စာတစောင် ထောင်နှစ်ဆယ့်တနှစ် (အပိုင်း – ၂)

0
130

”တောက်လျှောက် ကျောင်းကို ပိတ်လိုက်ပစ်တာကွ ဆရာ ဌေးဝင်း။ သီတင်းကျွတ်ပြီးမှ ပြန်ဖွင့်တာ။ ပြောချင်တာက ဦးက နိုင်ငံရေးကို ကောလိပ်ကျောင်းသား ဘဝကတည်းက လုပ်ခဲ့တာ။ နိုင်ငံရေး စိတ်ဓာတ်က ရှိနေခဲ့တာ။ ဦးက စစချင်း မော်လမြိုင် ကောလိပ်ကို တက်ခဲ့တယ်။ အဲဒီတုန်းက မော်လမြိုင်က ဥပစာ ကောလိပ်ပဲ ရှိသေးတယ်။ ကျောင်းအုပ်ကြီး နာမည်က ဦးတိုးအောင်တဲ့ သူက စာလည်း ရေးတယ် ကလောင်နာမည်က ကုသတဲ့ နိုင်ငံကျော် စာရေးဆရာ။

”ဦးတို့ခေတ်က တက္ကသိုလ် ကျောင်းသားတွေက တိုက်ပုံ အင်္ကျီဝတ်ရတယ်။ ဘောင်းဘီဝတ်မယ်ဆိုလည်း နက်( က်) တိုင် စည်းရတယ်။ ဦးတို့ မော်လမြိုင် ကောလိပ် ကျောင်းအုပ်ကြီးပြောတာက တက္ကသိုလ်ကျောင်းသားဆိုတာ ကလေး မဟုတ်တော့ဘူး ကိုယ့်ကိုယ်ကို တာဝန်ယူနိုင် အမှားအမှန်ကို ဝေဖန် ဆုံးဖြတ်နိုင်တဲ့ လူလားမြောက်သူ ဖြစ် သွားပြီဆိုတာကို အဝတ်အစား သင်္ကေတနဲ့ ဖော်ပြခြင်း ဖြစ်တယ်တဲ့။ အဝတ်အစားကို လူကြီးဆန်ဆန် ဝတ်ရမယ်။ ဆရာကြီးရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကလည်း ကောင်းတာ့ ဦးတို့လည်း လက်ခံကြတယ်။ ဝတ်ကြတယ်။ ဆရာကြီး က ကျောင်းဝင်းထဲ လိုက်ကြည့်တာ။ မဝတ်လာတဲ့သူ တွေ့ရင် ဆူတယ်။ ပြီးတော့ ကျောင်းသား သမဂ္ဂတွေ ဘာတွေ ဦးတို့ ကိုယ့် ဖာသာကိုယ် ဖွဲ့ကြတယ်။ မဲနဲ့ ဝင်ပြိုင်ကြတယ်။ အရွေးခံကြတယ်။ ဦးက အဲဒီမှာကတည်းက သမဂ္ဂအမှုဆောင် ဖြစ်လာပြီး မော်လမြိုင် ကောလိပ်မှာ ကျောင်းသား သမဂ္ဂ ဥက္ကဌ တာဝန်ထိ လုပ်ခဲ့ဘူးတယ်”

ဟု ပြောပြသည်။ ဆဲဗင်း ဇူလိုင် ဖြစ်ပြီးနောက် ယူနီယံဆိုတာလည်း မရှိတော့ပါ။ ဘာ ရှိသေးလည်းဆိုတော့ သဟာ ယနှင့် စာဖတ်အသင်း Social and Reading Club (S and R) ဆိုတာ အဆောင်တိုင်းမှာ ရှိသည်။ သတင်းစာ ဖတ် ကြ၏။ စာအုပ် ဖတ်ကြ၏။ ဒီမှာပဲ ဆုံကြ တွေ့ကြ၏။

ထို့နောက် သူသည် ရန်ကုန်မှ မော်လမြိုင် ကောလိပ်သို့ ပြန်ပြောင်းတက်သည်။ မော်လမြိုင် က (S and R) မှာ ဥက္ကဌ လုပ်ခဲ့သေး၏။ ၁၉၆၅ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်မှ ဘွဲ့ရသည်။

