ကျောက်မီးသွေးရုံငါးစျေး ပိတ်ထားရလို့ ယခင်သံလွင်စျေးမှာ ယာယီဖွင့်လှစ်ဖို့ တောင်းဆို

0
98

မော်လမြိုင်၊ ဇန်နဝါရီ  ၈

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုကြောင့် ကျောက်မီးသွေးရုံ ငါးစျေး ပိတ်ထားရတဲ့အတွက် မူလနေရာ သံလွင်စျေးမှာ ယာယီစျေးဖွင့်လှစ်နိုင်ရေးအတွက် အစိုးရထံ တင်ပြထားတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကျောက်မီးသွေးရုံငါးစျေးဟာ မွန်ပြည်နယ်အတွင်းက ငါးတွေကို အဓိက ဖြန့်ဖြူရောင်းချနေတဲ့ စျေးကွက် တစ်ခု ဖြစ်ပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး အဲ့ဒီစျေးမှာ အတည်ပြု လူနာတွေ တစ်ဦးပြီးတစ်ဦး တွေ့ရှိလာတာကြောင့် ဇန်နဝါရီလ (၆)ရက်နေ့က စတင်ပြီး စျေးကို ယာယီပိတ်ခဲ့ပါတယ်။

အခုလို စျေးပိတ်ထားပေမယ့် ငါးဈေးကွက်မထိခိုက်စေရေးအတွက် ယခင်နေရာ သံလွင်စျေးမှာ ယာယီဈေး ဖွင့်လှစ်နိုင်ဖို့ အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့  မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပါတယ်။

“သံလွင်ဈေးထဲမှာရှိတဲ့ ငါးဒိုင်ဟောင်းနေရာကို ယာယီဈေးအဖြစ်ပေါ့။ Covid 19 ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်အတိုင်း ဒီဈေးရုံကို အစိုးရအဖွဲ့ကို တင်ပြပြီး ၁၁ရက် အနည်းဆုံး ခဏပိတ်ပြီး ဟိုဘက်မှာ ယာယီဈေး ဖွင့်နိုင်ဖို့ ငါးလုပ်ငန်းကော်မတီအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်သွားဖို့ ဆွေးနွေးထားကြပါတယ်”လို့ ဆိုပါတယ်။

ယာယီဈေးနေရာအဖြစ် ယခင်ငါးဈေးနေရာအဟောင်းဖြစ်တဲ့ သံလွင်ဈေးနေရာကို တင်ပြလာပေမယ့်  ရ၊ မရ က မသေချာသေးဘူးလို့  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“ဒီလက်ကားဈေးက မော်လမြိုင်ရဲ့ အဓိက ငါးဈေးဖြစ်တဲ့အတွက်ကြောင့် ဒါကို အစားထိုးတစ်နေရာ ယာယီတစ်ပတ်လောက် ဖြစ်နိုင်ရင် နှစ်ပတ်လောက်တော့ မှန်းဆပြီး ဘယ်နေရာမှာသင့်တော်မလဲပေါ့။ ပြည်နယ်အစိုးရအဖွဲ့ကိုတော့ ပြည်နယ်ငါးလုပ်ငန်းကော်မတီက သံလွင်ဈေးနေရာကိုပဲ ယာယီအားဖြင့် ဆောင်ရွက်ခွင့်ပေးနိုင်မလားပေါ့။ ဒါလေးကို တင်ပြလာတယ်။ ရ၊ မရတော့ မသိသေးဘူး”လို့ ဆိုပါတယ်။

အဆိုပါ ငါးစျေးဟာ ပြည်နယ်ရဲ့ အဓိက စျေးကွက်တစ်ခုဖြစ်တာကြောင့် ပိတ်ထားတာ ရက်ကြာရင် စျေးကွက်အတွင်း ငါးရောင်းဝယ်မှု ပြတ်လပ်ပြီး ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဝန်ကြီးက သုံးသပ်ထားပါတယ်။

ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှု များခဲ့တဲ့ ကျောက်မီးသွေးရုံ ငါးဒိုင်ကိုတော့  ဇန်နဝါရီ ၆ရက်မှ စတင်ကာ Lock down ၁၄ရက် သတ်မှတ်ပြီး ယာယီပိတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.