PDF တွေကို ရှာဖွေဖို့ စစ်ကောင်စီက လူဦးရေ စာရင်းကောက်

0
929

မော်လမြိုင် ၊ ဇူလိုင် (၁)

လွတ်မြောက်နယ်မြေကနေ စစ်သင်တန်းဆင်းပြီး ပြန်လာတဲ့ PDF တွေကို ရှာဖွေနိုင်ဖို့စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ စာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူနေတယ်လို့ မော်လမြိုင်မြို့နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်စုစာရင်းကို ကောက်ယူတာမျိုးမဟုတ်ဘဲ နေအိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုဝင် အရေအတွက်နဲ့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို ကောက်ယူနေတာလို့ စာရင်းကောက်ခံခဲ့ရသူတွေက ဆိုပါတယ်။

စာရင်းကောက်ခံရာမှာ မိသားစုဝင်အရေအတွက် ၊ အလုပ်အကိုင် နဲ့ နေအိမ်မှာ ကျောင်းသားကျောင်းသူတွေ ရှိမရှိဆိုတဲ့ အချက်အလက်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မေးမြန်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။

“ကျမတို့ရပ်ကွက်မှာရာအိမ်မှူးကတော့သန်းကောင်စာရင်းမဟုတ်ပဲနဲ့လူစာရင်းတွေလာကောက်သွားတယ်၊သူပြောတာကတော့GZတွေပြန်ဝင်လာမယ်ဆိုပြီး သတင်းကြားလို့ လူစစ်ဖို့စစ်ကောင်စီက ကောက်ခိုင်တယ်ဆိုပြီးတော့ပြောသွားတယ်”လို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။

အခုလို စာရင်းကောက်ယူတာဟာ ရပ်ကွက်အတွင်းမှာ လွတ်မြောက်နယ်မြေက စစ်သင်တန်းဆင်းလာတဲ့ PDF တွေကို ထောက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး ဒီစာရင်းတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကောင်စီထံ ပေးပို့ရမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို စစ်ကောင်စီက စာရင်းကောက်ယူနေတဲ့အတွက် ပုဂ္ဂလိကလုံခြုံရေးအပြင် မိမိထံ ညအိပ်ညနေ လာရောက်လည်ပတ်တဲ့ ဧည့်သည့်တွေရဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်နေရတယ်လို့ မော်လမြိုင်မြို့ခံတွေက ဆိုပါတယ်။

“အခုလိုကောက်တဲ့အတွက်တော့တကယ်မို့ကိုယ်မိသားစုဝင်တွေထဲကတစ်ဦးဦးကခရီးသွားနေတယ်ဆိုလိုရှိရင် ပြန်လာတဲ့အခါ ပြသနာရှိနိုင်တာပေါ့နော်၊သူတို့လာကောက်တဲ့လူဦးရေထက်များလို့ရှိရင်ပြသနာရှိနိုင်တယ်” မြို့ခံတွေက သူတို့ရဲ့ စိုးရိမ်စိတ်ကို ပြောပြပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က အတင်းအဓ္ဓမ သိမ်းယူပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့လူငယ်တွေဟာ လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းတွေ သင်ယူနေပြီး အာဏာသိမ်း စစ်ကောင်စီကို တန်းပြန် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.