ယခုနှစ် ဆားထွက်နှုန်း ထက်ဝက်ကျမည်ဟု ဆားတောင်သူတွေ သုံးသပ်

0
154

မော်လမြိုင် ၊ ဧပြီ(၁၉)

ဆားထွက်ရာသီဖြစ်တဲ့ ဧပြီလအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိခဲ့တာကြောင့် ဆားထွက်နှုန်း ထက်ဝက်လျော့ကျနိုင်တယ်လို့ ဆားတောင်သူတွေက ခန့်မှန်းထားပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ် ဆား မက်ထရစ်တန်ချိန် သုံးသောင်းကျော် ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယ အများဆုံး ဆားထုတ်လုပ်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဆားလုပ်ငန်းအပေါ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မိုးကြောင့် ဆားကွင်း မပျက်စီးခဲ့ပေမယ့် ဆားကြုံးရမယ့်အချိန်နောက်ကျပြီး ဆားအထွက်နှုန်း လျော့ကျနိုင်တယ်လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သူက ပြောပါတယ်။

“မနှစ်က ဒီချိန်ဆို ဆားကြုံးနေပြီပေါ့။ မနှစ်က ထွက်တဲ့အားနဲ့ ဒီနှစ် ထွက်တဲ့အားက တစ်ဝက်သာသာလောက်ပဲရှိတယ်။ မနှစ်က ဥပမာ ဆယ်သိန်းဆို ဒီနှစ်က ငါးသိန်းခွဲ ခြောက်သိန်းလောက်ပဲရမယ်။ မနှစ် စံချိန်ကို တစ်ဝက်နီးပါးလောက် လျော့မယ်”လို့ ဆိုပါတယ်။

လက်ရှိကာလ ဒေသတွင်းစျေးကွက်မှာတော့ ဆားကြမ်းတစ်ပိဿာကို ၈၅ ကျပ်မှ ကျပ် ၁၀၀ အထိ ပေါက်စျေးရှိနေပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ငါးလုပ်ငန်းအချို့ ရပ်နားထားရတဲ့အတွက် ဆားကြမ်းကတော့ အရောင်းအဝယ်အေးနေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

မွန်ပြည်နယ်ကထွက်တဲ့ ဆားတွေကို ဒေသတွင်းသာမက ရန်ကုန် ၊ မန္တလေး စျေးကွက်အထိ တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.