တောင်ကိုရီးယားဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတခုဖြစ်လာနိုင်လား ? အပိုင်း (၂)

0
210

တောင်ကိုရီးယားနည်းလမ်းဖြင့် အရှေ့တောင်အာရှဒီမိုကရေစီအတွက်ဖြစ်နိုင်ခြေ

တောင်ကိုရီးယားဒီမိုကရေစီသည် ၂၇ နှစ်တာကြာမြင့်ခဲ့သော ဒီမိုကရေစီဆန္ဒပြမှုများနှင့် တက်ကြွလှုပ်ရှားမှုများ၏ ရလဒ်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများက တောင်ကိုရီးယားနိုင်ငံ၏ တရားမျှတသောရွေး ကောက်ပွဲအတွက် ပြည်သူလူထု၏ တောင်းဆိုနိုင်မှုစွမ်းအားက အာဏာရှင်အစိုးရများအား လစ်ဘရယ်ဒီမိုကရေစီ အစိုးရအဖြစ် မည်သို့မည်ပုံပြောင်းလဲနိုင်ကြောင်း ဥပမာတခုအနေဖြင့် ဖော်ပြခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်က မကြာသေးခင်ကဖြစ်ပွားခဲ့သော အရှေ့တောင်အာရှနိုင်ငံ၏ဖြစ်စဥ်နှင့် တူညီနေသည်။ အတိတ်က တောင်ကိုရီးယားနှင့် လက်ရှိ မြန်မာ ၊ ထိုင်း ၂ နိုင်ငံစလုံးတွင် တရားမျှတသော ရွေး ကောက်ပွဲမှ တဆင့် ခေါင်းဆောင်များကိုရွေးချယ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် လူထုစိတ်ဝင်စားမှု တိုးလာ သည်။ ဆန္ဒပြပွဲများတွင် အစိုးရဆိုသူများက မျက်ရည်ယိုဗုံး ၊ မီးသတ်ပိုက် နှင့် ယုတ်ဆွအဆုံး ကျည်အစစ်များကို အသုံးပြုပြီး ဆန္ဒပြသူများအပေါ် ရုပ်ပိုင်းဆိုင်ရာနှိပ်ကွပ်မှုများပြုလုပ်ခဲ့ကြသည်။ အရပ်သားများအပေါ် အကြမ်းဖက်မှု နှင့် ပတ်သက်ပြီး အမေရိကန်က မြန်မာစစ်တပ်ကို သတိပေးပြောဆိုထားသလို လူ့အခွင့်အရေး နှင့် ဒီမိုကရက်တစ် လွတ်လပ်ခွင့်များကို လေးစားလိုက်နာရန် နိုင်ငံတကာအသိုင်းအဝိုင်းမှဖိအားပေးမှုများ ပိုတိုးလာသည်။ ရေရှည်မှာ တော့ အရှေ့တောင်အာရှဆန္ဒပြပွဲများသည် ၁၉၈၇ တောင်ကိုရီးယားရလဒ်များအတိုင်း ရလာနိုင်သည်။

သို့သော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သော အရှေ့တောင်အာရှဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်စေနိုင် သော အဓိကကွဲပြားခြားနားချက် ၂ ခုရှိနေသေးသည်။ ပထမဆုံးအချက်မှာ ဒီမိုကရေစီအပေါ် ဘယ်လိုသဘောထား ဆက်ဆံသလဲဆိုသောအကြောင်းပေါ်မူတည်ပြီး တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံတို့၏ ကွဲပြားခြားနားမှု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အေးကာလအတွင်း အမေရိကန်နှင့် ကွန်မြူနစ်ဆန့်ကျင်ရေးဩဇာကြောင့် ဒီမို ကရေစီသည် တောင်ကိုရီးယားလူထုအကြား အမြစ်တွယ်ခဲ့သောကြောင့်ဖြစ်သည်။ တောင်ကိုရီးယား ခေါင်းဆောင် များ မြောက်ကိုရီးယားနှင့် ကွန်မြူနစ်ခြိမ်းခြောက်မှုများအတွက် ဒီမိုကရေစီနှုန်းစံများကိုအလေးပေးဖို့ လိုအပ်လေ သည်။

အရှေ့တောင်အာရှအာဏာရှင်အစိုးရများသည် ဒီမိုကရေစီထက် အခြားနည်းလမ်းများဖြင့် သူတို့ကိုယ်သူတို့ တရားမျှတမှုရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအောက် နေထိုင်ခဲ့ရ သည်။ ၂၀၀၀ ခုနှစ်၏ ပထမဆယ်စုနှစ်များတွင် စစ်တပ်မှ အရပ်သားအစိုးရသို့ အရပ်သားအစိုးရ အသွင်ကူးပြောင်းမှု စတင်ခဲ့သည့်တိုင် ပြည်တွင်းနိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်ခွင့် ယူထားပြီးဖြစ်သည်။ စစ်တပ်ကရေးဆွဲထား သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ပြည်ထောင်စုဩဇာအာဏာတွင် ၂၅ ရာခိုင်နှုန်းခန့်အပ် ခွင့်ပြုထား သည်။ စစ်တပ်ဩဇာ လွှမ်းမိုးမှုမှ တရားမျှတသောတိုက်ရီုက်ရွေးကောက်ပွဲများအားခွင့်ပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျော်ဖြတ်ရန်မဖြစ်နိုင်ပေ။ မြန်မာ့ပြည်တွင်းရေးတွင် စစ်မှန်သောဒီမိုကရေစီအမြစ်တွယ်ရန်အတွက် နေရာအကန့်အသတ်ရှိနေသည်။

