ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၄)

0
381
Rolled newspaper with the headline News

ဖိုးထောင်သည် ဒီခရီးကို မဲဆောက်က စထွက်ကတည်းက အတူပါလာခဲ့သူ ဖြစ်သည်။ သို့သော် သူနှင့် အလုပ်လုပ် ရန်တော့ မဟုတ်။ ကိုထွန်းအောင်ကျော်၏ စီစဉ်ပေးချက်အရ ဒေသခံ တော်လှန်ရေးသမားများက သူတို့ နှစ်ယောက်ကို အခြားတစ်လမ်းမှ နောင်ဒိုင်းရွာသို့ လိုက်ပို့ပေးသည်။ နောင်ဒိုင်းရွာကို ရောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း နှင့် ကြားနေရ၏။ တိုက်ပွဲတစ်ပွဲကို အနီးဆုံး နားနှင့် ဆတ်ဆတ် ကြားဖူးတာ ဒါဟာ ပထမဆုံး ဖြစ်သည်။ ဖြစ်နေသည့် နေရာက နောင်ဒိုင်းရွာနှင့် ချောင်းလေးသာခြားသည့် ဟိုဘက်ကမ်းမှာ။ ပစ်နေခတ်နေကြတာ။

သေနတ်သံများကို ကြားတော့ သူ အရမ်း ကြောက်မိသည်။ သို့သော်လည်း သူရောက်နေသည့်ရွာက ကရင်လူမျိုး က လေးမများကတော့ အရယ်မပျက် အပြုံးမပျက် အလုပ်မပျက် အေးဆေး သွားမြဲလာမြဲ ဘာမှ မဖြစ်သလိုပင်။ သေနတ်သံများကို သိပ်ပြီး ဂရုမစိုက်ပုံတောင် မပေါ်ကြချေ။ သူတို့က ရိုးနေပြီနေမှာပေါ့။ ဖျာရက်တဲ့ကောင်လေးတွေကလည်း ဖျာရက် မပျက်ပေမယ့် သူ့မှာတော့ မျက်ကလူး ဆံပြာ ဖြစ်နေပြီ။ ရွာကလူတွေ အရယ်အပြုံးမပျက် နေနေကြသည်ကို ကိုယ့်ကိုပဲ လှောင်ပြောင် ရီနေတယ်ဟုပင် ထင်မိသည်။ တိုက်ပွဲ ဖြစ်ပြီး အခြေအနေငြိမ်သွားသည့်အခါ သူတို့နှစ်ယောက်ကို သာမညကို သွားမည့် လှေနှင့်တင်ပေးလိုက်သည်။ နောင်ဒိုင်းမှ သာမညတောင် နောက်ကြောဘက်ကို သွားလို့ရသည့် ရေလမ်းရှိ၏။ သာမညတွင် ကုလား လင်မယားက ပစ္စည်းတွေနှင့် အတူတူ အရင်ရောက်နှင့်ကာ စောင့်နေပြီ။ သူတို့လင်မယားနှင့် တွေ့ပြီးနောက် ရှေ့ဆက်ဖို့ ချိတ်ဆက်စရာရှိသည်ကို ချိတ်ဆက်ကြသည်။

မြဝတီ ကားလမ်းကလည်း ပြန်ပွင့်နေပြီ။ မဲဆောက်က ဆင်းလာမည့် ကျော်ဝေစိုးနှင့်လည်း သာမညတွင် ဆုံရန် ချိန်း ထားသည်။ ညနေပိုင်တွင် မဲဆောက်မှ ဆင်းလာသည့် ကျော်ဝေစိုးနှင့် ဆုံကြသည်။ နောက်နေ့ မနက်ဆို လုပ်ငန်းစ တော့မည်။ အဲဒီညကို တည်းခိုခန်းလေး တစ်ခုမှာ အိပ်လိုက်ကြ၏။

