အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ် (၂၃၀)ကျော်ကို အသွားအလာ ကန့်သတ်ထား

0
131

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ်(၂၃၀)ကျော်ကို အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ဒေသတွင်း ကူးစက်မှု ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ဖို့ မွန်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီလို ဆုံးဖြတ်ပြီး နှစ်ပတ်ကျော် ကာလအတွင်းမှာ နေအိမ် (၂၃၀)ကျော်ကို အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ဖြစ်ပွားမှုကတော့ မျိုးစုံပေါ့နော်၊ ရပ်ကွက်ထဲကနေ အနံ့ပျောက်တွေ တွေ့လို့ သူ့ဟာသူ ပေါ်လာတာရှိတယ်၊ ရန်ကုန် ပြန်တွေ စစ်လို့ တွေ့တာရှိတယ်၊ ဒီအနံ့ပျောက်လူနာနဲ့ ထိတွေ့ခဲ့သူတွေကို စစ်တော့ ပြန်တွေ့တာရှိတယ်၊ တွေ့တာက တွေ့နေတာပဲ၊ တအားကြီး မများလာပေမယ့်၊ တအားကြီးလည်း မနည်းသွားဘူး၊ ပုံမှန်လောက်ပဲ သွားနေတာပေါ့၊ အိမ်ခြေပေါင်း ၂၃၀ ကျော်သွားပြီးပေါ့နော် လက်ရှိ Home Quarantine ထားထားတာပေါ့နော်၊ သူတို့ကတော့ များလာတာတော့ မရှိဘူးပေါ့နော်၊ ဒီလူပြီး ဒီလူတွေပဲ ဆိုတော့ စစ်တာက (၁၀၀)ကျော်စစ်ရင် ၁၀ ယောက် ၁၅ ယောက်လောက်တော့ ပိုးတွေ့နေတာပေါ့”လို့ ဆိုပါတယ်။

ဒီလိုအသွားအလာကန့်သတ်ထားတဲ့ နေအိမ်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက အကြံပြုပြောဆိုထားပါတယ်။

“ ပြည်သူတွေကို အနီးကပ်ကြည့်ကြပ်တဲ့ အုပ်ချုပ်ရေးပိုင်းကလည်း တာဝန်ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ အသွားအလာကန့်သတ်ထားတဲ့ အိမ်ကို သွားဖို့က မရွံ့မရဲ ဖြစ်ကြတယ်။တာဝန်ရှိသူတွေက မရွံ့မရဲ ဖြစ်စရာ မလိုဘူးလေ။တာဝန်ရှိသူက မရွံ့မရဲ သွားစရာမလိုဘူးလေ။ ကို့အကာအကွယ်နဲ့ ကိုသွားလို့ရတယ်”လို့ ဆိုပါတယ်။

နေအိမ်မှာ အသွားအလာ ကန့်သတ်ခံရသူတွေကိုတော့ သတ်မှတ်ရက် မတိုင်ခင်မှာ ကိုဗစ်-၁၉ ပိုး ရှိမရှိ ကျန်းမာရေးဌာနက စစ်ဆေးပေးနေပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့ညထုတ်ပြန်ချက်အရဆိုရင် မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၂၁၀၀) ကျော် ရှိပြီး အဲဒီထဲကနေ သက်သာလို့ ဆေးရုံက ဆင်းခွင့်ရရှိသူ(၁၉၀၀)ကျော်နဲ့ သေဆုံးသူ(၂၂)ဦးအထိ ရှိပြီးလို့ သိရပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.