ညမထွက်ရအမိန့် နောက်ထပ်(၂)လ သက်တမ်းတိုး

0
136

မော်လမြိုင်၊ ဇန်နဝါရီ ၂၇

မော်လမြိုင် ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို မွန်ပြည်နယ်အစိုးရက နောက်ထပ် (၂)လ ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။

ယခင် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ ဇန်နဝါရီ ၂၅ရက်နေ့မှာ သက်တမ်းပြည့်သွားသောကြောင့် အခုလို ထပ်မံ သက်တမ်းတိုးလိုက်တာလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ မြိုနယ် ၃ မြိုနယ်ကို ကာဗျူးသက်တမ်း ထပ်တိုးတယ်။ ကျိုက်ထို၊ ဘီးလင်း၊ မော်လမြိုင် မြိုနယ် သုံးခုပါ ခင်ဗျ။ ဘီးလင်းနဲ့ မော်လမြိုင်မြိုနယ်ကတော့ ၂၅ရက် ၁လပိုင်းကနေ ၂၅ရက် ၃လပိုင်းမှ ပြည့်မယ်။ ကျိုက်ထိုက ဒီလ  ၃၁ရက်မှ ဒုတိယသက်တမ်းပြည့်မယ်။ ၃၁ရက် ၁လကနေ ၃၁ရက် ၃လပိုင်းထိ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်နယ်အတွင်း ခိုးဆိုးလုယက်မှုတွေ မဖြစ်အောင် အခုလို ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာလို့ အစိုးရအဖွဲ့က ဆိုပါတယ်။

ညမထွက်ရအမိန့်ကို ည ၁၂နာရီမှ မနက် ၄နာရီအတွင်း သတ်မှတ်ထားပေမယ့် အရေးပေါ်ကိစ္စရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနရဲ့ ခွင့်ပြုချက်ယူပြီး သွားလာခွင့်ရှိတယ်လို့ မော်လမြိုင်မြိုနယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

“ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေအတွက် လိုအပ်လို့ ည ၁၂နာရီနဲ့ မနက် ၄နာရီပေါ့ ဒါလည်း သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မှအပဆိုပြီး ပါတယ်။ မလိုအပ်ဘဲ အပြင်မထွက်ဖို့ပေါ့။ နေပလည်ဘက်တွေ အပြင်ထွက်ရင်လည်း mask တပ်ဖို့ မေတ္တာရပ်ခံပါတယ်”လို့ ဆိုပါတယ်။

ပြည်နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ (၅)လကျော်ကာလအတွင်းမှာတော့ အမိန့်ကြေညာချက် မလိုက်နာသူ (၁၀၀)နီးပါးကို အစိုးရအဖွဲ့က အရေးယူခဲ့ပြီး အလုပ်မဲ့ ထောင်ဒဏ် (၁)လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.