တာဝန်တွေ ခွဲရတော့မည့် အချိန်ကို ရောက်လာသည်။ မူလ တာဝန်က သတင်းစာထုပ်ကိုယူပြီး ကားပေါ်တင်ပေး လိုက်ရုံသာ။ ကာပေါ်မှာ လိုက်ပါသွားမည်သူက ကျော်ဝေစိုး။ ကျော်ဝေစိုးနှင့် အတူ မဲဆောက်မှ ပါလာသည့်နောက် နှစ်ယောက်က ဘားအံအရောက် ဆက်လုပ်သွားကြမည် ဖြစ်သည်။ သူ့တာဝန်ကျေပြီ။ ပြန်လို့ရပြီ။ ဒီမှာ ဖိုးထောင် ကလည်း ဝင်ပါလာသည်။

မနက်မိုးလင်းတော့ သူတို့ သုံးဖွဲ့ ဆုံကာ တာဝန်ခွဲကြရာ ဖိုးထောင်က ”ငါ့မှာ ရန်ကုန်ကို သွားတဲ့ အသိကား ရှိတယ်။ ငါ ကားသွားငှါးပေးမယ်” ဟု ဆိုလာသည်။ သူကလည်း ယုံထားပြီးသား ဆိုတော့ သွားငှါးပေါ့။ ဒါ့ကြောင့် ”စရံပေးရမယ်ဆို လည်း ပိုက်ဆံယူသွားပါ”ဟုဆိုကာ ပိုက်ဆံပါ တပါတည်း ထုတ်ပေးလိုက်သည်။ ပြီးလျှင် ဆုံရပ်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် ပြန်ဆုံရန် မှာထားကာ လမ်းခွဲလိုက်ကြသည်။

ကျော်ဝေစိုးတို့က ဝယ်စရာရှိသည်ဆိုကာ ဈေးထဲသို့ ထွက်သွားလေသည်။ သူက သတ်မှတ်ထားသည့် ဆုံရပ်ဖြစ်သည့် ကားလမ်းနံဘေးက မိဘမေတ္တာ စာအုပ်ဆိုင်တွင် စာအုပ်တစ်အုပ်ကို ငှါးဖတ်ရင်း ထိုင်စောင့်နေသည်။ နာရီဝက်ခန့်အကြာတွင် သတင်းစာထုပ်နှင့်အတူ ကုလား လင်မယား ရောက်လာ၏။ သူတို့ သုံးယောက်သည် ဖိုးထောင် ခေါ်လာမည့် ကားကို မျှော်တလင့်လင့်ဖြင့် လည်ပင်းရှည် ကာ စောင့်နေကြစဉ် ဖိုးထောင်ကား ပေါ်မလာခဲ့။ အမှန်တကယ် ရောက်လာခဲ့သည့်ကားမှာ ဖိုးထောင်ကား မဟုတ်ဘဲ ထောက်လှမ်းရေးကားသာ ဖြစ်လေတော့သည်။ ကျောချမှ ဓားမြမှန်းသိဆိုသည့် စကားပုံအတိုင်း အဖမ်းခံရတော့မှ ကိုယ့်ကို ထောင်ထဲ ပို့မည့်သူကို အဖော်အဖြစ် ရွေးချယ်ခဲ့မိမှန်း သူသိလိုက်ရတော့သည်။ သို့သော် အသိက နောက်ကျသွားလေပြီ။ ဤအရပ်၌ သူတို့ကို ကောင်းကောင်း သိသူ တစ်ယောက်မှမရှိပါဘဲလျှက် ထောက်လှမ်းရေးက တိတိကျကျ လာရောက် ဖမ်းဆီးနိုင်ခြင်းမှာ ကိုယ့်အတွင်းလူက လက်ထောက်မချလျှင် ဘယ်သူက ထောက်လှမ်းရေး သိအောင် လုပ်နိုင်ပါမည်နည်း။

