ညမထွက်ရအမိန့်ကြောင့် အခြေခံလုပ်သားတွေ အခက်တွေ့

0
94

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၂)

စစ်တပ်က အာဏာသိမ်းပြီးနောက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် ညနေပိုင်းနဲ့ မနက်အစောပိုင်း စျေးရောင်းချသူတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီလ (၉)ရက်နေ့က စတင်ပြီးတော့ ည(၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရ အမိန့်ကို တပ်က ထုတ်ပြန်ထားတာပါ။

အခုလို အခြေအနေကြောင့် ည(၈)နာရီကျော်ထိ စျေးရောင်းချခွင့် မရှိတော့လို့ ညနေခင်း စျေးရောင်းရချသူတွေ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“၇ နာရီကျော်လောက်ဆို လူကမရှိတော့ဘူ ၃ နာရီလောက်ကစရောင်းတယ် ၇ နာရီခွဲလောက် သိမ်းရတာပေါ့ လူတွေမရှိတော့ ရောင်းမကောင်းဘူး စီးပွားရေးအဆင်မပြေဖြစ်လာတာပေါ့ ခါတိုင်းက ၉ နာရီ ၁၀ နာရီအထိရောင်းတယ် အရောင်းအဝယ်ကတော့ တစ်ဝက်လောက် ကျိုးသွားတယ်၊ စားဝတ်နေရေး ခက်ခဲတာပေါ့ အဆင်မပြေဘူးပေါ့”လို့ မော်လမြိုင်ညစျေးမှာ ဝက်သားဒုတ်ထိုးရောင်းနေတဲ့ အမျိုးသမီးက ပြောပါတယ်။

အခုလို အခြေအနေတွေဟာ ရေရှည်ဖြစ်လာမယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေရတယ်လို့ စျေးသည်တွေက ဆိုပါတယ်။

“ညနေဘက်ဆို ၄ နာရီလောက် ထွက်ကြတယ် ညဘက်ရောင်းတယ်ဆိုလို့ရှိရင် ၁၀ နာရီလောက်မှ သိမ်းကြတာပေါ့ အခုဆိုရင် ၈ နာရီဆိုရင် ဘယ်လိုမှအဆင်မပြေတော့ဘူး စျေးသည်တွေလည်း ခံစားနေရတယ်၊ အဲဒီအမိန့်တွေ မထုတ်သင့်ဘူး ဆင်းရဲသားပြည်သူတွေကို ငဲ့ကွက်ပါလို့”ညစျေးရောင်းတဲ့ ဒေါ်ရီရီဝေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းတွင်လည်း ၂၂၂၂၂ အထွေထွေသပိတ်မှာ မြို့လုံးကျွတ် ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.