ကျောင်းပြီးတော့ ကုန်သွယ်ရေး မန်နေဂျာ ဝင်လုပ်ခဲ့သည်။

အစိုးရ အရာရှိအဖြစ်နှင့် ရှမ်း ကယား ပြည်နယ် တာဝန်ခံ မန်နေဂျာ လုပ်ခဲ့ရသေးသည်။ ထို့မှတဆင့် အင်းယားလိတ် ဟိုတယ်မှာ တာဝန်ကျခဲ့၏။

”၁၉၇၀ လောက်မှာထင်တယ်။ ဦးက ၁၉၇၀ လောက်မှာ အင်းယားလိတ်မှာ မန်နေဂျာ လုပ်နေတဲ့အချိန်။ ဒီအချိန်ကာလ တုန်းက မြန်မာပြည်မှာ အကောင်းဆုံး ပွဲကြီးကောင်း မှန်သမျှ အင်းယားလိတ်မှာပဲ လုပ်တယ်။ ဦးနေဝင်း ကိုယ်တိုင်ကလည်း ဒီမှာပဲ လုပ်တယ်။ ဦးက မန်နေဂျာ ဆိုတော့ အရေးကြီးတဲ့ သော့တွေကို ကိုင်ရတယ်။ နေဝင်း နေတဲ့အခန်းက အစ ဦးက ကိုင်ရတယ်။ ဦးနေဝင်းက ကျောက်မျက်ရတနာ ပြပွဲတွေ လုပ်တယ်။ သူ့မိန်းမ ခင်မေသန်း တို့ နီနီမြင့် တို့ လာကြတယ်။ ကုန်သွယ်ရေး ဝန်ကြီးက ဦးခင်မောင်ကြီး။ များသောအားဖြင့် အရာရှိ တွေက မဆလ ပါတီကို ဝင်ကြတယ်။ မဝင်မနေရတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ တချို့လူတွေက အခွင့်အရေး ရချင်လို့ဝင်တာ ရှိ တယ်။ တချို့ကလည်း မဝင်ချင်ပေမယ့် ကြောက်လို့ ဝင်တာ ရှိတယ်။ ဦးက လုံးဝ မဝင်ဘူး။ ဒါကြောင့် ညွှန်ကြားရေးမှူး ချုပ်က ဝင်ဖို့ ပြောလာတယ်။ ဒါပေမဲ့ ဦးက မဝင်ဘူး။ နိုင်ငံရေး အသိ ခံယူချက် ရှိတယ်။ ဒါကြောင့် မဝင်ခဲ့တာ။ ဒီကောင်တွေ မတရား လုပ်တာတွေကို သိနေလို့ သူတို့ ပါတီဝင် အဖြစ် မခံနိုင်လို့ မဝင်တာ။ ဒါဟာ ဦးဘဝထဲက နိုင်ငံရေးတွေပဲ။ ကုန်သွယ်ရေးဌာနဆိုတာက သိပ်ပြီး ခိုးစားတဲ့ ဌာန။ ဒါကြောင့် မလုပ်ချင်တော့လို့ အလုပ်က ထွက်ပြီး စီးပွားရေး ကိုယ့်ဖာသာ လုပ်တာ”

ဟု သူ့ဘဝထဲက တစ်ချို့ကိုလည်း ပြန်ပြောပြလေသည်။

၁၉၈၇ခုနှစ်မှာ ဦးစောနိုင်းနိုင်းသည် မိသားစုတစ်ခုလုံး သြစတြေးလျားတွင် သွားရောက် နေထိုင်ကာ အလုပ်လုပ်ရန် စီစဉ်ကြသည်။ သူ့၏ အမျိုးများလည်း သြစတြေးလျတွင် ရှိကြသောကြောင့် သူ့ဇနီး ဒေါ်လှလှပါ နိုင်ငံခြားတွင် အ လုပ်လုပ်မည်ဖြစ်ရာ ကလေးကိုပါ ခေါ်သွားမှ ဖြစ်မည်။ ထို့ကြောင့် သူသည် ကလေးကို ခေါ်ဖို့ ပတ်စ်ပို့ လုပ်ရန် ရန်ကုန် ကို ပြန်လာခဲ့သည်။