ယခုတော့ သူတို့တတွေမှာ စာအုပ်ဆိုင်ထဲ၌ ပိတ်ပြီး အဖမ်းခံလိုက်ရပြီ။ ဘေးပတ်ဝန်းကျင်မှ မမြင်အောင်လည်း ဆိုင် တံခါးကိုလည်း ချက်ချင်း ပိတ်ပစ်လေ၏။ ပြီးမှ ဆိုင်ထဲမှာ ထောက်လှမ်းရေးများက သူတို့ သုံးယောက်ကို ကောင်းကောင်းကြီး နွှာပါလေတော့သည်။ ထို့နောက် လက်ထိပ်ခတ်ကာ ဘားအံမှာရှိသည့် ထောက်လှမ်းရေး ၂၅ ကို ခေါ်သွား၏။ အချိန်က မနက်ပိုင်းပဲ ရှိသေးသည်။

သူက ကျော်ဝေစိုးကို မဖော်ဘူး ဆိုတာက ကျော်ဝေစိုးက သူနှင့် အတူတူ လာခဲ့ကြတာ မဟုတ်သောကြောင့်လည်း ဖြစ်၏။ တကယ်အတူတူ လာတာက ဖိုးထောင်။

” မင်းနဲ့ အဖော် ဘယ်သူ ပါသေး လဲ” တဲ့ မေးသည်။ ဖုံးလို့မရတာ သွားဖုံးရင် ပို အသားနာတာ အဖတ်တင်မည်။

”ဖိုးထောင်နဲ့ လာတယ်”ဟု ဖော်လိုက်သည်။ ထို့ကြောင့် သူ့ကို ကားခေါင်းထဲမှာ တင်ပြီး သာမညတစ်ဝိုက် ဖိုးထောင်ကို ပတ်ရှာကြသည်။ သူ့ခေါင်းလေးကို ကားတံခါး မှန်ပေါ်က တစ်ပိုင်းလေး ဖော်ထား၏။ လက်ထိပ်ခတ်ထားတာကိုတော့ အပြင်က မမြင်ရပါ။ အနားမှာ ထောက်လှမ်းရေးတစ်ယောက်က ကပ်ပြီး ရှိနေသည်။ သို့သော် ဖိုးထောင်ကိုကား အရိပ်အယောင်မျှပင် မတွေ့ရဘဲ တစ်နေရာတွင် ကျော်ဝေစိုးတို့ ဖြတ်သွားတာကိုသာ ဖြတ်ကနဲ မြင်လိုက်၏။ ဖိုးထောင်ကို မတွေ့သည့် အဆုံး သူနှင့် ကုလားလင်မယားတို့သည် ဘားအံ ထောက်လှမ်းရေး စခန်းကို ရောက်သွား ကြလေသည်။



ဘားအံ ထောက်လှမ်းရေးစခန်းကို ရောက်သည့် ညမှာပဲ ကောင်းကောင်း သမခံရလေသည်။ နှုတ်ခမ်းတွေ ဘာတွေ ဖူးရောင်။ ခေါင်းတွေကလည်း ထူပူနေပြီ။ ကြယ်တွေ လတွေ မြင်တယ်ဆိုသည်မှာ တကယ်ပါပဲ။ အစာလည်း စားမရ။ ရေတောင် မသောက်နိုင်လောက်အောင် ဖြစ်သွားလေ၏ နဂိုက နှုတ်ခမ်းထော်ရသည့်အထဲ ထောက်လှမ်းရေးက ဖူးရောင်ကိုင်းနေအောင် တီးထည့်လိုက်သည့်နောက် ရေတောင် အထိ မခံနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

