ဆန္ဒဖော်ထုတ်ပွဲ အကြမ်းဖက်ဖြိုခွင်း ၊ ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်

0
312
စျေးကြိုအဝိုင်းမှာ ဆန္ဒဖော်ထုတ်သူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့သည်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၈)

အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး ဖေဖော်ဝါရီလ (၂၈)ရက် မော်လမြိုင်မြို့က လူထုဆန္ဒဖော်ပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကို ဖြိုခွင်းရာမှာ ရေဖြန်းတာ ၊ အသံမိုင်းပစ်တာ ၊ မျက်ရည်ယိုဗုံးပစ်တာ ၊ ရာဘာကျည်နဲ့ ပစ်တာအပြင် ကျည်အစစ်တွေနဲ့ပါ ရဲက ပစ်ခတ်ခဲ့ပါတယ်။

စျေးကြိုအဝိုင်းက ဆန္ဒဖော်ထုတ်သူတွေကို ဖြိုခွင်းရာမှာ ကျည်အစစ်တွေကို အသုံးပြုခဲ့ပြီး ကားမောင်းပြီး လှည့်လှည်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ဆိုပါတယ်။

ဆန္ဒဖော်ထုတ်သူတွေ ကောက်ရသည့် ကျည်ခွံ ဓာတ်ပုံ – mawlamyine voice

ဒါ့အပြင် လမ်းမပေါ်က ဆန္ဒဖော်ထုတ်သူတွေကို အကြမ်းဖက် ဖြိုခွင်းလို့ ရပ်ကွက် လမ်းကြိုလမ်းကြားထဲ ဝင်ရောက်ထွက်ပြေးသူတွေကိုလည်း ရဲက ရာဘာကျည်နဲ့ လိုက်လံပစ်ခတ်ပြီး လူနေအိမ်အနီးမှာ မျက်ရည်ယိုဗုံးတွေကို အသုံးပြုခဲ့ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို ရာဘာကျည်နဲ့ ပစ်ဖောက်ဖြိုခွင်းတယ်။ ကျွန်တော်တို့ အုပ်စုမှာ ဒဏ်ရာရသူ နှစ်ဦးရှိတယ်။ခုတော့ လူစုခွဲပြီး ပြေးနေရတယ်”လို့ နေ့လည် (၁၂) နာရီဝန်းကျင်က အခြေအနေကို ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောပြပါတယ်။

မော်လမြိုင်မှာ ဖမ်းဆီးခံရသူ အမြောက်အများ ရှိခဲ့သည်။

ဆန္ဒဖော်ထုတ်သူတွေ ဝင်ရောက်ပုန်းရှောင်တဲ့ နေအိမ်တွေကိုလည်း ရဲက အကြမ်းဖက် ဖျက်စီးခဲ့ပြီး တံခါးတွေကို ဆောင့်ကန်တာတွေ ၊ မှန်ပြတင်းတွေကို ခဲနဲ့ ပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကတော့ ရဲကားတွေ အလွယ်တကူ မလာနိုင်အောင် လမ်းပိတ်တာတွေကို တန်းပြန် လုပ်ဆောင်ခဲ့ကြပါတယ်။

မော်လမြိုင်က ဒီကနေ့ဆန္ဒဖော်ထုတ်ပွဲကို အကြမ်းဖက်ဖြိုခွင်းလို့ ဒဏ်ရာရသူက (၃၀)ဦးထက်မနည်းရှိခဲ့ပြီး ဖမ်းဆီးခံရသူ အမြောက်အများ ရှိခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတစ်ဦး ရာဘာကျည်ထိမှန်ခဲ့သည်။

နိုင်ငံတဝှမ်းက ဆန္ဒဖော်ထုတ်မှုတွေကိုလည်း ရဲကအကြမ်းဖက် ဖြိုခွင်းပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ အမြောက်အများ ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.