ကြိုတင်မဲပေးတဲ့လုပ်ငန်းတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်တွေ့

0
62

မော်လမြိုင် ၊ အောက်တိုဘာ (၂၉)

ကြိုတင်မဲလာပေးသူတွေများတဲ့အတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)အထက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်မဲကို အောက်တိုဘာလ (၂၉)ရက်နေ့ကနေ နိုဝင်ဘာလ(၅)ရက်နေ့အထိ ပေးရမှာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ကြိုတင်မဲလာပေးသူ ရာနဲ့ချီ ရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး (၆)ပေအခြား မနေနိုင်တဲ့အပြင် နေပူထဲမှာ တန်းစီးစောင့်ရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

“ဒီကာလမှာ လာလို့ရှိရင် မက်စ်တွေပါရမယ်၊ နောက်လက်ဆေးရမယ်၊ လက်ဆေးဖို့ ထားပေးထားတယ်၊ အဲဒါတွေ လုပ်ထားတဲ့အပြင် အသင့်စီစဉ်ထားတဲ့ ၆ ပေအကွာနဲ့ အကုန်တန်းစီထားကြတယ်၊ နေပူတဲ့အခါကျတော့ တစ်ချို့က သက်ကြီးပိုင်းများတဲ့အခါကျတော့ မနေနိုင်တော့ အဲဒီအရိပ်လေးမှာ နည်းနည်းလေးတော့ ကပ်နေတာပေါ့၊ ဒါပေမယ့် မက်စ်တော့ရှိတာပေါ့၊ အဲဒါက ဘဝင်မကျပေမယ့် လူကြီးတွေဆိုတော့ ညနေ ၆ နာရီအထိ ပေးမယ်ဆိုတဲ့အခါကျတော့ ခဏနေကျရင် လူတွေ လာအုန်းမယ်”လို့ ဇင်းကျိုက်ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘမင်းတင်က ပြောပါတယ်။

ကြိုတင်မဲပေးရာမှာတော့ လွှတ်တော်အလိုက် တစ်ကြိမ်စီ ပေးရတာဖြစ်လို့ တစ်ဦးကို (၁၀) မိနစ်ဝန်းကျင် ကြာမြင့်တယ်လို့ ဆိုပါတယ်။

“ ရပ်ကွက်(၂)က စာရွက်ပေးတယ်၊ လက်မှတ် လေးခါထိုးရတယ်။ ထိုးပြီးတော့ စာရွက်ပေးလိုက်တယ်။ အဲဒါပြီးတော့ ဟိုနေရာမှာ တံဆိပ်တုံးနှိမ့်၊ ကိုယ်ကြိုက်တဲ့ အကွက်မှာနှိမ့်တဲ့၊ နှိမ့်လို့ပြီးတော့ အကုန်ယူပြီးတော့ ဟိုအထဲအကုန်သွားထည့်လိုက်တယ်။ အပေါက်ဝမှာကျတော့ ကလေးတွေ လက်ဆေးပေးတယ်၊ မက်စ်မပါရင် သူတို့ ပေးတယ်။ ဒါက အိမ်က ပါလာတာပေါ့၊ စာရေးတဲ့နေရာမှာတော့ လူများတာပေါ့၊ အဲနားမှာတော့ ထိုင်ခိုင်နဲ့တော့ ထိုင်နေရတာပေါ့”လို့ ဆန္ဒမဲလာပေးသူ ဒေါ်သိန်းတင်က ပြောပါတယ်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်းမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်းကျော်ရှိပြီး အသက်(၆၀)အထက် မဲဆန္ဒရှင်ကတော့ (၄)သိန်းကျော် ပါဝင်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.