ထိုင်းတွင် ၁၉၇၃ ခုနှစ်၌ Siamese တော်လှန်ရေးပေါ်ပေါက်လာပြီး ထိုင်းဒီမိုကရေစီအစဥ်အလာစတင်ခဲ့သော်လည်း ဗျူရိုကရက်များနှင့် စစ်တပ်အကြား နိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီး ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ မကြာ ခဏ အာဏာသိမ်းခြင်းကနည်းလမ်းတခုဖြစ်လာပြီး ဒီမိုကရေစီရွေးကောက်ပွဲရလဒ်များ မကြာခဏပျက်ပြားခဲ့ရ သည်။ ထိုင်းနိုင်ငံတွင်အာဏာသိမ်းမှု ၁၃ ကြိမ်အထိရှိခဲ့ပြီး လက်ရှိအာဏာရထားသော ဗိုလ်ချုပ်ပရာယွတ်က ၂၀၁၄ တွင် အာဏာသိမ်းခဲ့သည်။ ထိုင်းနိုင်ငံဘုရင်စနစ်သည် အခြားသော ဗြိတိန် (သို့မဟုတ်)ဂျပန်ကဲ့သို့သော ဘုရင်စနစ်နှင့် မတူဘဲ ထိုင်း ဘုရင်စနစ်က ပြည်တွင်းနိုင်ငံရေးစနစ်တွင် ခိုင်မာသောအခန်းကဏ္ဍမှ ရှိနေသည်။ ထိုင်းနိုင်ငံရှိ စစ် အာဏာရှင်တို့သည် ၎င်းတို့တရားဝင်မှု၏အရင်းအမြစ်တခုဖြစ်သည့် တော်ဝင်အချုပ်အခြာအာဏာပိုင်များ၏ ခွင့်ပြု ချက်ကို အားကိုးနေရသည်။ လူထုတောင်းဆိုချက်များသည် အစိုးရ၏တရားဝင်မှုကို သေချာပေါက် စိန်ခေါ်နိုင်စွမ်း မရှိသောကြောင့် ဒီမိုကရေစီ တောင်းဆိုမှုများ လွယ်လွယ်ကူကူလစ်လျူရှုခံနေရသည်။

ဒုတိယအချက်မှာ ၁၉၈၀ ခုနှစ် အရှေ့မြောက်အာရှ နှင့် ၂၀၂၀ အရှေ့တောင်အာရှအကြားက သိသိသာသာကွာခြား ချက်ဖြစ်သည်။ ဇွန်လအရေးအခင်းက စစ်အေးတိုက်ပွဲမပြီးဆုံးခင် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီးယားအနေဖြင့် ၁၉၉၀ အစောပိုင်းကလအထိ တရုတ်၊ ဆိုဗီယက်ယူနီယံတို့နှင့် သံတမန်ဆက်ဆံရေးမထူထောင်ခဲ့ပေ။ ကွန်မြူနစ်အုပ်စုအား ဆန့်ကျင်ရန် ၎င်း၏လုံခြုံရေးအတွက် အမေရိကန်ကို အားကိုးခဲ့သည်။ ထို့ကြောင့် အာဏာရှင်အစိုးရများသည် ၎င်းတို့ အာဏာကိုထိန်းသိမ်းရန်အတွက် အမေရိကန်ထောက်ခံမှုလိုအပ်သည်။ ချန်အနေဖြင့် သူ၏အာဏာလက်လွှတ်ခဲ့ရ ခြင်း ၏အကြောင်းတခုမှာ ဝါရှင်တန်ထောက်ခံမှုဆုံးရှုံးသွားသောကြောင့်ဖြစ်သည်။ ဇွန်လအရေးအခင်းကာလအတွင်း အရပ်သားများ အားအင်အားသုံးခြင်းနှင့် တောင်ကိုရီးယားတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တွန်းအား ပေးရန် လွှတ်တော်အမတ်များအား ရေဂင်အစိုးရက ဖိအားပေးခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယားအစိုးရအတွက် ရွေးချယ်စရာ အနည်းငယ်သာရှိ၍ ဒီမိုကရေစီတောင်းဆိုမှုများကို လက်ခံရန်လိုအပ်သည်။ ထို့အတူ အမေရိကန်၏ ထောက်ခံမှု ဆုံးရှုံးခြင်းသည် မြောက်ပိုင်းလုံခြုံရေးကိုလည်းထိခိုက်စေသည်။

