အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ချပြပေးဖို့ မွန်လွှတ်တော် တိုက်တွန်း

0
149
ဓာတ်ပုံ - ဇင်မိုး

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ တတိယအပတ်မှာ အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စိစစ်ခဲ့ပြီး အကြံပြုချက်တွေပါတဲ့ အစီရင်ခံစာကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ အစိုးရထံ ပေးပို့ခဲ့ပါတယ်။

လွှတ်တော်က တွေ့ရှိချက်တွေအရ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အစိုးရအဖွဲ့အနေနဲ့ တိကျတဲ့ မူဝါတွေကို ထားရှိဖို့ လိုအပ်နေပြီး သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကပ်ရောဂါကာလမှာ အစိုးရက ပြည်သူတွေအတွက် ဘယ်လောက်လုပ်ပေးလဲဆိုတာ ထင်ရှားစေတယ်။ အစိုးရက ကပ်ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်မယ်။ ပညာပေးမယ်။ ဘဏ္ဌာငွေကျခံ ဘယ်လောက် သုံးစွဲခဲ့လဲ ပြည်သူတွေကို သိစေချင်တယ်။ ပြည်သူတွေ သိဖို့လည်း ထုတ်ပြန်ပေးစေချင်တယ်”လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

လက်ရှိမှာတော့ အစိုးရရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှု အားနည်းချက်တွေကြောင့် ပြည်သူတွေအကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်ကနေ မွန်ပြည်နယ်ကို လာမယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်တွေ နဲ့ quarantine နေထိုင်ရမယ့် ပုံစံတွေကို အစိုးရက မထုတ်ပြန်တဲ့အတွက် သေသေချာချာ မသိနေဘူးလို့ ခရီးသွားတွေက ဆိုပါတယ်။

“တိုင်းအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ ပေါ်လစီက တခုနဲ့တခု မတူညီကြဘူး။အာ့ဒီမှာ ပြဿနာတက်တာ ဥပမာ မွန်ပြည်နယ်မှာဆိုရင် Q ဝင်ရမယ့် ပေါ်လစီတွေက မကိုက်ညီနေဘူး”လို့ ခရီးသွားတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးဇင်က ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်နေပြီး ဒီဇင်ဘာလ (၂၄)ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုလူနာ (၂၀၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

အစိုးရကတော့ ကူးစက်မှု မြင့်တက်နေတဲ့ မော်လမြိုင်နဲ့ဘီးလင်းကို stay at home သတ်မှတ်ထားပြီး ကိုဗစ်အတည်ပြု လူနာနဲ့ အဓိက ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ (၁၄)ရက် အသွားအလာ ကန့်သတ်တဲ့ စနစ်ကို ကျင့်သုံးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.