လက်ထိပ်ကို နောက်က ခတ်လိုက် ရှေ့ကခတ်လိုက်လုပ်ပြီး ထိုးကြိတ် ဆဲဆို နှိပ်စက်ခြင်းကို ခံရသည်။ ရှေ့က ခတ် ထားတုန်းကတော့ ရှေ့ကထိုးလာလျှင် လက်နဲ့ကာခံ၏။ ထို့ကြောင့် ထိုးလာသည့် လက်ကို လက်ထိပ်နှင့် ထိသဖြင့် ထိုးသူလည်း နာသည်။ လက်သီးတွေ ပဲ့ကုန်တာပေါ့။ သူက မျက်ခွက်ကို လာထိုးတော့ မထိအောင် ကားရသည်။ ထိုအခါ နောက်ပြန် လက်ထိပ်ခတ်ပြီး စိတ်တိုင်းကျ ထိုးကြသည်။ ကာလို့လည်း မရတော့ချေ။ လက်ဝှေ့ထိုးကျင့်သည့် သဲအိတ်လို တဘက်သတ် ခံနေရလေတော့၏။

ထောက်လှမ်းရေးလက်ထဲသို့ ရောက်သွားပြီးနောက် စစ်ကြောရေးမှာ ဖုံးသင့်တာကို ဖုံးပြီး ဖုံးမရသည်ကို ဖွင့်ရသည်။ ကုလား လင်မယားကိုတော့ မည်သို့မျှ ဖုံးလို့ မရနိုင်ပါ။ ပုတ်ထုတ်လို့လည်း မရနိုင်ပါ။ သူတို့လက်ထဲတွင် သတင်းစာ ထုပ်က လက်ပူး လက်ကျပ် မိသွားတာကိုး။ မဆက်စပ်ဘူးဟု ပြောမရတော့ပါ။ ဖိုးထောင်ကိုလည်း ဖျောက်၍မရပါ။ ယူဂျီ သင်တန်းက သင်ပေးထားသည်မှာ မသိသင့်တာကို လုံးဝ မသိစေ မပေါ်စေရဘူး။ မဖော်ရဘူး ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ကျော်ဝေစိုးအကြောင်း လုံးဝ မပြော။ ဖျောက်ထားခဲ့၏။ နိုင်ငံရေး တော်လှန်ရေးလုပ်သူတိုင်းသည် အကယ် ၍ မိမိ အဖမ်းခံရခဲ့သည် ရှိသော် မိမိ၏ ရဲဘော်ကို ထပ်မဖမ်းမိစေရန် အတတ်နိုင်ဆုံး ဖုံးရမည်။ ပုတ်ထုတ်ရမည်မှာ အလိုအလျှောက် လိုက်နာ ကျင့်ကြံရသည့် တာဝန် ဖြစ်၏။ ထို့ကြောင့် သူသည် ကျော်ဝေစိုးနှင့် ဆက်စပ်သည့် မည်သည့် စကားကိုမျှ ဖွင့်မပြော။

သို့သော် ထောက်လှမ်းရေးက ကျော်ဝေစိုးကို ဖမ်းဆီးလာခဲ့လေသည်။ သူနှင့် အတူပါလာသူ နှစ်ယောက်မှာ အဝတ် အစား သွားဝယ်နေချိန် လူစုကွဲနေတုန်း မိလာတာဖြစ်သောကြောင့် လွတ်သွားလေသည်။ ကျော်ဝေစိုးကို မိရတာက ဖိုးထောင်က ကျော်ဝေစိုး တစ်ယောက်တည်းကိုပဲ ကောင်းကောင်း သိသည်။ ကျန်နှစ်ယောက်ကို မသိ။ ရုံးမှာ ဒီ ကောင်က ဝင်ထွက် သွားလာမှု ရှိခဲ့သလို အဖမ်းမခံရခင် ရက်က ရှေ့လုပ်ငန်း အစီအစဉ် ဆွဲတုန်းကလည်း တွေ့ခဲ့သေးသည်။

