တောင်ကိုရီးယားဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတခုဖြစ်လာနိုင်လား ? (အပိုင်း ၁)

0
165

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီးသည့် ဖေဖော်ဝါရီလဆန်းပိုင်း ကစပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင် များ၏ နှိမ်နင်းမှုကြောင့် ဆန္ဒပြသူပေါင်းအနည်းဆုံး ၁၈ ဦးသေဆုံးခဲ့သည်။ မတ်လ ၃ ရက်တွင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး အနည်းဆုံး လူ ၃၈ ဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဦးကျော်မိုး ထွန်းကလည်း ‘ လိုအပ် သောနည်းလမ်းများအားလုံးအသုံးပြုပြီး မြန်မာစစ်တပ်ကိုအရေးယူဖို့ ’ မြန်မာပြည်သူများ ကိုယ်စား ကုလသမဂ္ဂကို တိုက်တွန်းခဲ့သည်။ အဆိုပါစကားများပြောဆိုပြီးနောက်မှာတော့ တရားဝင်ခန့်အပ်ထားသော သံအမတ်ကြီးဦးကျော်မိုးထွန်းကို နိုင်ငံတော်အာဏာမတရားရယူထားသောစစ်တပ်က အလုပ်မှ ရပ်ဆိုင်းကြောင်း ကြေညာပြီး “ သူခိုးက လူပြန်ဟစ် ” ခဲ့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းကစပြီး မြန်မာနိုင်ငံပြင်ပနိုင်ငံများတွင်လည်း ဒေသတွင်းပဋိပက္ခများ ကြီးထွားလာခဲ့ သည်။ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဒီမိုကရေစီဆန္ဒပြပွဲများပိုမိုပြင်းထန်လာခဲ့ပြီး ဘုရင်စနစ်နှင့် စစ်အစိုးရအား ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဟောင်ကောင်တွင်လည်း ၂၀၁၉ ခုနှစ်မှစတင်ပြီး ဆန္ဒပြပွဲများဖြစ် ပွားခဲ့ပြီး မဲပေးပိုင်ခွင့်နှင့်ပတ်သက်သောတောင်းဆိုမှုနှင့်အတူ ပေကျင်း၏ နိုင်ငံရေးဩဇာကို ဆန့်ကျင်ခဲ့ကြသည်။

အစိုးရနှင့် စစ်တပ်ဆန့်ကျင်သောဆန္ဒပြပွဲများတွင်ပါဝင်နေသည့် မြန်မာ ၊ ထိုင်း နှင့် ဟောင်ကောင် တို့မှ ဆန္ဒပြသူများ ၏ တောင်းဆိုမှုက တူညီနေပြီး ဒီမိုကရေစီဆိုသောအရာတခုတည်းကိုသာ တောင်းဆိုနေကြခြင်းဖြစ်သည်။ တောင်းဆို သူတို့၏အသံကလည်း နေ့စဥ်မြင့်တက်လျက်ရှိသည်။ ဤနေရာတွင် ထည့်သွင်းပြောရမည့် အချက် တချက်က ၎င်းတို့၏ လှုပ်ရှားမှုများသည် ၁၉၆၀ မှ ၁၉၈၀ အထိ “ တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လှုပ်ရှားမှုများ ” နှင့် ဆင်တူနေခြင်းပင်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကိုကြည့်မည်ဆိုပါက တောင်ကိုရီးယားပြည်သူ များ၏ စစ်တပ်ဆန့်ကျင်သော လူထုဆန္ဒပြပွဲများမှတဆင့် အဆင့်မြင့်ဒီမိုကရေစီတောင်းဆိုမှု အောင်မြင်ခဲ့သည်ကို တွေ့ရမည်။

ဤအကြောင်းကြောင့်လည်း လက်ရှိအရှေ့တောင်အာရှနှင့် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုသည် တောင်ကိုရီး ယားဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်နှင့် ဆက်စပ်မှုရှိနေသည်။ ဆန္ဒပြသူများကလည်း တောင်ကိုရီးယား ကို သမိုင်းဝင်စံပြ တခုအဖြစ် တခါတရံရည်ညွှန်းလေ့ရှိသည်။ ဥပမာအားဖြင့် ၅.၁၈ ဂွမ်ဂျူးအရေးအခင်းတွင် သေဆုံး ခဲ့သူများအတွက် အမှတ်တရဖြစ်စေရန်ရည်ညွှန်းဖွဲ့ဆိုခဲ့သော တောင်ကိုရီးယားပြည်သူများ၏ဆန္ဒပြသီချင်းဖြစ်သည့် “ Marching for the Forerunners ” ကို ကန်တုံ နှင့် ဗမာဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုင်းဆန္ဒပြသူများကလည်း တောင်ကိုရီးယားနိုင်ငံ၏ ၁၉၈၇ ဇွန်လ အရေးအခင်းနှင့်ပတ်သက်ပြီး ထိုင်းဆန္ဒပြသူများ၏ကန့်ကွက်စာတစောင်ကို ကိုရီးယားဘာသာဖြင့် တွစ်တာပေါ်တင်ခဲ့သည်။