ဆန့်ကျင်ဘက်အားဖြင့် လက်ရှိအရှေ့တောင်အာရှဒေသသည် အမေရိကန်နှင့် တရုတ်အကြားက အားပြိုင်မှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဖြစ်သည်။ စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ ဒေသတွင်းတရုတ်ဩဇာြမှင့်တက်လာပြီး ပေကျင်း သည် ၎င်း၏အိမ်နီးချင်းနိုင်ငံများအားကျော်လွန်ပြီး အာရှ – ပစိဖိတ်ဒေသတွင် အမေရိကန်တည်ရှိမှုကို စိန်ခေါ်လာခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချို့သောလေ့လာသုံးသပ်သူအချို့ကလည်း တရုတ်သည် စစ်တပ်ထက်ပိုပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုပိုပြီး အလေးထားလိမ့်မည်ဟု ထောက်ပြကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ချန်ဟိုင်းကလည်း မြန်မာနိုင်ငံ၏နိုင်ငံရေးပဋိပက္ခများသည် တရုတ်မြင်ချင်သောအရာများမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအစား တည်ငြိမ်အေးချမ်းမှုကိုသာလိုလားသည် ဟုဆိုသည်။ စစ်အာဏာသိမ်းမှု နှင့် CDM လှုပ် ရှားမှု ၂ ခုစလုံးက တရုတ်အတွက်မတည်ငြိမ်မှု၏အရင်းအမြစ်အဖြစ် ရှုမြင်သည်။ တရုတ်အစိုးရအနေဖြင့် အာဏာ သိမ်းမှုကိုရှုတ်ချကန့်ကွက်သော UN လုံခြုံရေးကောင်စီ၏ ကြေညာချက်ကိုပိတ်ပင်ခဲ့ပြီး စကစ၏ အကြမ်းဖက်မှု များကို တားဆီးရန်အတွက် တက်ကြွသောလှုပ်ရှားမှုများကိုလည်း ပြသခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင်း ပြည်တွင်း တည်ငြိမ်မှု (သို့မဟုတ်) အခြားအရှေ့တောင်အာရှအိမ်နီးချင်းများပိုပြီးပြင်းထန်လာပါက တရုတ်အနေဖြင့် အာဏာရှင် အစိုးရအားပံ့ ပိုးရန်ရွေးချယ်နိုင်သည်။ ထို့ကြောင့် အာဏာရှင်အစိုးရများသည် အမေရိကန်ထံမှ ယုံကြည်မှု ဆုံးရှုံး ရလျှင်တောင်မှ တရုတ်ထံမှထောက်ခံမှုရယူနိုင်သည်။

အာရှ၏ဒီမိုကရေစီအနာဂတ်

တောင်ကိုရီးယား၏ ဒီမိုကရေစီသည် လူထုတောင်းဆိုမှုကြောင့်သာမက အစိုးရ၏တရားဝင်မှုရှာဖွေခြင်း နှင့် ပြင်ပ ပါဝါ အပေါ်မှီခိုအားထားမှုတို့ကြောင့် ဖြစ်နိုင်ခဲ့သည်။ အရှေ့တောင်အာရှသည် လက်ရှိတွင် အလားတူ ပုံစံဖြတ်သန်း နေသော်လည်း တောင်ကိုရီးယားနှင့် ကွဲလွဲမှုများသည် ဒေသတွင်းဒီမိုကရေစီအတွက် စိန်ခေါ်မှုများပိုမိုဖြစ်လာစေနိုင် သည်။ တောင်ကိုရီးယားသည် အရှေ့တောင်အာရှ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စံပြဖြစ်နိုင်သော်လည်း ထိုတခုတည်းနှင့်တော့မဖြစ်သင့်ပါ။ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်တို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဥ်များသည် အရှေ့တောင်အာရှအတွက် ဥပမာကောင်းများဖြစ်သည်။ အွန်လိုင်းပလက်ဖောင်းများကိုအသုံးပြု၍ ဒီမိုကရေစီ လှုပ်ရှားမှုပုံစံသစ် “ Milk Tea Alliance ” က အောင်မြင်မှုများပေးစွမ်းနိုင်သည်။

သို့သော်လည်း အရှေ့တောင်အာရှ၏ အာဏာရှင်နိုင်ငံများအနေဖြင့် ဒီမိုကရေစီကို ဘယ်လောက်မြန်မြန် လိုချင် သနည်း? ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ လက်ရှိအခြေအနေအရ နောင်လာမည့်နှစ်များတွင် ပိုပြီး ခက်ခဲသောရုန်းကန်မှုနှင့် ဝေဒနာများ ရှိလာလိမ့်ဦးမည်သာ ဖြစ်တော့သည်။

ကြည်ဖြူစံ

The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် Choi Seong Hyeon ၏ Can Southeast Asia Follow South Korea’s Democratization Model? ကို ဆီလျော်အောင်ပြန်လည်ရေးသားသည်။

အပိုင်း (၁) ဖတ်ရန် – https://bit.ly/3AtYkEg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.