရေး အတွက် အရေးပါသော လူစွမ်းအားအရင်းအမြစ်များစွာက တစ်ဘက်နိုင်ငံသို့ နေ့စဉ်ကူးပြောင်း သွားသဖြင့် ပြည်တွင်းရှိချိနဲ့နေသော စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် စိုက်ပျိုးရေး ကဏ္ဍတို့တွင် လုပ်သား ရှားပါးမှု ဖြစ်ပေါ်နေရသည်။

“လယ်လုပ်ငန်းနဲ့ ခြံစိုက်တဲ့ လုပ်ငန်းမှာ လူငယ်တွေ မရှိသလောက်ပဲ။ ရွာမှာရှိတဲ့ လူငယ်တွေအကုန်လုံး ဟို ဘက်ကမ်းရောက်ကုန်ပြီ။ ရွာမှာ လယ်လုပ်တဲ့ လူငယ်ပိုင်းဆိုလို့ ကျနော်တစ်ယောက်ထဲပဲ ရှိတော့တယ်” ဟု ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာမှ ကိုဇော်ဝင်းနိုင်က ပြောသည်။

လယ်ယာလုပ်ငန်းကျဆင်းနေရခြင်း အကြောင်းအရင်းမှာ အစိုးရချေးငွေ မလုံလောက်ခြင်း၊ အထွက်တိုး မျိုး ကောင်း၊ မျိုးသန့် မျိုးစပါးမရှိခြင်း၊ မြေသြဇာနှင့် ခေတ်မီစက်ကိရိယာများမရှိခြင်း၊ ဈေးကွက်မရရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံလယ်လုပ်သူများက ဆိုသည်။

တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် စက်ရုံ၊ အလုပ်ရုံများကို ပြည်သူပိုင် သိမ်းဆည်းခဲ့သည့်အပြင် လယ်ယာကဏ္ဍကိုလည်း ချုပ်ကိုင်ခဲ့သည့် ဆိုးမွေအဖြစ် ယနေ့တိုင် စီပွားရေးဆုတ်ယုတ်ကာ အလုပ်လက်မဲ့ဦးရေ များပြားလာခဲ့သည်။

ယိုယွင်းနေသော နိုင်ငံ့စီးပွားရေး ပြဿနာကို မဖြေရှင်းနိုင်သော စစ်အစိုးရလက်ထက်၌ သမားရိုးကျ လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရန်အကြောင်းပြချက်အပါအဝင် အခြားအကြောင်းပြချက် မျိုးစုံဖြင့် လယ်ယာမြေ အများအပြား သိမ်းယူခဲ့ကြပြန်ရာ စိုက်ပျိုးရေးကဏ္ဍကို အမှီပြုနေသော လုပ်သားများစွာ အလုပ် လက်မဲ့ ဖြစ်ခဲ့ရပြန်သည်။

ခေတ်အဆက်ဆက် အစိုးရများ၏စီမံခန့်ခွဲမှု အလွဲများကြောင့် ပြည်တွင်း၌ အလုပ်လက်မဲ့ဦးရေများပြားလာရာ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ထောင်ပေါင်းများစွာသော နိုင်ငံ၏ လူစွမ်းအား အရင်း အမြစ်များကို ပြည်ပအလုပ်သမားများအဖြစ် တရားဝင် စေလွှတ်ခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်းလုံးတွင် အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်ပေါင်း ၁၇၀၀၂၀၅၃ ဦးရှိရာ၊ မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြား လူငယ်ပေါင်း ၆၁၈၄၂၀ ဦး၊ ကရင်ပြည်နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၃၄ နှစ်ကြား လူငယ်ပေါင်း ၄၄၀၉၄၉ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် အသက် ၁၅ နှစ်မှ အသက် ၃၄ နှစ်ကြား ၄၅၆၅၆၁ ဦး ရှိပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့နှင့် အလုပ်စောင့်မျှော် နေသူ ပေါင်း ၁၁၂၇၀၂၀ ဦး ရှိနေသည်။

နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များစွာ ဆုံးရှုံးနေခြင်းနှင့်အတူ စိုက်ပျိုးရေးလုပ်သားများလည်း ရှားပါးလာ နေပြီ ဖြစ်ရာ NLD အစိုးရက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်ပရောက် လုပ်သားများကို ပြန်လည်ခေါ်ယူနိုင်ရန် ကြိုးစားနေသော်လည်း ထိရောက်သော လုပ်ဆောင်မှုများ မတွေ့ရသေးပေ။
Generation Focused Monitor
“ ကျွန်မတို့စီးပွားရေးပေါ်လစီရဲ့အဓိကတွန်းအားကတော့ အလုပ်အကိုင်ဖန်တီးရေးပါပဲ။ တိုင်းပြည်တိုးတက်ဖို့ ဆို အဲဒါလိုအပ်ပါတယ်။ တိုင်းပြည်မှာ အလုပ်လက်မဲ့ဦးရေ သိပ်များနေတယ်။ မမြင်ရတဲ့ အလုပ်အကိုင်မဲ့တွေ များတယ်။ ဘယ်လောက်တောင်ဆိုးလဲဆို ကျွန်မတို့မှာ ရေရာတဲ့ ကိန်းဂဏန်နဲ့ အတိအကျပြဖို့ တောင် မလွယ်ဘူး။ တိုင်းပြည်ထဲက ဆင်းရဲသူအများစုဟာ နယ်စပ်တွေကို သွားပြီး တရားမဝင်အလုပ်သမားအဖြစ် တရုတ်၊ ထိုင်း၊ မလေး စတဲ့နိုင်ငံတွေမှာ လုပ်ကိုင်နေကြရတယ်။ ဒါဟာ အလုပ်လက်မဲ့ပြဿနာဟာ ဘယ် လောက်ဆိုးနေလဲ ပြနေတာပါ။ မိသားစုတွေ တကွဲတပြားဖြစ်ကုန်တယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်အများစုဟာ ရွာတွေမှာ မရှိတော့ဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Asia Society နှင့် တွေဆုံစဉ် ပြောဆိုထားကြောင်း Daw Aung San Suu Kyi ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

၁၉၉၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တရား ဝင်စာရင်းအရ ပြည်ပနိုင်ငံ အသီးသီးသို့အလုပ်သမား ၂ ဒသမ ၁ သန်းကျော် စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၁ ဒသမ ၉ သန်းကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရောင် ခြည်ဦးအလုပ်သမား အဖွဲ့၏ စာရင်းများကမူ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၃ သန်း ကျော် ရှိနေသည်ဟု ဖော်ပြထားသည်။

နိုင်ငံအတွင်း မြေဆီသြဇာကြွယ်ဝခြင်းနှင့်အတူ ရေအရင်းအမြစ်ကြွယ်ဝမှုတို့ကြောင့် ဆန်စပါးနှင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံ အားလုံးနီးပါး စိုက်ပျိုးနိုင်ခြင်းဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ GDP ၃၈ ရာခိုင် နှုန်း ရှိနေပြီး၊ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းကို ဖန်တီးပေးထားသည်ဟု တရားဝင် စာရင်းများကဆိုသည်။

သို့သော် ကမ္ဘာ့ဘဏ်နှင့် Livehoods and Food Security Fund (LIFT) လေ့လာချက်အရ မြန်မာနိုင်ငံတွင် မြေယာနှင့် လုပ်သားအင်အားတို့မှ ကုန်ထုတ်လုပ်မှုသည် အခြားအာရှမှ ဆန်ထုတ်လုပ်သည့် နိုင်ငံများထက် များစွာနိမ့်ကျနေကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ၌ လယ်ယာလုပ်သားများ၏ ကုန်ထုတ်လုပ်မှု နိမ့်ကျရသည့် အဓိက အကြောင်းအရင်းတစ်ရပ်မှာ စိုက်ပျိုးရေးကဏ္ဍမှ လုပ်အားခများက အာရှတွင် အနည်းဆုံး ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ အကျိုးအမြတ်ရရှိမှုကလည်း အာရှတွင် အနိမ့်ဆုံးလည်း ဖြစ်နေ သည်။ LIFT ၏ လေ့လာမှုအရ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ပေါ်လစီချ မှတ်သူများ နားလည်သဘောပေါက်ခြင်း မရှိသေးကြောင်း ထောက်ပြထားသည်။

စိုက်ပျိုးရေးကဏ္ဍအတွက် အများနှင့် ဆိုင်သော စီမံဆောင်ရွက်မှုများ၊ ထောက်ပံ့မှုများ မရှိသေးခြင်းနှင့် အစိုးရမှ ထောက်ပံ့နေသည့် ဝန်ဆောင်မှုများသည် အိမ်နီးချင်းနိုင်ငံများထက် နည်းပါးနေကြောင်းလည်း ယင်းစစ်တမ်း တွင် ဖေါ်ပြထားသည်။

