အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးရေးဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံ UEC ကျင်းပရန်ပြင်ဆင်

0
125

ရန်ကုန်၊ အောက်တိုဘာ ၁၄

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေပြီး အချိုးကျကိုယ်စားပြုစနစ် (PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို လာမည့်နိုဝင်ဘာလ ပထမအပတ်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး စိတ်ပါဝင်စားတဲ့ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့တွေ တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ကျင်းပမည့်နေ့ရက်၊ နေရာနှင့် အချိန်ကို အတိအကျမဖော်ပြထားဘဲ တက်ရောက် ဆွေးနွေးလိုသော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်သလို ဆွေးနွေးမည့်စာတမ်းကိုလည်း ကြိုတင်ပေးပို့ရမယ်လို့ဆိုပါတယ်။

၂၀၁၀ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှာ တဖန်ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူ (FPTP)စနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲမသမာမှုအပြင် ကြိုတင်မဲဆိုင်ရာအငြင်းပွားမှုတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာအတော်များများအနိုင်ရခဲ့ကာ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။



ယခင်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးနေတဲ့ FPTP စနစ်ဟာလည်း ယခင်စစ်အစိုးရက ဦးစီးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေကို အခြေခံပြီး ယင်းကာလက စစ်အစိုးရဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

“အချိုးကျကိုယ်စားပြုစနစ်ဆိုတာက ကျယ်ပြန့်သလို အများပြည်သူနားလည်စွာ ကျင့်သုံးနိုင်ဖို့ကလည်း အတော်ကို ပြင်ဆင်ရမယ့်ကိစ္စဖြစ်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုကတော့ သူနဲ့ဆက်စပ်တဲ့ပါတီတွေ၊ သူ့လက်အောက်ခံပါတီတွေ နေရာရ ရေးကို လုပ်ဆောင်ဖို့ ပြင်ဆင်တဲ့ အနေနဲ့လုပ်တယ်လို့ မြင်ပါတယ်”လို့ ရွေးကောက်ပွဲစနစ်များလေ့လာနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေတဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ နေရာအများစု အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့က လက်မခံကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက သံလွင်တိုင်းမ်ကို ပြောဆိုထားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.