သို့သော် သူ စီစဉ်ခဲ့သော မိသားစုတစ်ခုလုံး သြစတြေးလျသို့ သွားမည့် စီမံကိန်းကြီးကား အထမမြောက်ခဲ့။ အ ကြောင်းရင်းမှာ ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာသောကြောင့် ဖြစ်လေသည်။ ထိုအခါ သူငယ်စဉ်ကတည်းက သူ့အသွေးအသားထဲတွင် ရှိနှင့်နေခဲ့သည့် နိုင်ငံရေး ခံယူချက်အရ အရေးတော်ပုံကြီးတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ပါဝင် လှုပ်ရှားခဲ့လေသည်။ ဒေါက်တာ မောင်မောင်လက်ထက် အုပ်ချုပ်ရေးကိုလည်း မထိန်းနိုင်တော့တဲ့ အချိန်။ အစိုး ရ ယန္တယား ပျက်ပြားနေချိန်။ ကိုယ့်မြိုနယ် ကိုယ် အုပ်ချုပ်ရေး အတွက် လူ ငါးယောက်စီ ရွေးချယ်ခဲ့ရာ သူ့မြို့နယ်အ တွက် သူ့ကို ရွေးခဲ့ကြ၏။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်လာသည့်အခါ ဦးစောနိုင်းနိုင်းသည် ပုဇွန်တောင် ဥက္ကဌ ဖြစ်လာပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံခဲ့ရာ ရွေးကောက်ခံ အမတ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များမှာ လွှတ်တော်တက်ခွင့် မရ အစိုးရ ဖွဲ့ခွင့် မရှိဘဲ အချို့မှာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ကြရသလို ပြည်တွင်းမှာ ကျန်ရစ်သည့် အမတ်များမှာလည်း အားလုံးနီးပါး ထောင်နန်းစံခဲ့ကြရလေသည်။ ထို့ကြောင့် ဦးစောနိုင်းနိုင်းလည်း ထောင်နန်းစံခဲ့ရလေသည်။ စစ်ခုံရုံးမှ သူ့ကို ဆယ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့လေ၏။

ယင်းသို့ ဦးစောနိုင်းနိုင်း အကြောင်း ဌေးဝင်းက စိုးသီဟကို ပြောပြနေစဉ် စိုးသီဟက

”၁၉၉၀ ခုနှစ်က စကျတာဆိုတော့ ခု လွတ်သင့်ပြီပဲ အဲဒီ ဦးလေးက။ ထောင်ထဲမှာ နောက်မှု ကပ်ပြီး အမိန့်ချခံရတာလား။ ဒါမှမဟုတ် ၁၀ (က) နဲ့ ဆက် ဖမ်းထားတာလား”

ဟု မေး၏။

”မဟုတ်ဘူးကွ။ ဦးစောနိုင်းနိုင်းက မနှစ်က (၁၉၉၉) လွတ်သွားပြီးပြီ။ ခုကျတာက နောက်တစ်ခေါက် ကွ။ ဒီတစ်ခါက ၂၁ နှစ်တဲ့ ကွာ”

”ကျွတ် . ကျွတ်.. ဖြစ်ရလေကွာ သူငယ်ချင်းရေ”

ဟု စိုးသီဟက စုပ်သပ်နေ၏။ သေဒဏ် ကြိုးမိန့်ကျခံထားရသူက နှစ်ဆယ့်တစ်နှစ် ကျခံထားရသူအတွက် စိတ်မ ကောင်း ဖြစ်နေသည်။ မှန်ပါသည်။ ဦးစောနိုင်းနိုင်းမှာ အသားဖြူဖြူ အရပ် မနိမ့်လွန်း မမြင့်လွန်း အနေတော် ဖြစ်၏။ ပညာတတ်ပြီး ပြည့်စုံသည့်ဘဝမှ လာသူဖြစ်သောကြောင့် အပြောအဆို အပြုအမူ သိမ်မွေ့ နူးညံ့ ယဉ်ကျေးသည်။ စူးရှသော သူ့မျက်လုံးများနှင့် အပြောအဆိုများက ယုံကြည်ရာအတွက် အရာရာကို ပေးဆပ် ရင်ဆိုင်ရဲကြောင်း နားလည်ရသည်။

စိုးသီဟက ဆက်လက်၍ မေးသည်မှာ

”ဒါနဲ့ ဒီတစ်ခေါက် ဦးစောနိုင်းနိုင်းက ဘာအမှုတဲ့လဲ”

”သန်းရွှေဆီ စာရေးမှု”

”ဟာ.. စာရေးတာနဲ့ပဲ ထောင်ကျရောလား.. သူငယ်ချင်းရာ”

”အေး.. ကျတယ်။ ငါ ပြောပြမယ်။ နားထောင်”