အစိုးရမှပေးသည့် စိုက်ပျိုးစားရိတ်ချေးငွေနှင့် အခြားဝန်ဆောင်မှုများသည် လုံလောက်မှုမရှိကြောင်း လယ် သမားများက တညီတညွတ်တည်း ပြောကြားသည်ဟု မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသ ကြီးတို့တွင် လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ သုတေသနပြုလုပ်နေသည့် မျိုးဆက်သစ် သုတေ သနဌာန၏ ကနဦးလေ့လာတွေ့ရှိချက်က ညွန်းဆိုနေသည်။

၂၀၁၄-၁၅ ခုနှစ်တွင် နိုင်ငံ၏ စိုက်ပျိုးမြေ ၁၅ ရာခိုင်နှုန်းဖြစ်သော စိုက်ပျိုးမြေ ဟတ်တာ ၃ သန်းခန့်ကိုသာ အစိုးရက ရေပေးဝေနိုင်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ဆည်မြောင်းစနစ်ကို ပြန်လည်သုံးသပ်ရန် လိုနေ ကြောင်း ပညာရှင်များက ထောက်ပြထားသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာမူဝါဒ ချမှတ်သူများအနေဖြင့် အရည်အသွေးမြင့် စိုက်ပျိုးရေး အထောက်အကူပြု အစီအစဉ်များ ပိုမိုလုပ်ဆောင်ရန်ပေးရန် လိုအပ်နေသလို အခြားတစ်ဘက်တွင်လည်း လုပ်သားအင်အား နည်း ပါးခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းတို့ ဖြစ်ပေါ်နေသည့် ပြဿနာကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေ ကြောင်း ပညာရှင်များက မှတ်ချက်ပြု ပြောဆိုထားသည်။

“စိုက်ပျိုးရေး လုပ်သားတွေကို ကျနော်တို့ဘက်ကလည်း တစ်နေ့မှ ၅၀၀၀ လောက်ပဲ ပေးနိုင်တော့ ယိုးဒယား ဘက်တက်တာများတယ်။ ဒီမှာရှိတဲ့သူတွေကြပြန်တော့ စိုက်ပျိုးရေးလုပ်ငန်း မကျွမ်းကျင်ဘူး။ ကျွမ်းကျင်တဲ့ သူတွေမရှိတော့ ခြံလုပ်ငန်းတွေ မတိုးချဲ့နိုင်ဘူး။ မိသားစု နိုင်သလောက်လေးပဲ လုပ်နိုင်တယ်” ဟု ကရင် ပြည်နယ်၊ ဘားအံမြို့နယ် ဆယ်အိမ်စုမှ စိုက်ပျိုးရေးခြံလုပ်ကိုင်သူ ကိုခင်မောင်ဝင်းက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရေလယ်ကျွန်း၊ အရှေ့မြေကျွန်း၊ အုံးမုတ်ကျွန်း၊ ဖားနွဲ့ကျွန်း၊ ဘားအံကျွန်း နှင့် ကော့ထော်ကျွန်းတို့တွင် သီးနှံအများအပြားစိုက်ပျိုးကြသည်။

သို့သော် “ခြံအလုပ်သမားတွေက မရှိတော့ဘူး။ ယိုးဒယားဘက် တက်ကြတယ်။ ဒီမှာကျန်တဲ့ မိန်းမတွေကပဲ ခြံစိုက်ကြတာ။ လုပ်မယ့်သူတွေ မရှိတော့ အရင်ကလို ဒီက သီးနှံတွေ ဘားအံမြို့ပေါ်တောင် မပို့နိုင်တော့ဘူး” ဟု ကော့ထော်ကျွန်းမှ သီးနှံစိုက်ပျိုးသူ မချစ်စိန်က ပြောသည်။

“သခွားသီးကအစ ကျွဲကော်သီး၊ ဒူးရင်းသီးအဆုံး ဟိုဘက်ကမ်း(ထိုင်း)က လာတာတွေ ဝယ်စားနေရတယ်” ဟု ဘားအံမြို့ပေါ်နေ ကိုစောအားသဲက ပြောသည်။

