ကျိုက်ထီးရိုးဘုရားဖူးမျှော်ခွင့်ကို လုံးဝ ပိတ်လိုက်ပါပြီ

0
164

မော်လမြိုင် ၊ ဒီဇင်ဘာ(၂၃)

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားဖူးမျှော်ခွင့်ကို ဒီဇင်ဘာလ (၂၂)ရက်နေ့ကစပြီး လုံးဝပိတ်လိုက်ပြီးလို့ ဂေါပက အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကစပြီးတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမျှော်ခွင့် ခေတ္တပိတ်ထားခဲ့သော်လည်း သတ်မှတ်လူဦးရေအနည်းငယ်နဲ့ ခြေလျင်တက်ကြသူများကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အခုလိုပွင့်လင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ်စမတ်နေ့တွေနဲ့ Happy New Year ရက်တွေမှာ ခြေလျင်တောင်တက်ဖို့ ခွင့်ပြုချက် တောင်းခံသူတွေ များလာတာကြောင့် မြို့နယ်ကော်မတီနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ခြေလျင်တောင်တက်ခွင့် ပိတ်လိုက်တာဖြစ်တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

“အခုချိန်ထိလေ ကျွန်တော်တို့ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်နဲ့ ဘုရားတဝိုက်မှာ ကိုဗစ်ကင်းစင်နယ်မြေဖြစ်နေပါ တယ်၊ အဲဒီကိုဗစ်ကင်းစင်နယ်မြေအဖြစ်နဲ့ဆက်ပြီး ထိန်းသိမ်းထားစေချင်တယ်၊ နောက်ဘုရားဖူတွေ တက်လာရင် မလိုလားအပ်တဲ့ ကိုဗစ်က တစုံတရာဖြစ်လာရင် တောင်ဖွင့်ပွဲကျရင် သွားထိခိုက်မှာစိုးတယ်၊ ဟိုးတုန်းကတော့ ကုန်းကြောင်းလမ်းကနေ ပေးတက်တယ်၊ ကျွန်တော်တို့ မြို့ကပါဘဲ၊ သထုံတို့ကလည်း လာတက်တာ နည်းနည်းရှိတယ်၊ ဒီခရစ်စမတ်မှာ ဘုရားတက်ဖို့ ကျွန်တော်ဆီ ခွင့်လာတောင်းနေကြတာ များတော့ အုပ်စုလိုက် အုပ်စုလိုက်တက်မယ်ဆိုတော့ လူ(၂၀)တက်မယ်တို့၊ ၂၅ ယောက်တက်မယ်ဆိုတော့ (၇)ဖွဲ့လောက်ဆိုတော့ ကိုဗစ်သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ညှိနေတာလေ၊ အဲဒါကြောင့် မြို့နယ်ကိုဗစ်ကော်မတီနဲ့ ညှိနှိုင်းပြီးတော့ ဒီနေ့က(ဒီဇင်ဘာလ ၂၂ ရက်)နေ့က စပြီး ပိတ်လိုက်တာ”လို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ‌တော် ဘဏ္ဍာတော်ထိန်း‌ ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှိုင်က ပြောပါတယ်။

အဲဒီအပြင် ခွင့်ပြုချက်မရှိဘဲ ခြေလျင်တောင်တက်သည့်အဖွဲ့များကိုစစ်ဆေးတွေ့ရှိခဲ့ပါက သက်ဆိုင်ရာ ဥပဒေတွေ အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးတောင်ပေါ်သို့ တက်ရောက်ဖူးမျှော်ခွင့်ပြုနိုင်ရေးကို ဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံနဲ့ စီမံချက်ရေးဆွဲထားကာ ခွင့်ပြုချက်ပေးပါက ချက်ချင်းဖွင့်လှစ်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန် လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး ရက်ကြီးခါကြီးများတွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သိန်းဂဏန်းအထိ လာရောက်လည်ပတ်လေ့ရှိပါတယ်။

ဒီနှစ်အတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ နှစ်စဉ်ပုံမှန်ရရှိနေတဲ့ ဘုရားအလှူငွေ သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးမှုတွေ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.