အမည်မဖော်လိုသော ဟောင်ကောင်အခြေစိုက်နိုင်ငံရေးဝေဖန်သူတဦးကလည်း –

“ A Taxi Driver “ ဒါမှမဟုတ် “ 1987 ” လို ရုပ်ရှင်ဇာတ်ကားတွေကလည်း တောင်ကိုရီးယားမှာ အစိုးရဘယ်လိုအလုပ် လုပ်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး အရုပ်တွေနဲ့အကောင်းဆုံးဖော်ပြနိုင်ခဲ့တယ်လို့ ကျနော်ထင်တယ်။ နောက်ပြီး လူတွေက တူညီတာတွေကို သေသေချာချာမြင်ခဲ့တယ် ” ဟု ပြောသည်။ တောင်ကိုရီးယားဒီမိုကရေစီ အသွင် ကူးပြောင်းရေး လှုပ်ရှားမှုက ရှည်လျားပြီးခါးသီးစရာဖြစ်သော်လည်း စိတ်ရှည်သည်းခံခြင်းက နောက်ဆုံးမှာ အောင်မြင်မှုကို ရရှိနိုင် သည် ဟုလည်း ဝေဖန်ရေးသမားတော်တော်များက သုံးသပ်ကြသည်။

မြန်မာ၊ ထိုင်းနှင့် အခြားနိုင်ငံများမှဆန္ဒပြသူများအကြား တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်အပေါ်စိတ်ဝင်စားမှု နှင့် ရည်ညွှန်းချက်များက မေးခွန်းထုတ်စရာဖြစ်စေသည်။ တောင်ကိုရီးယားအနေဖြင့် ၎င်း၏ ဒီမိုကရေစီကို မည်ကဲ့သို့အောင်မြင်ခဲ့သည်နှင့် ၎င်းအောင်မြင်မှုက အရှေ့တောင်အာရှ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများအတွက် စံပြဖြစ်နိုင်ပါမည်လား. . . . .?

တောင်ကိုရီးယား၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှု

၁၉၄၅ ခုနှစ်တွင် ဂျပန်အင်ပါယာကိုစစ်ရှုံးနိမ့်ပြီးနောက် အမေရိကန်က ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကိုသိမ်းပိုက်ခဲ့ သည်။ ကိုလိုနီခေတ်အတွင်း လွတ်လပ်သောတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Syngman Rhee ဦးဆောင်သော အမည်ခံဒီမိုကရေစီအစိုးရတရပ်ကိုတည်ထောင်ခဲ့ကြသည်။ သို့သော်ကိုရီးယားစစ်ပွဲက တောင်ကိုရီးယားနိုင်ငံရေး သမားများအကြား ပြင်းထန်သောကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုဖြစ်ပေါ်စေခဲ့ပြီး Rhee ၏ ၁၂ နှစ်သက်တမ်း ရှည်ကြာစေမည့် တင်းကျပ်သောသက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ဖြစ်ပေါ်စေခဲ့သည်။

၁၉၆၀ ရွေးကောက်ပွဲမဲမသမာမှုအပြီး အာဏာရှင်စနစ်အဆုံးသတ်သွားခဲ့သည်။ ၄ ကြိမ်မြောက်သမ္မတအဖြစ် ရွေး ကောက်တင်မြှောက်ခံရသော Rhee ၏ ရွေးကောက်ပွဲရလဒ်ကို တောင်ကိုရီးယားပြည်သူများကကန့်ကွက်ခဲ့ပြီး နှုတ် ထွက်ပေးရန်တောင်းဆိုခဲ့ကြသည်။ ၄.၁၉ တော်လှန်ရေးဟုနာမည်တွင်ခဲ့သော အဆိုပါတော်လှန်ရေးဆန္ဒပြပွဲက တောင်ကိုရီးယားပြည်သူများ၏ အောင်မြင်မှုတရပ်ဖြစ်ခဲ့သည်။ Rhee လည်း ရာထူးမှဆင်းခဲ့ပြီး ဟာဝိုင်ယီတွင် ခိုလှုံခွင့်တောင်းခံနေချိန်မှာပင် ဒုတိယမြောက်သမ္မတနိုင်ငံအဖြစ်လူသိများသော ဒီမိုကရေစီအစိုးရသစ်တရပ်ကို တည် ထောင်ခဲ့ကြသည်။ ၄ . ၁၉ တော်လှန်ရေးသည် တောင်ကိုရီးယားဒီမိုကရေစီ၏အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ခံခဲ့ရ သည်။ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း “ မတရားမှုများကိုဆန့်ကျင်သော ၁၉၆၀ ၊ ၄ . ၁၉ တော်လှန် ရေး၏ ဒီမိုကရက်တစ်နှုန်းစံများကို အားပေးထောက်ခံသွားမည် ”ဟု ဖော်ပြထားသည်။