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်သည့်မြေ ဧက ၅ သိန်းကျော်ရှိသည့်အနက် ဧက ၄ သိန်းကျော်သာ စိုက်ပျိုးနိုင်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“စိုက်ပျိုးရေးကဏ္ဍက ၇၅ ရာခိုင်နှုန်းရှိတယ်။ လယ်ယာမြေက အများဆုံးပဲ။ ကရင်ပြည်နယ်ရဲ့ သီးနှံတွေက Transport အခက်အခဲရှိတယ်။ ကိုယ့်သီးနှံတွေ ပြည်ပပို့ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ဒီမှာရှိတဲ့ အသီးအနှံတွေကို အရည်အသွေးကောင်းအောင်ထုပ်ပိုးမယ်။ ထုပ်ပိုးမှုနည်းစနစ်၊ ကြာရှည်ခံအောင်ထားတဲ့ နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေး ဒီ ၃ ခုက ကျနော်တို့ စိုက်ပျိုးကုန်တွေ နိုင်ငံခြားကိုပို့ဖို့ အဟန့်အတားတွေ ဖြစ်နေတယ်”ဟု ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

စိုက်ပျိုးမြေ၊ ရေအရင်းအမြစ်များစွာရှိသော ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံမှ ဆန်စပါးအပြင် စားသုံးကုန် သီးနှံ ငရုတ်၊ သခွား အစရှိသည့်သီးနှံများသာမက ရာသီပေါ် သီးနှံများကိုပါ ဝယ်ယူစားသုံးနေရသည်ဖြစ်ရာ နိုင်ငံအတွင်းရှိ စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်နေခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်နေကြတာ ကျနော်တို့ဘက်က ခြံလုပ်သားတွေများတယ်။ ဒီမှာက မြေရှိတဲ့အပေါ်မှာတောင် အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိတာ တွေ့ရတယ်။

ကျနော်တို့ဆီက လူတွေတော်တော်များများက လုပ်ခဈေးကောင်းတဲ့ ထိုင်းနိုင်ငံကို သွားလုပ်တယ်။ အဲဒီတော့ စိုက်ပျိုး ဖြစ်ထွန်းတဲ့မြေတွေပေါ်မှာ စိုက်ပျိုးမှု လျှော့သွားတယ်။ စိုက်ပျိုးမှုလျှော့တဲ့အတွက် သီးနှံတွေကို ဝယ်စား ရတယ်” ဟု စိုက်ပျိုးရေး ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းပြသည်။

ကရင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်း ကလည်း ထိုင်းနိုင်ငံသို့ ကရင်ပြည်နယ်မှ သွားရောက်လုပ်ကိုင်သူများသည် လုပ်ခလစာပိုမို ကောင်းမွန်သောကြောင့် သွားရောက်ကြခြင်းဖြစ်ပြီး၊ ကျေးရွာများမှ အလုပ်သမားများ ပိုမိုများပြားကြောင်း ပြောသည်။

ယင်းသို့ ကျေးရွာများမှ သွားရောက်လုပ်ကိုင်ကြသူများထဲတွင် လယ်ယာလုပ်သားများနှင့် ခြံလုပ်သားများ အများဆုံးပါဝင်နေသည့်အတွက် လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများတွင် ကုန်ထုတ်လုပ်မှု ကျဆင်းလာနေရခြင်းလည်း ဖြစ်သည်။

“ကျနော့်အမြင်ပေါ့လေ ဒေသကလူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးတယ်။ ပြည်ပမှာ ကိုယ့်နိုင်ငံသားတွေစိုက်တဲ့ အသီးအနှံတွေ ပြန်ဝယ်စားရတယ်” ဟု စိုက်ပျိုးရေး ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