ကျော်ဝေစိုးကို ဖမ်းလာပြီးနောက် ထောက်လှမ်းရေးက ”ကျော်စိုး ဝေ ကို သိလား” ဟုမေးရာ
” ကျော်စိုးဝေ ကို ကျွန်တော် မသိဘူး”ဟု ပြန်ဖြေလိုက်သည်။ သူ မေးသည် နာမည်က မှားနေတာကိုး။ ငြင်းတာပေါ့။ ထိုအခါ ထောက်လှမ်းရေးက ကျော်ဝေစိုးကို ခေါ်လာပြီး ”ကျော်စိုးဝေက မင်းကို သိတယ် ပြောနေတယ်။ မင်းက ဘာဖြစ်လို့ မသိတာလဲ။ ဒီမှာ ကျော်စိုးဝေ.. ကဲ မင်း လိမ်ပြောချင်သေးလဲ.. ငါ -ိ မသား. ပြောစမ်း”
ဟု ပြလေရာ နှစ်ယောက်တည်း ဆိုင်ပြီး ပြပြီဆိုမှတော့ မသိဘူး ပြောလို့ မရတော့ပါ။ သိတယ် ပြောရပြီပေါ့။

ထိုအခါ ထောက်လှမ်းရေးများသည် ပိုမို ဒေါသထွက်လာပြီး သူ့ဦးခေါင်းနှင့် ကိုယ်ပေါ်သို့ လက်သီးများကို မိုးရွာသလို ရွာချလိုက်ကြသည်။ ပို နာတာပေါ့။ သူတို့တွေ ထုသမျှ ထောင်းသမျှ လှိမ့်ခံရ၏။

တစ်ယောက်သော ထောက်လှမ်းရေးက သူ့ ရင်ညွန့်ကို စစ်ဖိနပ်နှင့် ဆောင့်ကန်လိုက်ရာ ဒိန်း.. ဆို ဘိုင်းကနဲ ပစ်လဲ သွားလေ၏။ သတိကို မေ့သွားတာ။ လောကကြီးနဲ့ အဆက်အသွယ် ပြတ်။ ရင်ညွန့်ကို အကန်ခံရတော့ အသက်ရှူ ရပ်သွားသလား မသိဘူး။ အောင့် တက်သွား၏။ နံရိုးတွေမှာလည်း အမည်း အညိုတွေ စွဲကုန်၏။ နှုတ်ခမ်းတွေက အစာ မစားနိုင် ရေမသောက်နိုင် ဖြစ်သွားသည်။ ပါးစပ်ကို ထိမိရင် နာ၏။ မသေအောင်အတွက်သာ ပါးစပ်နာတာကို အောင့်ပြီး ကြိတ်မှိတ် စားရသည်။

ယခု လည်း ထောက်လှမ်းရေးဗိုလ်က သူ့ကို ”မင်းကို ငါ ပြောမယ်။ ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့ မင်း ဒီအချိန်မှာ ငါတို့ လက်ခုပ်ထဲက ရေ ဖြစ်နေပြီ။ ကောင်းကောင်း ပြောရင် မင်း သက်သာမယ်။ ကဂျိုးကဂျောင် ဆက်လုပ်နေမယ် ဆိုလို့ကတော့ မင်းဘဝကို မင်းစဉ်းစားထားပေါ့။” အဲသလိုပြောပြီးနောက် လက်ထိပ်ကို ရှေ့ကို ပြောင်းခတ်တယ်။ ကိုယ်လည်း တချိန်လုံး နှိုက်စက် ခံလာရတော့ ”ခင်ဗျားတို့ ဒီလို မတရား နှိုက်စက်နေမဲ့အစား တစ်ခါတည်းသာ ပစ်သတ်လိုက်တော့။ ခင်ဗျားတို့ ညှဉ်းဆဲ မနေနဲ့ တော့။ကျွန်တော့မှာ ဖြေစရာ မရှိတော့ဘူး။ ခင်ဗျားတို့ ဒီလောက်နဲ့မှ မကြေနပ်သေးရင် တစ်ခါတည်းသာ ပစ်သတ် လိုက်ပါ”လို့ ပြန်ပြောလိုက်သည်။

