မွန်ပြည်နယ်ရဲ့ ရာသီဥတုအခြေအနေ ပြောင်းလဲမှုတွေအပေါ် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

0
1932
၂၀၁၉ ခုနှစ် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်

“မွန်ပြည်နယ်အနေနဲ့ကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ အပူချိန်၊ မိုးရေချိန်၊ လေတိုက်ခတ်မှုဖြစ်စဉ်တွေက ယခင်လိုမဟုတ်တော့ပဲနဲ့ များစွာပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်၊ မြင့်မားလာတဲ့အပူချိန်၊ ပုံမှန်မဟုတ်တော့တဲ့ မိုးရွာသွန်းမှု၊ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ လေတိုက်ခတ်ခြင်းနဲ့ မိုးနှောင်းကာလ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေကို ကြုံတွေ့ရမှာဖြစ်လို့…….”

မွန်ပြည်နယ် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်

မေး – ပြီးခဲ့တဲ့နှစ်မိုးရာသီက မွန်ပြည်နယ်မှာ အထူးသဖြင့် အဆိုးရွားဆုံးအနေနဲ့ ရေးနဲ့ကျိုက်မရောဘက်မှာ ရေနစ်မြှုပ်မှုတွေအတော်များများဖြစ်ပွားခဲ့ပါတယ်၊ နောက်တစ်ခုက တောင်ပြိုမှုပေါ့၊ ဘယ်လိုအခြေအနေမျိုးမှာ ခုလို ဆိုးရွားစွာရေကြီးမှုနဲ့ တောင်တွေပြိုမှုတွေ ဖြစ်စေနိုင်ပါသလဲ။

ဖြေ – ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ရေးနဲ့ ကျိုက်မရောမြို့နယ်တွေမှာ ရေကြီးမှုတွေအတော်များများဖြစ်ခဲ့ပါတယ်၊ တောင်ပြိုမှုကတော့ ဩဂုတ်လ ၉ ရက်နေ့မှာ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စုက မလတ်တောင်မြေပြိုမှုပေါ့၊ခုလို ရေကြီးမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပေါ်စေတဲ့အကြောင်းကတော့ အခြေအနေတွေက အများကြီးရှိပါတယ်၊ မိုးလေဝသအနေနဲ့ကတော့ အဲ့ဒီနေ့ရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်ပမာဏများစွာရွာသွန်းခဲ့လို့ မြေသားတွေအိကျပြီ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ပဲ ဆိုပါရစေ၊ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးတဲ့ဖြစ်စဉ်ဟာလည်း ယှဉ်တွဲဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။

မေး – ယခင်နှစ်မိုးရေချိန်အခြေအနေနဲ့ ယခင်နှစ်အခြေအနေလေးနှိုင်းယှဉ်ပေးပါဦး။

ဖြေ – ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်နှိုင်းယှဉ်ချက်ကတော့ ခုနှစ်ရဲ့ မိုးရွာသွန်းမှုအနေအထားက မနှစ်ကထက် လျော့နည်းရွာသွန်းခဲ့ပါတယ်၊ မွန်ပြည်နယ်အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လကုန်အထိ မိုးရေချိန်(၉၄.၂၀)လက်မရွာသွန်းခဲ့ပြီးတော့ ခုနှစ်မှာတော့ ဇန်နဝါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မိုးရေချိန် (၅၁.၇၉)လက်မသာရွာသွန်းခဲ့တာကြောင့် မနှစ်ကထက် ၄၂.၄၁ လက်မလျော့နည်းရွာသွန်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

မေး – ယခုနှစ် လအလိုက် သတိထားရမယ့် ရာသီဥတုအခြေအနေလေးသိပါရစေ။

ဖြေ – လအလိုက်သတိထားရမယ့် ရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ မိုးဦးကာလကျော်လွန်ခဲ့ပြီး ယခုမိုးလယ်ကာလ ဇူလိုင်၊ ဩဂုတ်လတွေမှာ မိုးလျော့နည်းရွာသွန်းမှာဖြစ်ပြီးတော့ ဩဂုတ်လအတွင်းမှာတော့ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းတတ်တာကို သတိပြုကြရမှာဖြစ်ပါတယ်။

မေး – ရေကြီးမှုဖြစ်စဉ်တွေမှာ ရေးမှာဆို ရေးအရှေ့ဘက်က ချောင်းရေတက်တာကို ဒေသခံတွေအနေနဲ့ သူတို့ရဲ့သတ်မှတ်တဲ့စံနဲ့တိုင်းတာပြီးတော့ ဘယ်လောက်ဆို မြို့မှာအတော်ဆိုးရွားစွာနဲ့ရေကြီးနိုင်တယ်လို့ ခန့်မှန်းကြတာရှိပါတယ်၊ အဲဒါနဲ့ပတ်သက်လို့ ဆရာတို့ဌာနအနေနဲ့ ရေကြီးမှုဖြစ်စဉ်အပေါ် ကြိုတင်သိရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါသလား၊ အခြေအနေလေးသိပါရစေ။