ဟု ဆိုကာ ဦးစောနိုင်းနိုင်း ဇာတ်လမ်းကို ထပ်ပြောပြရပြန်၏။

၁၉၉၉ ခုနှစ် နှင့် ၂၀၀၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများက အတော်လေး လှုပ်လှုပ်ခတ်ခတ် နိုင်လွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်များသို့ သွားကာ စည်းရုံးရေးဆင်းရင်း ပြည်သူများနှင့် တွေ့ဆုံ သည်။ အာဏာပိုင်များဘက်မှလည်း နည်းမျိုးစုံနှင့် အနှောင့်အယှက်ပေးလေသည်။ ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ နှင့် ညောင်တုန်းမြို့နယ် စပ်ကြားတွင် ရှေ့တိုးမရ နောက်ဆုတ်မရဘဲ လမ်းခုလတ်တွင် လမ်းဘေးတွင် ထိုးရပ်နေရသည့် ခရီးစဉ်နှင့် မန္တလေးသို့ ရထားဖြင့် သွားရန် စီစဉ်ရာတွင် ဒေါ်အောင်ဆန်းစုကြည့် စီးမည့် ရထားတွဲကို ချန်လှပ် ထားခဲ့သော ဖြစ်စဉ်များကား ကမ္ဘာ့သတင်းစာများ၏ မျက်နှာဖုံးသတင်းများ ဖြစ်ခဲ့သည်။

”သူ အဖမ်းခံရတာနဲ့ ပတ်သက်လို့ ငါ့ကို ဒီလိုပြောပြတယ် သူငယ်ချင်း။ အဲဒီအချိန်ကာလက အဖမ်းအဆီးတွေက အ ရမ်းများနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်တွေကို စည်းရုံးရေး ထွက်တယ်။ ထွက်တဲ့နေရာမှာ တားဆီး တာတွေ ဒေသခံတွေကို ဖမ်းတာတွေ အပါအဝင် နိုင်ငံရေးအရ ဖိနှိပ်မှုတွေ အရမ်းများနေလို့ ဦးရယ် ဦးစိုးဟန်ရယ် ဦး ထွန်းမြင့်ရယ် ကဗျာဆရာ ဖျာပုံ နီလုံဦးရယ် ကဗျာဆရာ မုံရွာ အောင်ရှင်ရယ်တို့က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးခဲ့ကြတယ်”

”ဒီစာကို ရေးဖို့ ဖြစ်လာပုံက ဒီလို။ ဧရာဝတီတိုင်း အမတ် ကိုဝင်းမြင့်ရဲ့သား ဆုံးသွားလို့ တာမွေက သူ့အိမ်မှာ ဆွမ်း ကျွေးကို သွားကြတာ။ အပြန်မှာ ဦးထွန်းမြင့် (ရုံးအဖွဲ့မှူး. အန်န်အယ်လ်ဒီ) က ကုလသမဂ္ဂကို စာရေးမယ် အခြေအနေ မကောင်းဘူး ဘာညာ ပြောတော့ ဦးက ကုလသမဂ္ဂကို ရေးမနေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သန်းရွှေဆီ ရေးလို့ ဦးက ပြောလိုက်တယ်။ ရေးမယ်ဆိုရင် နက်ဖြန်ကျရင် ကျုပ်အိမ်မှာဆုံကြမယ်လို့ပြောပြီး ကိုယ့်အိမ်မှာ ဆုံကြတယ်။ ပုဇွန်တောင် လမ်း ၅၀က ဦးအိမ်မှာ ဆုံပြီး စာကြမ်း ရေးကြတယ်။ စာမှာ အဓိကပါတာက ဖမ်းဆီး ချုပ်နှောင်မှုတွေကို ဆက်မလုပ်ပဲနဲ့ နိုင်ငံရေးအခြေခံကို တွေ့ဆုံဆွေးနွေးဖို့ ရေးထားတယ်။ အချောသတ်ပြီး မုံရွာအောင်ရှင်ကို တာဝန် ပေးတယ်။ သူက သန်းရွှေဆီ အရောက်ပို့ဖို့ သူ တာဝန်ယူတယ်တဲ့။ ဒါနဲ့ ဦးတို့ လက်မှတ် ထိုးထားတဲ့ စာကို မိတ္တူ သွားကူးတာပေါ့။ သွားကူးတဲ့နေရာက ရန်ကုန် တက္ကသိုလ်ဝင်းထဲက အပန်းဖြေရိပ်သာ RC မှာ ဖွင့်ထားတဲ့ ချိုနွယ်ရဲ့ ဆိုင်မှာ သွားကူးတာ။ ချိုနွယ်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းပဲ ထောင်က ထွက်လာတာ မကြာသေးဘူး။ အဲဒီ စာကို ရေးပြီး နောက်တစ်နေ့မှာ အဖမ်းခံရတာပဲ။ အဲဒီစာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ မရောက်ပါဘူး။ ပို့ တောင် မပို့လိုက်ရဘူး ထင်တယ်”