ဒီအမှုတစ်ခုလုံးရဲ့ အဓိက လူက သူဟု ထောက်လှမ်းရေးက မှတ်ချက်ချပြီးဖြစ်ကြောင်း သူနားလည်လိုက်ပြီ။ စစ်ကြောရေး လုပ်ခံနေရချိန်တွင် နှစ်ညနှင့် နှစ်ရက် လုံးဝ မအိပ်ရပါ။ မိုးလင်းခါနီး ခဏလေးလောက်ပဲ မှေးရတာ။ မနက် လေး နာရီလောက်မှ သူတို့ ခဏ နားကြ၏။ ထိုအချိန်တွင် သူလည်း သူတို့ စစ်တဲ့ စားပွဲခုံပေါ် မျက်နှာ မှောက်ချပြီး မှေးရ သည်။ ထုထား ထောင်းထားသည့် ဒဏ်ရာ ဒဏ်ချက်တွေက နားလွန်းသဖြင့် ဘယ်မှာ အိပ်လို့ ရနိုင်ပါမလဲ။ မနက် ခုနစ်နာရီ ကျော်လောက်ဆို သူတို့ ပေါက်ချ လာပြန်ရော။

ဖော်တယ် ဆိုပေမယ့် ကိုယ်က သင်တန်းတက်ထားပြီးသားမို့ သူတို့ သိလောက်တာကိုသာ အမှန်ပြောပြီး ကျန်တာကို ဖန်တီး ပြောရသည်။ ဒါကိုလည်း စိတ်ထဲမှာ အသေ ရိုက်သွင်းထားရ၏။ ဘယ်သူ လာမေးမေး ဘယ်နှစ်ခါ လာမေး လာမေး တစ်မျိုးတည်း ဖြစ်နေအောင် စိတ်ထဲတွင် အသေမှတ်ထားရသည်။ စစ်ကြောရေးမှာက ဖြေရတာက ကိုယ်က တစ်ယောက်တည်း။ မေးတဲ့သူက အများကြီး။ အလှည့်ကျ လာမေးနေတာ။

တကယ် အမှန်အတိုင်း ပြောလိုက်ရလျှင် ကျော်ဝေစိုးက ပိုနာမည်။ တကယ်က သူ့တာဝန်က သာမညက ကားပေါ် တင်ပြီးရင် ပြီးပြီ။ သူက ဆက်သယ်ရမှာ။ ဒါဆိုရင် ရန်ကုန်က အဆက်အသွယ်တွေ ထပ်ဖော်ရမည်ဖြစ်၏။ ယူဂျီ ကောင်း တစ်ယောက်၏ အလုပ် သဘောက ကိုယ်မိသွားပေမယ့် နောက်ဆက်တွဲ မပေါ်အောင် ဖုံးနိုင်သမျှ ဖုံးရမည်မှာ မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ထို့ကြောင့် ဖန်တီးထားသည့် စိတ်ထဲက ဇာတ်လမ်းဖြင့် ရုပ်ရှင်ရိုက်ကာ ဖြောင့်ချက်ပေးလိုက်၏။

”ဟုတ်တယ်။ ကျွန်တော်က တာဝန်ခံ။ ရန်ကုန်ကို ရောက်ရင် လာယူမဲ့သူနဲ့ ရွှေတိဂုံဘုရား ရာဟုဒေါင့်မှာ ဆုံမယ်။ ဒီ ကောင်က အင်္ကျီအိတ်မှာ ဘော့ပင် အနီတစ်ချောင်း အစိမ်းတစ်ချောင်း ထိုးထားမယ်။ လက်ထဲမှာ ဘုရားပန်းကိုင် ထားမယ်။ သူက လာဆက်သွယ်မယ်။ ဦးထုပ် အဖြူလေး ဆောင်းထားမယ်။ တံဆိပ်က ကဒေါင်းပုံ ဖြစ်နေရမယ်။ ကုတ်စကားလုံးတွေ ပြောရမယ်။ ဒီလို ကုတ်စကားတွေ မှန်ပြီဆိုရင် စကားဝှက်တွေ မေးမယ်။ ပြောမယ်။ မှန်ရင် ပေးလိုက်။ ဒါဆို အလုပ် ပြီးပြီ။ ဥပမာ..

