သင်္ကြန်ပွဲတော် မကျင်းပဘဲ စစ်ကောင်စီကို ဆန့်ကျင်ဖို့ တိုက်တွန်း

0
44

မော်လမြိုင် ၊ ဧပြီ (၆)

စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း ကျရောက်တဲ့ သင်္ကြန်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲ မလုပ်ဘဲ စစ်ကောင်စီကို ဆန့်ကျင်ဖို့ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကတော့ လာမည့် ဧပြီ (၁၃)ကနေ ဧပြီ (၁၇) ရက်နေ့အတွင်း ကျရောက်တော့မှာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့အတွက် မြို့ကြီးတချို့မှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

မွန်ပြည်နယ်က မြို့နယ်တွေမှာတော့ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်တာ မတွေ့ရသေးပါဘူး။

အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကတော့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို အကြောင်းပြုပြီး လူထုရဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရှိန်လျော့အောင် ပြုလုပ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် လူထုအနေနှင့် သင်္ကြန်ပွဲတော်ကို မကျင်းပဘဲ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်ဖို့ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

“ အာဏာရှင်လက်အောက်မှာ ဘယ်လို ပျော်ပွဲရွှင်ပွဲမှ မလုပ်ချင်ဘူး ။ ဒီလိုလုပ်ဖို့လည်း ကျဆုံးသွားတဲ့ ရဲဘော်တွေက လက်ခံမှာ မဟုတ်ဘူး ။ ဒါ့ကြောင့် သင်္ကြန်ပွဲတော် မကျင်းပဘဲ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဖို့ လူထုကို တိုက်တွန်းချင်တယ်”လို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နေတဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။

အခုလို တိုက်တွန်းမှုတွေကြောင့် အချို့ပြည်သူတွေကတော့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်တော့ဘဲ ရိုးရာမပျက် အလှူအတန်းလုပ်ပြီးတော့ နှစ်ကူးမယ်လို့ ဆိုပါတယ်။

“အမတို့တော့ အပျော်တွေ ဘာတွေ မလုပ်တော့ဘူး။ သက်ကြီး ပူဇော်မယ် ။ ဘုန်းကြီးဆွမ်းကပ်မယ် ။ ဒီလောက်ပါဘဲ ။ အာဏာသိမ်းပြီး သူတို့အုပ်ချုပ်ကတည်းက မပျော်တော့တာ ။ အမတို့ လွတ်လပ်ရေးရမှ အတိုးချပြီး ပျော်လိုက်မယ်”လို့ မော်လမြိုင်မြို့နေ မဝင်းအေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.