ပြည်ပ စက်မှုထုတ်ကုန်များအပေါ် အမှီပြုနေရသော မြန်မာနိုင်ငံအနေဖြင့် စားသုံးကုန်သီးနှံများပါ ထိုင်းနိုင်ငံမှ ဝယ်ယူစားသုံးနေရသည့်အတွက် အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ဆောင်နေသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လက်ရှိ NLD အစိုးရ၏ စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ အောက်တိုဘာ ၂၂ ရက်နေ့၌ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ မျှော်မှန်း သလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန် ဆန်ဆန်တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပဲ ဝန်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့ရတဲ့ အကြောင်း တွေက တော်တော်များများရှိပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ကျော်လွှားရမယ့် အခက်အခဲတွေကို အားလုံး ဝိုင်းပြီး တော့ ကူညီပြီးတော့ ကျော်လွှား ပေးစေချင်တဲ့ စိတ်စေတနာ ထားစေချင်ပါတယ်။အခုကျွန်မတို့ နိုင်ငံမှာဆိုရင် လူများစုဟာ လယ်ယာစိုက်ပျိုး ရေးကဏ္ဍကို အားကိုးပြီးတော့ နေကြတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါ တယ်။ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စီးပွားရေး မူဝါဒထဲမှာဆိုရင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံံ့ဖြိုးတိုးတက် ခေတ်မီအောင်လုပ်ဖို့ကို ထည့်ထားတာ ဖြစ်ပါတယ်”ဟု ပြောဆိုထားသည်။

၎င်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ အားနည်း နေသည့်အချက်များဖြစ်သော မျိုးကောင်းမျိုး သန့်ရှားပါးခြင်း၊ Post Harvest Technology အားနည်းခြင်း များအတွက် ခေတ်မီအဆင်မြင့်နည်းပညာ ဆင့်ကမ်း ပြန့်ပွားစေနိုင် ရန် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကြိုဆိုရမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြဝတီမဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကလည်း “အာဆီယံနဲ့ အံဝင်ခွင်ကျ ပစ္စည်းတွေ မထုတ်နိုင်သေးဘူး၊ လက်ရှိ ပြည်ပနိုင်ငံကို အားကိုးနေရတယ်။ စက်မှု လူသုံးကုန်၊ အသီးအနှံက အစ ပြည်ပ အားကိုးနေရတယ်။ ဈေးကွက်၊ နည်းပညာ၊ ရင်းနှီးမြှပ်နှံမှု၊ မရှိလို့ မယှဉ်ပြိုင်နိုင်ဘူး။ FDI ဝင်လာရင် ဝါးမြိုခံရနိုင်တယ်။

ASEAN Economic Community ကလာနေပြီ အဆင်သင့် မဖြစ်သေးဘူး။ အာရှလမ်းကြီး ပေါက်လာရင် ကုန် ပစ္စည်းတွေလာတော့မယ်။ အာဆီယံနဲ့ ဥရောပနဲ့ ချိတ်ဆက်ပြီး ဈေးကွက်ရမှာ။ အာဆီယံနဲ့အပြိုင် ဘာကုန် ပစ္စည်းတွေထုတ်လုပ်မလဲ။ အာဆီယံဘက်က အဆင်သင့်ဖြစ်နေပြီ။ ကျနော်တို့က အဆင်သင့်မဖြစ်သေးဘူး။ အာရှလမ်းမပေါ်မှာ အာဆီယံကုန်ပစ္စည်းတွေ ဖြတ်တော့မှာ၊ တခြားကုန်ပစ္စည်းနဲ့ မလှမ်းနိုင်ဘူး။ အဲဒီတော့ စိုက်ပျိုးရေးနဲ့ လုပ်ရမှာ။ ဒါတွေကို သေချာဖန်တီးဖို့လိုနေပြီ” ဟု ထောက်ပြ ပြောဆိုသည်။

အာဆီယံစီးပွားရေး အသိုက်အဝန်းအတွင် ပူးပေါင်းပါဝင်နိုင်ရန် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်နေပြီး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန် အစိုးရ တာဝန်ရှိသူများက တိကျသည့်မူဝါဒများ ချမှတ်ကာ လုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်သည်။

သို့ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်မည့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများအတွက် လည်း လိုအပ်သော နည်းပညာ၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် အစိုးရမှ ရေရှည်ဆောင်ရွက်ရမည် ဖြစ်သည်။

လက်ရှိအချိန်တွင်မူ အလွန်အဖိုးတန်လှသည်ဟု ဆိုသော အမိမြေအား စွန့်ခွာ၍ ရေမကြည်၊ မြတ်မနု သော် လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများရာ သောင်ရင်းမြစ်ကမ်း တစ်ဘက်ဆီသို့ တရွေ့ရွေ့ထွက်ခွာနေသော ခြေထောက်များ တစ်နေ့တစ်ခြား ပိုမိုများ ပြားလာနေတော့သည်။

Generation Focused Monitor

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.