ညအပြင်ထွက်သူတွေကို ရဲဖမ်းဆီး ၊ ငါးသောင်းတောင်းပြီး မနက် ပြန်လွှတ်ပေး

0
118

မော်လမြိုင်၊ စက်တင်ဘာ ၂၈

ပေါင်မြို့နယ်မှာ ည(၈)နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို ရဲကဖမ်းဆီးပြီး မိသားစုကို ပိုက်ဆံ ငါးသောင်းနဲ့ လာရွေးခိုင်းကာ မနက်ကျ ပြန်လွှတ်ပေးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပေါင်မြို့နယ်မှာတော့ ည(၈)နာရီကနေ မနက် (၄)နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ည(၈)နာရီနောက်ပိုင်း လမ်းပေါ်ထွက် သွားလာသူတွေကို ကင်းလှည့်နေတဲ့ ရဲနဲ့စစ်သားအဖွဲ့တွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

” အဲနေ့ (စက်တင်ဘာ ၂၇)က ကျွန်တော်တို့သူငယ်ချင်းတွေ အိမ်မှာ ကာလသားထမင်းဟင်းချက်စားဖို့လုပ်နေတုန်း၊ ဟင်းခတ်အမွှေးအကြိုင်လိုလို့ဆိုပြီး အိမ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ သွားယူတာ လမ်းမှာပဲ ရဲနဲ့ စစ်သားက ဖမ်းသွားတယ်။ သွားတာ ည ၈ နာရီကျော်လောက်ပဲ၊ အိမ်ကို ဖုန်းဆက်ခိုင်းပြီး မနက်ကျရင် ပိုက်ဆံ ၅ သောင်းနဲ့ လာရွေးဖို့ပြောခိုင်းတယ်”လို့ ကြုံတွေ့ခဲ့သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လူငယ်အချို့ကိုလည်း မသင်္ကာမှုနဲ့ ရဲကဖမ်းဆီးပြီး စခန်းရောက်တဲ့အခါ ငွေကြေး တောင်းခံတာတွေကို ပြုလုပ်နေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။



” ကျွန်တော်တို့ ဖမ်းခံရတဲ့ အချိနိမတိုင်ခင်လောက်ပဲ ညနေ ၅ နာရီလောက်က လူနှစ်ဦးကို မသင်္ကာလို့ဆိုပြီး သူ့နေအိမ်ကနေ ဖမ်းလာတယ်၊ သူတို့ စစ်ဆေးနေတာလည်း တွေ့နေရတယ်၊ သူတို့မှာ အပြစ်မရှိဘူးဆိုတာလဲ လူငယ်တွေက ပြောနေကြတာပဲ၊ ဒါကို ရဲတွေက သူ့အိမ်ကို ဖုန်းဆက်ပြီး ငွေနဲ့ လာရွေးဖို့ ပြောခိုင်းတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက စက်တင်ဘာလအတွင်းမှာ စစ်ဆေးရေးကို ပိုမို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.