”ကိုမောင်လား”
”ဟုတ်တယ်”
”မင်းနဲ့ အတူ ကျော်ကျော် ပါလာလား”
”ကျော်ကျော် မပါလာဘူး။ ခု ပါလာတာက ငစိုး”

ဒီလို ဖြေရင် ကိုယ့်လူ သတင်းစာထုပ် ပေးလိုက်။ ဒါဘဲ.. စသဖြင့် စိတ်ထဲတွင် စီထားသည့် ဇာတ်လမ်းကို ပြောကာ ဖြောင့်ချက်ပေးလိုက်သည်။ သူတို့လည်း ယုံသွားသည် ထင်ပါရဲ့။ ပြောပြသမျှကို ရေးပြီး လက်မှတ်ထိုးခိုင်းသည်။

သူ ထိုသိုကလမ်းလွှဲ ပြောလိုက်သည့်အတွက် ကျော်ဝေစိုးက အများကြီး သက်သာသွားသည်။ အမှန်က ကျော်ဝေစိုးနှင့် ဆက်စပ်နေသည့် ရန်ကုန်ဘက်ခြမ်းက အဆက်အစပ်ကို ဖြတ်ချလိုက်ခြင်း ဖြစ်၏။ ထိုသို့ မဖြတ်ဘဲ ကျော်ဝေစိုးက သာမညမှ ရန်ကုန်အပိုင်းကို တာဝန်ယူသည်ဟု အမှန်အတိုင်း ပြောလျှင် သူ့ကို ဆက်ထုမှာ သေချာသည်။ သူ့ကို ဆက်ထုလျှင် ရန်ကုန်ချိတ်က ပေါ်သွားမည်။ ပေါ်သွားရင် လမ်းကြောင်းတစ်ခုလုံး ပြတ်သွားမည်။ ထို့ကြောင့် သူက သူပိုက်မိသော ပိုက်ဘောကို မလွှတ်ချတော့ဘဲ ဆက်ပိုက်ပြီး လမ်းလွှဲလိုက်ကာ ပွဲဖြတ်လိုက်တာ ဖြစ်၏။ ဇာတ်လမ်းကမပြတ်လျှင် မီးခိုးကြွက်လျှောက် ပေက ထပ်ရှည်ဦးမည်။ ရန်ကုန်ကလူကို လိုက်ဖမ်းမည်။ နောက်ထပ် အမှုတွဲတွေ တစ်သီတစ်တန်းကြီး ပါလာနိုင်သည်။ အမှန်တကယ် လာယူမည့်သူကို ကျော်ဝေစိုး သာ သိသည်။ သူမသိ။

နောက်ဆုံးမှာ ထောက်လှမ်းရေးဗိုလ် ကိုယ်တိုင်လာပြီး ဝန်ခံ ဖြောင့်ချက်ပေးရန် ညှိသည်။ အဲဒီ ဗိုလ်ပုံစံက အညာသားနှင့် တူ၏။ အသား ညိုညို။ အသက် သုံးဆယ် ဝန်းကျင်လောက်။ ညှိပုံက
”မင်း ဒီလို မဖော်ဘဲ ပြောနေရင် အသား နာရုံပဲရှိမယ်”ဟု အစချီသည်။ သည့်ထက် နာရလျှင်လည်း သေရုံပဲ ကျန်တော့သည်။