သို့သော်လည်း ဒုတိယသမ္မတနိုင်ငံ၏ ဒီမိုကရက်တစ်အစိုးရအား ဗိုလ်ချုပ် Park Chung-hee ခေါင်းဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သောကြောင့် တနှစ်သာကြာခဲ့သည်။ ၁၉၆၃ သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် အာဏာရလာသော Park က တတိယသမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြန်သည်။ ၁၉၇၉ လုပ်ကြံသတ်ဖြတ်ခြင်း မခံရခင်အချိန်အထိ ၁၆ နှစ်ကြာ ပါ့ခ်ဦးဆောင်သောအစိုးရက တောင်ကိုရီးယားနိုင်ငံကိုအုပ်ချုပ်ခဲ့သည်။

တောင်ကိုရီးယား၏ လျင်မြန်သောစီးပွားရေးတိုးတက်မှုကို သမ္မတပါခ့်ကကြီးကြပ်ခဲ့သော်လည်း တောင်ကိုရီးယား ဒီမိုက‌ရေစီပျက်စီးခဲ့သည့်အတွက်ကြောင့်လည်း ပါခ့်သည်ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ ဥပမာအားဖြင့် ၁၉၇၂ အောက်တိုဘာ ပြန်လည်ထူထောင်ရေးအတွက် Yushin စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး သွယ်ဝိုက်သောရွေးကောက်ပွဲစနစ်ဖြင့် သမ္မတအားအကန့်အသတ်မဲ့အာဏာပေးအပ်ခဲ့သည်။ Yushin အုပ်ချုပ်ရေး (သို့မဟုတ်) စတုတ္ထသမ္မတနိုင်ငံကို တောင်ကိုရီးယားဒီမိုကရေစီအမှောင်ခေတ်အဖြစ် လူသိများ ခဲ့သည်။ ဒီမိုကရေစီလှုပ်ရှားမှုကြီးဖြစ်သော ၁၉၇၉ ဘူဆန်နှင့် မာဆန် ဆန္ဒပြပွဲများကို အင်အားသုံးနှိမ်နင်းခဲ့ပြီး မီဒီယာများကို အကြီးအကျယ် ဆင်ဆာဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်။

၁၉၇၉ အောက်တိုဘာတွင် ပါခ့်လုပ်ကြံခံရပြီးနောက် ဗိုလ်ချုပ် Chun Doo-hwan ဦးဆောင်သောစစ်တပ်က ထိုနှစ် ဒီဇင်ဘာလမှာပင် နောက်ထပ်အာဏာသိမ်းခဲ့ပြန်သည်။ အဆိုပါအာဏာသိမ်းမှုကလည်း တောင်ကိုရီးယား ပြည်သူ များ၏ ဒီမိုကရေစီတောင်းဆိုမှုများ၊ လူထုဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါတောင်းဆိုဆန္ဒပြပွဲများကို စစ်တပ်ကပြင်း ပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ ၁၉၈၀ ၊ မေလ ၁၈ ရက် ဂွမ်ဂျူးအရေးအခင်းကြောင့် အရပ်သား ၁၆၅ ယောက်သေဆုံးခဲ့သည်။ ပါ့ခ်ကဲ့သို့ပင် ချန်လည်းသမ္မတဖြစ်လာခဲ့ပြီး ပဥ္စမမြောက်သမ္မတနိုင်ငံဟုလူသိများသော အစိုးရသစ်တရပ်ကို တည်ထောင်ခဲ့ပြန်သည်။

ဒီမိုကရေစီဆန္ဒပြပွဲများကို စစ်တပ်ကဖိနှိပ်သော်လည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာလာသည်နှင့်အမျှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တောင်းဆိုမှုမြှင့်တက်လာသကဲ့သို့ တိုက်ရိုက်ရွေးကောက်ပွဲစနစ်တောင်းဆိုမှုလည်း မြှင့်တက်လာခဲ့သည်။ ချန်၏ သမ္မတသက်တမ်းမကုန်ဆုံးခင်တနှစ်အလို ၁၉၈၇ ၊ ဇွန်လအရေးအခင်းကြီး တနိုင်ငံလုံး အတိုင်းအတာြဖင့် ဖြစ်ပွားခဲ့လေသည်။ ဇွန်လအရေးအခင်းက တောင်ကိုရီးယားပြည်သူတို့၏ နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့ပြီး ၎င်းတို့၏ရည်မှန်းချက်အောင်မြင်ခဲ့သည်။ ချန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်အနေဖြင့် တိုက်ရိုက်ရွေးကောက်ပွဲစနစ်ကိုအာမခံရန်နှင့် သမ္မတအားပြန်လည်ခန့်အပ်ခြင်းကို ကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ထို့နောက်မှာတော့ ဆဋ္ဌမသမ္မတနိုင်ငံဟုလူသိများသော လက်ရှိဒီမိုကရေစီအစိုးရကို တည်ထောင်ခဲ့ပြီး ချန်လည်း အငြိမ်းစားယူခဲ့လေတော့သည်။

ကြည်ဖြူစံ

The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် Choi Seong Hyeon ၏ Can Southeast Asia Follow South Korea’s Democratization Model? ကို ဆီလျော်အောင်ပြန်လည်ရေးသားသည်။

အပိုင်း (၂) ဆက်ရန် ….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.