အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေ တောင်းဆို

0
241

မော်လမြိုင် ၊ ဇူလိုင် ၂၄

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပြည်နယ်အတွင်းက နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လကနေ အခုချိန်ထိ မွန်ပြည်နယ်ကို နေရပ်ပြန် (၂၇၀၀၀) ကျော် ပြည်လည် ဝင်ရောက်ခဲ့ပါတယ်။

ပြန်လာသူတွေ အများစုက ထိုင်းနိုင်ငံကဖြစ်ပြီး စက်ရုံအလုပ်ရုံပိတ်တာတွေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်တာတွေကြောင့် ပြန်လာခဲ့တာလို့ ဆိုပါတယ်။

ပြန်လာပြီးနောက်ပိုင်း (၄) လနီးပါး ကြာမြင့်သည့်တိုင် အလုပ်လက်မဲ့ ဖြစ်နေတာကြောင့် အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ နေရပ်ပြန်တွေက တောင်းဆိုလိုက်ပါတယ်။

“ပြန်ရောက်လာတည်းက အလုပ်မရှိဘူး အိမ်မှာပဲ ခြံစိုက်နေရတယ် ဒါကတော့ ရေရှည်ရပ်တည်လို့မရဘူး စက်ရုံတွေမှာဖြစ်ဖြစ် အလုပ်လေးရချင်တယ် အစိုးရက လုပ်ပေးရင် ကောင်းတာပေါ့”လို့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုဇော်ဖြိုးက ပြောပါတယ်။

နေရပ်ပြန် အများစုဟာ မိဘလက်ငုတ်လက်ရင်း အလုပ်တွေနဲ့ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရပြီး ရေရှည် ရပ်တည်ဖို့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတာပါ။

ဒါကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါတွေ ငြိမ်သက်သွားရင် ပြည်ပနိုင်ငံတွေမှာပဲ သွားရောက်လုပ်ကိုင်ဖို့ အများစုက ဆန္ဒရှိနေကြပါတယ်။

“လုပ်အားခက ကွာတယ်လေ ဒီမှာရတာက စားလို့တောင် မလောက်ဘူး ဟိုမှာရတာက စုမိဆောင်းမိတယ်။ အခြေအနေတွေ အေးဆေးဖြစ်ရင် ပြန်သွားချင်တယ်”လို့ ထိုင်းနိုင်ငံက ပြန်လာသူ မဝတ်ရည်က ပြောပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု ပြသနာတွေကြောင့် ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်သူတွေ ရှိနေပြီး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေရတယ်လို့ ထိုင်းနိုင်ငံ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

မွန်ပြည်နယ်အစိုးရကတော့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီပေးဖို့ စီစဉ်နေပြီး ရာဘာလုပ်ငန်းနဲ့ ဥယာဉ်ခြံစိုက်ပျိုးလုပ်ငန်းတွေမှာ ဖန်တီးပေးဖို့ အလားအလာရှိတယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.