ကိုဗစ်ကာလ ဘဲဥစျေးကျပြီး ကုန်ကြမ်းစျေးကြီးမှုကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေ

0
765
ရေးမြို့နယ် ရွာသစ် ဓမင်းဆိပ်ကျေးရွာက ဘဲခြံ

ရေး ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်ရဲ့ ဘဲဥအထွက်နှုန်း အများဆုံးဖြစ်တဲ့ ရေးမြို့နယ်မှာ ကိုဗစ်ကာလအတွင်း ဘဲဥဈေးနှုန်းကျဆင်းပြီး ကုန်ကြမ်းဈေးကြီးမှုတွေကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ပုံမှန်အချိန်မှာ ဘဲဥတစ်လုံးကို  ကျပ် (၁၃၀) ခန့် ပေါက်စျေးရှိပြီး ကိုဗစ်ကာလမှာတော့ တစ်လုံးကို ကျပ် (၇၀) နဲ့ (၉၀) ဝန်းကျင်သာ စျေးနှုန်း ရရှိတော့တာပါ။

အခုလို ဘဲဥစျေးကျနေချိန်မှာ ဘဲတွေကို ကျွေးရတဲ့ ကုန်းကြမ်းတွေကလည်း စျေးနှုန်းမြင့်တက်လာတဲ့အတွက် ရေရှည်ရပ်တည်ဖို့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ဥစားဘဲမွေးမြူရေး လုပ်ငန်းရှင် ကိုမင်းဇော်က ပြောပါတယ်။

” ခုမှသာ ရန်ကုန်၊ မော်လမြိုင်ကို ပြန်လည်တင်ပို့ရတာတွေရှိလာပေမယ့် ပြီးခဲ့တဲ့လတွေကဆိုရင် ဒေသတွင်းနယ်လှည့်ပြီးလိုက်ရောင်းနေရတဲ့အခြေအနေပါ၊ ကုန်ကြမ်းဈေးက ကြီးလာသလို ဘဲဥဈေးနှုန်းက ကျသွားတယ်၊ မွေးမြူရေးသမားတွေ ရပ်တည်ရ ခက်ခဲတဲ့အနေအထားတစ်ခုဖြစ်လာတယ် ” လို့ ဆိုပါတယ်။

ရေးမြို့ ရွာသစ် ဓမင်းဆိပ်ကျေးရွာက ဘဲခြံ

ဒါ့အပြင် အခုလဟာ ဘဲအတောင်ချွတ်ချိန်ဖြစ်လို့ ဘဲဥထွက်နှုန်းဟာ ပုံမှန်ထက် တစ်ဝက်ကျဆင်းမှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ ရပ်တည်ဖို့ ချေးငွေတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

” ကျားမြီးဆွဲထားရတဲ့အနေအထားပါ၊ ဘဲတွေကို အစာမကျွေးလို့လည်းမရဘူးလေ၊ ကုန်ကြမ်းဈေးတက်ပေမယ့် ကျွေးနေရတာပါ၊ခုဆို ကိုဗစ်ကာလ စကတည်းက တောင့်ခံထားရတာ အကြွေးတွေလည်း အများကြီးတင်နေရပြီ၊ ” လို့ ဥစားဘဲ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇော်မွန်က ပြောပါတယ်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကတော့ လုပ်ငန်းရှင်တွေ ချေးငွေ ရရှိအောင် ဆောင်ရွက်ပေးနေပြီး ကာလကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဥစားဘဲမွေးမြူရေးလုပ်ငန်းကို ရေးမြို့နယ်အတွင်း အံဒင်၊ ဓမင်းဆိပ်၊ ကဗျာဝကျေးရွာတို့မှာ အဓိကမွေးမြူကြပြီး ရေးမြို့နယ်မှာ အထွက်နှုန်းကောင်းတဲ့အချိန်ဆိုရင် တစ်နေ့ကို လုံးရေ တစ်သိန်းဝန်းကျင် ထွက်ရှိပါတယ်။

သတင်းနှင့်ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.