”အဲဒီတုန်းက မိတ္တူကူးစက်က တော်တော် ရှားတယ်။ တက္ကသိုလ်ထဲက ချိုနွယ်တို့ ဖွင့်ထားတဲ့ ဆိုင်မှာ သွားကူးတာ။ ဆိုင်တွေကလည်း နိုင်ငံရေးနဲ့ ဆိုင်တဲ့စာတွေကို မကူးပေးရဲဘူး။ ကူးပေးရင်လည်း ထောင်ကျမှာ မို့ ကြောက်ကြတယ် လေ။ သွားကူးတာက မုံရွာအောင်ရှင်။ သူ့ကို ဒီစာနဲ့အတူ အဖမ်းခံရတော့ ဦးတို့ လည်း ဆက်တိုက် အဖမ်းခံရတာ ပေါ့လေ။ စစ်ကြောရေးကတော့ သိပ်မကြာပါဘူး။ မင်္ဂလာဒုံ စစ်ကြောရေးမှာ။ နောက် အင်းစိန် တွဲဘက်ထောင်ကို ရောက်သွားတယ်။ ပုဒ်မ ( ၅ည။ ၁၇ / ၁ ။ ၁၇ / ၂၀ ) သုံးခုနဲ့ ၂၁ နှစ် ချခံရတယ်။ တစ်မျိုး ခုနစ်နှစ်နဲ့ သုံးမျိုး ၂၁ နှစ်။ ကိုယ်တို့က ဘာမှလည်း ပုံနှိပ် ထုတ်ဝေတာလည်း မဟုတ်ဘူး။ သန်းရွှေဆီ ပို့ဖို့ ရေးတဲ့ စာအတွက် ချတာ.. လို့ ပြောတယ် သူငယ်ချင်း”

ဟု စိုးသီဟကို ပြန်လည် ဖောက်သည်လေ၏။ ဌေးဝင်း ပြောပြသည်ကို နားထောင်ပြီးနောက် စိုးသီဟသည် သက်ပြင်းရှည်ချပြီး

” နှစ်ဆယ့်တစ်နှစ် ဆိုတော့ တစ်သက်တစ်ကျွန်းထက်တောင် တစ်နှစ်ပိုသေးတယ် နော်။ စာရေးတာကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်တဲ့ သောက် စစ်အစိုးရ. ငါ…. မသား တွေ”

”ဟုတ်တယ် သူငယ်ချင်း။ မောင်ရင် သိတဲ့အတိုင်းပဲလေ။ ခု နိုင်ငံရေး အကျဉ်းသား အားလုံးဟာ တကယ်တော့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်နဲ့ လုပ်ခဲ့တဲ့ အမှုတွေက ဘာမှ မဆိုင်ဘူး မထိုက်တန်လှပါဘူးကွာ။ ဒါပေမဲ့ အာဏာရှင် ဆိုတာက သူတို့မကြိုက်ရင် သူတို့ကို အာဏာ ဖီဆန်တယ်လို့ ယူဆရင် ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတတ်တာဟာ သူတို့ရဲ့ မူပဲလေ ကွာ”

”ဒီကောင်တွေ ဘယ်လောက် ခံနိုင်မလဲကွာ။ ငါတို့ တော်လှန်ရေး တစ်နေ့ ကျိန်းသေ အောင်မြင်ရမယ် သူငယ်ချင်း။ သူငယ်ချင်း မင်းလည်း အားမလျှော့နဲ့။ အားတင်းထား။ သူရဲကောင်းဆိုတာ ဘယ်တော့မှ ရန်သူကို ဒူးထောက် အရှုံးမပေးဘူး တဲ့”