”မင်းနဲ့ ငါနဲ့ စကားတွေ ပြောကြမယ်။ မင်း အခုအချိန်မှာ မဖော်လို့လည်း မရတော့ဘူး။ ကောင်းကောင်း မွန်မွန် ဖြေရင် သက်သာမယ်။ ငါတို့လည်း လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး။ တာဝန်အရသာ လုပ်နေရတာ”ဟု စာနာသလို ဘာလိုလို လေပြေနှင့် လာပြောလေ၏။ စစ်ကြောရေးတိုင်းတွင် ထောက်လှမ်းရေးများ ကျင့်သုံးသည့် တူညီသော ပုံစံမှာ ဘီလူးဆိုင်းတီးသည့် လူကြမ်းအုပ်စုက ဖွတ်ဖွတ်ညက်ညက် ကြေအောင် နှိပ်စက်ပြီးနောက် လေ ပြေလေးနှင့် ရွှေပြည်အေးတရား လာဟောခြင်း ဖြစ်သည်။ သူတို့လိုချင်သည့် ဖြောင့်ချက်ကို ရသွားပြီဆိုလျှင် ”ငါတို့က လုပ်ချင်လို့ လုပ်ရတာ မဟုတ်ပါဘူး။ အထက်က ပေးအပ်တဲ့ တာဝန်အရ လုပ်ရတာပါ။ မင်းတို့ရဲ့ ခံစားချက်ကို လည်း နားလည်ပါတယ်” စသဖြင့် လာပြောလေ့ ရှိသည်။ ယင်းနောက်တွင်မူကား ထောင်ထဲသို့ ပို့ဆောင်ကာ ကိုင်းကြီးကြီးမှာ နားဖို့သာ ပြင်ပေတော့။

”မင်းနဲ့ ကိုယ် ညှိမယ်။ အပေးအယူ လုပ်မယ်။ တာဝန်အရလုပ်ရတာပါ။ မလုပ်ချင်ပါဘူးပေါ့။ နားလည်ပါတယ် ခင်ဗျားတို့ရဲ့ ခံစားချက်ကို”

”အစအဆုံးဖော်ပေးမယ်။ ဒါပေမဲ့ အပြစ်မရှိတဲ့သူကိုတော့ ခင်ဗျားတို့ ပြန်လွှတ်ပေး။ ဟုတ်ပြီ အဲဒါ ကတိပေးလား”

”ကတိပေးတယ်”

”ဟို လင်မယားက ငါတို့ကို ကြောက်လို့ လုပ်ပေးရတာ။ သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျွန်တော် ဖြေတော့မယ်။ အစအဆုံး ကျွန်တော် ဖြေတော့မယ်။ ”ဒါဖြင့် ဟိုလင်မယား နှစ်ယောက်က ဘာအပြစ်မှ မရှိဘူး။ ကျွန်တော်တို့ကို ကြောက်လို့ လုပ်ကြရတာ”

သူကား ပုတ်ထုတ်လို့ရသမျှ ပုတ်ထုတ် ပစ်ခဲ့သည်။ ကံကောင်းတယ် ဆိုရမလား။ ထောက်လှမ်းရေး ဗိုလ် ကတိတည်တာလား မသိဘူး။ ကုလားလင်မယား ထောင်ကျမလာဘူး။ လွတ်သွားလေသည်။

ဘားအံ ထောက်လှမ်းရေး ၂၅ က သူတို့ကို စစ်ကြောပြီးနောက် ရန်ကုန် ထောက်လှမ်းရေး ၆ ကို လွှဲအပ်လိုက်သည်။ ထို့နောက် အင်းစိန်ထောင်တွင်းမှ သီးသန့်ထောင်ကို အပို့ခံရကာ ထောင်ခုနစ်နှစ်စီ စီရင်ချက် ချလိုက်လေ၏။

ဌေးဝင်း

(ဆောင်းပါးအဆုံးသတ်ပါပြီ)

အပိုင်း (၁) ဖတ်ရန် – https://bit.ly/3BMkqTh
အပိုင်း (၂) ဖတ်ရန် – https://bit.ly/2Vq6I9n
အပိုင်း (၃) ဖတ်ရန် – https://bit.ly/3EKij50

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.