ဆန်စျေးတွေ ဆက်တိုက်မြင့်တက်လာ

0
183

မော်လမြိုင် ၊ မတ် (၄)

တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒဖော်ထုတ်မှုတွေနဲ့ အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိလာတာနဲ့အတူ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးကလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။

မွန်ပြည်နယ်အတွင်းက ဆန်စျေးဟာ အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်မှာ သိသိသာသာ စျေးနှုန်းကွာခြားလာခဲ့တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဆန်အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို အနည်းဆုံး ကျပ် (၃၀၀၀)အထိ စျေးနှုန်း မြင့်တက်လာနေပါတယ်။

အခုလို အခြေအနေတွေကြောင့် ရောင်းချသူတွေကလည်း အများကြီး မစုဆောင်းထားဘဲ ချင့်ချိန်ပြီး ဝယ်ယူရောင်းချနေရတယ်လို့ ဆိုပါတယ်။

“ဆန်စျေးတွေက  ဖေဖော်ဝါရီ ၁ ရက်နေ့က စတက်လာတာပေါ့၊ အခုဆို တစ်လကျော်သွားပြီး စျေးတွေကတော့ ကျသွားတာမရှိဘူ နည်းနည်းနဲ့ တက်နေတယ်၊ အခုလို မတည်မငြိမ်အခြေအနေတွေကြောင့်လည်း ဆိုင်မှာ အရင်လို ဆန်အများကြီး မတင်ရဲဘူး နည်းနည်းပါးပါးပဲ တင်ရောင်းနေတယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်တွင်းစျေးကွက်မှာတော့ ဒေသထွက် ပေါ်ဆန်မွှေး ၂၄ ပြည် (ပေါင် ၁၀၀) ဝင် တစ်အိတ်ကို ၃၂၅၀၀ ကျပ်ဝန်းကျင်ရှိနေပြီး အထက်မြန်မာပြည်ဘက်ကလာတဲ့ ပေါ်ဆန်မွှေးတွေကတော့ တစ်အိတ်ကို ကျပ် ၃၈၀၀၀ နဲ့ ၃၉၅၀၀ အကြားရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ဒေသထွက် ဆန်မာအုပ်စုတွေဖြစ်တဲ့ ကောက်ကြီးဆန်တွေကတော့ တစ်အိတ်ကို ကျပ် ၃၀၀၀၀ ဝန်းကျင် ရှိနေပါတယ်။

အခုလို စျေးနှုန်းတွေ မြင့်တက်လာပေမယ့် ဖေဖော်ဝါရီလ (၁)ရက်နေ့နောက်ပိုင်းကစပြီး အရောင်းအဝယ်​အေးနေတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

“ဆန်အရောင်းအဝယ်ကတော့ ၃ ပုံ ၂ ပုံလောက်ကိုကျသွားတယ်၊ အဲဒီအာဏာစသိမ်းတဲ့တစ်ရက်မှာပဲ ဆိုင်မှာ ဆန်တွေကုန်သွားတဲ့အထိ ရောင်းရပြီးတော့ အဲနောက်ပိုင်း အခုထိပေါ့ အရောင်းအဝယ်က အေးသွားတယ်” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်နယ်အတွင်း ဆန်ပြတ်လပ်သွားမှာကို မစိုးရိမ်ရဘူးလို့ ဆန်ကုန်သည်များအသင်းက ပြောဆိုထားပါတယ်။

မွန်ပြည်နယ် စျေးကွက်မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ဆီ စျေးတွေကတော့ တဖြည်းဖြည်း မြင့်တက်နေပြီး ကြက်သွန် နဲ့ ပဲစျေးနှုန်းတွေကတော့ ကျဆင်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.