”ဟုတ်တယ်။ ဒါဟာ သမိုင်းတိုင်းမှာ ထင်ကျန်ရစ်ခဲ့တဲ့ ဖြစ်စဉ်တွေပါကွာ။ ဦးလေး ဦးစောနိုင်းနိုင်းတို့ အရင်တစ်ခေါက် အကျဉ်းချခံရစဉ်ကလည်း သန်းရွှေရဲ့ နဝတ အစိုးရကို ကမ္ဘာ့အလယ်မှာ သောက်ရှက် ဗြန်းဗြန်းကွဲအောင် လုပ်ခဲ့ကြတဲ့ သမိုင်း ရှိခဲ့ဖူးတယ်”

ဟု ဌေးဝင်းက ပြောရာ စိုးသီဟက စိတ်ဝင်စားစွာဖြင့်

”ပြောပြ သူငယ်ချင်း”

ဟု တောင်းဆိုပြန်သောကြောင့် ပြောပြခဲ့ရပြန်သည်။

၁၉၉၅ ခုနှစ် ဇူလိုင်လက ဖြစ်၏။ ထောင်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်း အင်အားစု အသီးသီးမှ ပါဝင်ကာ စာတမ်း တစ် စောင်ကို လျှို့ဝှက် ရေးသားကြသည်။ စာတမ်းအမည်မှာ ”ထောင်တွင်း လူ့ အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” ဖြစ်၏။ အဓိက ဦးဆောင် ရေးသားသူမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထိပ်တန်းခေါင်းဆောင် ဦးဝင်တင် ဖြစ်၏။ စာမျက်နှာ ၈၃ မျက်နှာ ရှိ၏။ ယင်းစာတမ်းထဲတွင် ထောင်များနှင့် ရဲဘက်စခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ ဖိနှိပ်ညှဉ်းပန်းမှုများကို အသေးစိတ် ရေးသားထားသည်။ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းစာတမ်းကို ထောင်အပြင်ကို ခိုးထုတ်နိုင်ခဲ့ကြသည်။ ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ဇူလိုင်လ ၁၀ ရက်နေ့တွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။ နောက်ထပ် တိုက်ဆိုင်မှု တစ်ခုမှာ မစ္စတာ ယိုဇိုယိုကိုတာလည်း ရန်ကုန်သို့ ရောက်လာသည်။ ယိုဇိုယိုကိုတာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ အထူးသံတမန် ဖြစ်၏။ ထို့ကြောင့် ယင်းစာတမ်းကို ယိုဇိုယိုကိုတာ လက်ထဲ အရောက် ထည့်ပေးနိုင်ခဲ့သည်။ ထို့ပြင် ထောင်တွင်း နိုင်ငံရေး အင်အားစုများက လက်မှတ်ထိုးကာ ကျင်းပနေသည့် အမျိုးသား ညီလာခံမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှုတ်ထွက်သင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ထံ ပေးပို့ခဲ့သည်။

ယင်းသို့ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဦးစောနိုင်းနိုင်းအပါပဝင် နိုင်ငံရေးသမားကြီး ကိုးယောက်သည် အင်းစိန်ထောင်တွင်းမှ အလွန်တရာ ရက်စက် ကြမ်းကြုတ်လှပါသည် ဆိုသော စစ်ခွေးတိုက်သို့ အပို့ခံလိုက်ရပါ သည်။ သူတို့ ရှစ်ယောက်မှာ (၁) ဦးဝင်းတင်(၂) သတင်းစာဆရာ ဇင်လင်း (၃) ခန်းတွင် ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ လွှတ်တော် ကိုယ်စားလှယ်) (၄) စာရေးဆရာ အယ်ဒီတာ မျိုးမြင့်ငြိမ်း (၅) ဒေါက်တာ ခင်ဇော်ဝင်း (၆) ခန်းတွင် ဒေါက်တာ မြင့်နိုင် (ကန့်ဘလူ လွှတ်တော် ကိုယ်စားလှယ်) (၇) ခန်းတွင် ဦးနိုင်းနိုင်း (ပုဇွန်တောင် မြို့နယ် လွှတ်တော် ကိုယ်စားလှယ်) (၈) ခန်းတွင် ဦးထွန်းဝင်း ( ရခိုင် ကွန်မြူနစ်ပါတီ) တို့ ဖြစ်ကြ၏။

ဌေးဝင်း

(ပြီးပါပြီ ….)

အပိုင်း (၁) ဖတ်ရန်လင့် – https://bit.ly/3an35ot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.