ဖြေ – မွန်ပြည်နယ်မှာ ဇလဗေဒစခန်းအနေနနဲ့ ဘီးလင်းနဲ့ သိမ်ဇရပ်မြို့နယ်မှာ ဖွင့်လှစ်ထားပြီးတော့ ရေးမြို့နယ်မှာတော့ စခန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး၊ လိုအပ်ချက်အရ ဖွင့်လှစ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့က သဘောတူညီချက်ရခဲ့ရင်တော့ဌာနအနေနဲ့ ညှိနှိုင်းပြီးတော့ စီစဉ်ဆောင်ရွက်သွားမှာပါ၊ ကျိုက်မရောမြို့နယ်မှာတော့ ယခုဘဏ္ဍာရေးနှစ်အတွင်းမှာ အတ္ထရံမြစ်ရေတိုင်းထွာရေးစခန်းဖွင့်လှစ်နိုင်ဖို့ မြေနေရာရရှိခဲ့ပြီးတော့ ဆက်လက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေပါတယ်။

မေး – မော်လမြိုင်မြို့အပါအဝင်ပေါ့ ပြည်နယ်အတွင်းက မြို့နယ်တွေရဲ့ မိုးလေဝသစခန်းတွေမှာ ရာသီဥတုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်သူတွေအတွက်အကျိုးဖြစ်စေမယ့် စက်ကိရိယာတွေတပ်ဆင်ထားရှိမှုအခြေအနေနဲ့ဆိုးရွားစွာဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ – မွန်ပြည်နယ်အတွင်းစက်ကိရိယာတပ်ဆင်ထားရှိမှုနဲ့ပတ်သက်လို့ အလိုအလျောက်မိုးလေ၀သတိုင်းတာရေးကိရိယာ (AWOS- Automatic Weather Observation System) တွေကို မော်လမြိုင်-သထုံ-ဘီးလင်း-သိမ်ဇရပ်-ကျိုက္ခမီ၊ မုဒုံနဲ့ ရေးမြို့မိုးလေ၀သရုံးတွေမှာ တပ်ဆင်ထားရှိပြီးဖြစ်ပါတယ်၊ ချောင်းဆုံမြို့နယ်မှာလည်း မြေနေရာရရှိပြီးဖြစ်လို့ AWOS တပ်ဆင်နို်ငဖို့ Fuondation ချထားပြီးဖြစ်ပါတယ်၊ COVID ကာလအလွန်မှာ စက်ပစ္စည်းတွေတပ်ဆင်ပေးသွားမှာပါ။

မေး – မိုးလေ၀သအနေနဲ့ပတ်သက်လို့ သီးခြားပြောချင်တာတွေရှိရင် ပြောပေးပါဦး။

‌ဖြေ – ရာသီဥတုအခြေအနေတွေကို လျင်မြန်စွာသိရှိနိုင်ဖို့က နိုင်ငံပိုင်မီဒီယာတွေ၊ ဌာနရဲ့ Website (www.moezala.dmh.gov.mm) နဲ့ Facebook page တွေ၊ မွန်ပြည်နယ်အနေနဲ့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန-မွန်ပြည်နယ် Facebook Pageတွေမှာ အချိန်နဲ့တပြေးညီ ဖော်ပြပေးနေပါတယ်။ မွန်ပြည်နယ်အနေနဲ့ကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ အပူချိန်၊ မိုးရေချိန်၊ လေတိုက်ခတ်မှုဖြစ်စဉ်တွေက ယခင်လိုမဟုတ်တော့ပဲနဲ့ များစွာပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။

 မြင့်မားလာတဲ့အပူချိန်၊ ပုံမှန်မဟုတ်တော့တဲ့ မိုးရွာသွန်းမှု၊ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ လေတိုက်ခတ်ခြင်းနဲ့ မိုးနှောင်းကာလ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေကို ကြုံတွေ့ရမှာဖြစ်လို့ မိုးဇလကထုတ်ပြန်တဲ့ ရာသီဥတုဆိုင်ရာသတင်း၊ ခန့်မှန်းချက်၊ ကြေငြာချက်တွေကို မပြတ်တမ်းစောင့်ကြည့်ပြီးတော့အသိ သတိနဲ့ယှဉ်ပြီး သဘာဘေးအန္တရာယ်တွေကို ကျော်လွှားကြပါစို့လို့ပြောရင်း အားလုံး သဘာဝဘေးမှလွတ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခုလိုဖြေကြားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.