မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ ဆက်သွယ်မေးမြန်းချက်

0
108

“မွန်ပြည်ကာကွယ်ရေးတပ်-MSDF တပ်ဖွဲ့စည်းပုံတွင် လိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းကမ်းကို တိတိကျကျပြဌာန်းထားပြီး စစ်သည်တိုင်း လေးစားလိုက်နာရပါတယ်။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်အကောက်လုပ်ငန်းများကို လုံး၀(လုံး၀) လုပ်ဆောင်မည်မဟုတ်ပါ”

မော်လမြိုင်၊စက်တင်ဘာလ ၁၈

အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်တော်လှန်ဖို့အတွက် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ကို
စက်တင်ဘာလ ၁၆ ရက်နေ့မှာ မွန်ပြည်အတွင်းက တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

MSDF ဖွဲ့စည်းခဲ့တဲ့နေ့မှာပဲ ရေးမြို့နယ်တောင်ပိုင်း ကျုံညဲရွာမှာ မွန်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့က ဆက်ကြေးတောင်းခံနေတယ်ဆိုတဲ့ သတင်းတွေ Social Media မှာ ထွက်ပေါ်လာသလို MSDF နဲ့ ပတ်သက်တယ်လို့လဲ စွပ်စွဲ ပြောဆိုတာတွေရှိပါတယ်။

ဒါကြောင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF က ဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဆက်ကြေးတောင်ခံတာတွေရောရှိလားစတဲ့ မေးခွန်းတွေကို သံလွင်တိုင်းမ် က MSDF ပြန်ကြားရေးတာဝန်ခံနဲ့ မေးမြန်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံးပေါ့လေ MSDF က ဘယ်လို ပုံစံမျိုး ပေါ်ပေါက် လာသလဲ။

ဖြေ ။ ။ ယခုဆို မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ကိုယ်ပြည်နယ် ကိုယ်ဒေသကို ကာကွယ်ဖို့အတွက် ဒေသဆိုင်ရာ ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကောင်စီ၏ အကြမ်းဖက်ကို ကာကွယ်နေကြတယ်။

မွန်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို နေ့စဉ် ခံစားနေရတယ်။ တစ်ဖက်မှာ မွန်ပြည်ရဲ့ ပထဝီအနေအထားအရ နိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အခြေခံ စစ်ရေး ပြင်ဆင်မှု နယ်မြေ ဖြစ်လာနိုင်ခြေ ရှိတယ်။

ဒီကြောင့် ကျနော်တို့ အနေနဲ့ အခြားဒေသများရှိ ကာကွယ်ရေး တပ်ဖွဲ့ နည်းတူ မွန်ပြည် သူလူထုကို အကာအကွယ် ပေးနိုင်ဖို့၊ စစ်ကောင်စီရဲ့ ပြင်ဆင်မှုနေရာ မဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် မွန်ပြည်ကာကွယ်ရေးတပ် – MSDF ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘယ်လို စုပေါင်းဖွဲ့စည်းထားလဲ။

ဖြေ ။ ။ မွန်ပြည်ကာကွယ်ရေးတပ် – MSDF တပ်ရင်း၊ တောင်ပိုင်း / မြောက်ပိုင်း တပ်ခွဲ၊ သက်ဆိုင်ရာ တပ်ခွဲ၏ တပ်စုများ တပ်စိတ်များ ဖြင့်စနစ်တကျ ဖွဲ့စည်းထားပါတယ်။

မေး ။ ။ လက်ရှိ ရေးတောင်ပိုင်းမှာ မွန်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဆက်ကြေး ကောက်ခံ နေတယ်ဆိုတဲ့ သတင်းအပေါ်မှာ ဘယ်လို ပြောချင်လဲ၊ MSDF နဲ့ ပတ်သက်မှု ရှိလား။

ဖြေ ။ ။ လုံးဝ(လုံးဝ)ပတ်သက်မှုမရှိပါဘူး။ မွန်ပြည်ကာကွယ်ရေးတပ် MSDF က အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ လူငယ်အင်အားစုများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်က အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်း၏ ထောက်တိုင် ယန္တရားတွေကို အဓိကဦးတည်တိုက်ခိုက်သွားမယ့် မူဝါဒချမှတ်ထားပြီးဖြစ်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်-MSDF တပ်ဖွဲ့စည်းပုံမှာ လိုက်နာရမယ့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းကမ်းကို တိတိကျကျပြဌာန်းထားပြီး စစ်သည်တိုင်း လေးစားလိုက်နာရပါတယ်။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်အကောက်လုပ်ငန်းများကို လုံး၀(လုံး၀)လုပ်ဆောင်မည် မဟုတ်ပါ။

မေး ။ ။ MSDF အနေနဲ့ စစ်ကောင်စီကို ဘယ်လိုပုံစံမျိုးနဲ့ တော်လှန်ဖို့ရှိမလဲ။

ဖြေ ။ ။ မွန်ပြည်ကာကွယ်ရေးတပ် – MSDF တိုက်ခိုက်ရေးမူ (၃) ချက် ရှိပါတယ်။ အဲဒါကတော့

၁။ စစ်ကောင်စီနှင့် ၎င်း၏ ယန္တရားများ ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန်။

၂။ မွန်ပြည်အတွင်းရှိ ပြည်သူ ပြည်သား တိုင်းရင်းသား လူမျိုးများအား အန္တရယ်ကင်းရှင်းသည့် ပစ်မှတ်များကိုသာ အဓိက ဦးစားပေး တိုက်ခိုက်ရန်။

၃။ တိုက်ခိုက် ဆောင်ရွက်မှုများတွင် အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံ တိကျမှု ရှိ‌စေရန်။

မေး ။ ။ ဘာတွေ ဖြည့်ပြီး ပြောဖို့ရှိမလဲ။

ဖြေ ။ ။ မွန်ပြည်ကာကွယ်ရေးတပ် – MSDF သည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးအတွက် ရည်ရွယ်ချက် တူညီသော အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားဖို့ သဘာထား ရှိပြီး ဖြစ်ပါသည်။

မွန်ပြည်ကာကွယ်ရေးတပ် – MSDF အနေနဲ့ အကြမ်းဖက် စစ်ကောင်စီနှင့် အကြမ်းဖက် စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေသည့် ယန္တရားများနှင့် ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်မည် ဖြစ်သည့်အတွက် မွန်ပြည် အတွင်းရှိ ပြည်သူ ပြည်သား တိုင်းရင်းသား လူမျိုးများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ ယန္တရားများအား မပတ်သက်ကြရန် မေတ္တာရပ်ခံ ချင်ပါတယ်။

အခြား တစ်ဖက်မှာလည်း မွန်ပြည်ကာကွယ်ရေးတပ် – MSDF (Email – [email protected]) မှတဆင့် အကြမ်းဖက် စစ်ကောင်စီ ၏ နယ်‌မြေ လှုပ်ရှာမှု သတင်းများ ပေးပို့နိုင်သလို မွန်ပြည်ကာကွယ်ရေးတပ် – MSDF စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်များ လုံခြုံရေးအတွက် ဝိုင်းဝန်းကူညီ ပေးကြပါရန် မေတ္တာရပ်ခံချင်ပါတယ်။

ဆက်သွယ်မေးမြန်းသူ – သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.